လူ့ခန္ဓာကိုယ်အတွက် အရည်ဓာတ်ရရှိဖို့ ရေအပြင် ကော်ဖီနဲ့လက်ဖက်ရည်က သောက်ဖို့ အသင့်တော်ဆုံး ဖျော်ရည်တွေ ဖြစ်ပါတယ်။ သူတို့နှစ်မျိုးစလုံးက ကျန်းမာရေးအတွက် အောက်ပါအတိုင်း အကျိုးများစွာ ရရှိနိုင်တဲ့အတွက် coffemix , teamix အထုပ်တွေ စျေးကြီးတယ်ဆိုရင်လည်း ကော်ဖီမှုန့်၊ လက်ဖက်ခြောက်တွေကို အသုံးပြုပြီး အိမ်မှာ ဖျော်သောက်လို့ ရပါတယ်။
ကော်ဖီ
ကော်ဖီပင်က ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာ ပေါက်လေ့ရှိပြီး ကော်ဖီစေ့ကိုလှော်ပြီး အမှုန့်ကြိတ်ကာ ရေနွေးနဲ့နှပ်ပြီး မိမိကြိုက်နှစ်သက်သလို နို့၊ သကြားရောပြီးသောက်နိုင်သလို ဘာနဲ့မှ မရောစပ်ပဲ black ကော်ဖီအနေနဲ့လည်း သောက်နိုင်ပါတယ်။
လက်ဖက်ရည်
လက်ဖက်ရည်ကိုတော့ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်က သောက်ကြလေ့ရှိပြီး လက်ဖက်ရွက်ကို ရေနွေးဆူဆူနဲ့ မိနစ်အငယ်းခန့် ပြုတ်ပြီး အအေးခံကာ သောက်သုံးနိုင်ပါတယ်။
Green, Oolong, Black tea က ဘယ်လို ကွာခြားမှုရှိသလဲ။
လက်ဖက်ရွက်ထဲက အဆီတွေ ကုန်စင်သွားအောင် အခြောက်ခံပြီး ကြိတ်ခြေရတဲ့ အခါမှာ လေနဲ့ ထိတွေ့ရပါတယ်။ ဒီ ဖြစ်စဉ်ကို Fermentation လို့ခေါပြီး သူ့ကြောင့် လက်ဖက်က အညိုရောင်သန်းကာ အနံ့မွှေးလာပါတယ်။ fermentation လုပ်ချိန် ကြာလေလေ ကဖင်းဓာတ်ပိုရလေလေပါ။ Green tea က fermentatonမပြုလုပ်ထားတဲ့ လက်ဖက်ရွက်ကို အသုံးပြုထားတာကြောင့် သူ့မှာ ကဖင်းက မပါသလောက်ပါ။ Oolong tea ကတော့ အချိန် အနည်းငယ်ခန့်သာ fermentation ပြုလုပ်ရပြီး Black tea ကတော့ fermentation ပြုလုပ်ရချိန် အကြာဆုံး ဖြစ်ပါတယ်။
ဓာတ်တိုးပစ္စည်းဆိုသည်မှာ
ဓာတ်တိုးပစ္စည်းဆိုတာက ဆဲလ်တွေကို ဖျက်ဆီးပြီး ရောဂါရစေနိုင်ပါတယ်။ ခန္ဓာကိုယ်က တစ်ချို့အစာကို စွမ်းအင်အဖြစ် ပြောင်းလဲတဲ့အခါနဲ့ အရေပြားနဲ့ နေရောင်ခြည် ထိတွေတဲ့ အခါတွေမှာ ဓာတ်တိုးပစ္စည်းတွေကို ထွက်လာပါတယ်။ မိမိစားလိုက်တဲ့ အစားအစာနဲ့ ဖျော်ရည်တွေကြောင့်လည်း ဓာတ်တိုးပစ္စည်း ထွက်လာနိုင်ပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ် နိုင်ပါတယ်။
အမျိုးအစား(၂) ဆီးချိုရောဂါ။
ကော်ဖီနဲ့ လက်ဖက်ရည် နှစ်မျိုးစလုံးက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းပါးတာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးတွင်းသကြားပမာဏ လျော့နည်းကာ တည်ငြိမ်မှုရှိအောင်ကူညီနိုင်ပြီး လက်ဖက်ရည်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးထဲက သကြားတွေကို ခန္ဓာကိုယ်က အသုံးပြုနိုင်အောင် ကူညီပေးနိုင်တာကြောင့်ပါ။
ပါကင်ဆန်ရောဂါ
ကော်ဖီနဲ့ လက်ဖက်ရည်က ဦးနှောက်ဆဲလ်တွေကိုတိုက်ခိုက်ဖျက်ဆီးပြီး ခန္ဓာကိုယ်ရွေးလျားရအခက်အခဲ ဖြစ်စေတဲ့ ပါကင်ဆန်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ချို့အရ ကော်ဖီက ပါကင်ဆန်ရောဂါရဲ့ စောစောပိုင်းဖြစ်ပေါ်တဲ့ လက္ခဏာတွေ ပျောက်ကင်းနိုင်တယ်လို့ တွေ့ရှိထားပြီး တစ်ချို့လေ့လာမှုမှာ ကော်ဖီနဲ့ လက်ဖက်ရည်က ပါကင်ဆန်ရောဂါ မဖြစ်အောင် ဦးနှောက်ကို ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
နှလုံးရောဂါ
ဆရာဝန်တွေက ယခင်တုန်းက ကော်ဖီနဲ့ လက်ဖက်ရည်မှာ ကဖင်းပါဝင်မှု များတာကြောင့် အသင့်အတင့်သာသောက်သင့်တယ်လို့ အကြံပေးထားကြပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ သူတို့ရဲ့ အကျိုးကျေးဇူး တွေကို သိလာကြပြီ ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ကော်ဖီကို နေ့စဉ် ၃ ခွက်မှ ၅ ခွက် သောက်သူတွေက နှလုံးသွေးကြောအတွင်း ကယ်ဆီယမ် စုဆောင်းမှု နည်းပါးနိုင်တဲ့အတွက် နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပါးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
အသည်းရောဂါ
တစ်နေ့ကို ကော်ဖီ သုံးခွက်ထက် ပိုသောက်သူတွေက နာတာရှည် အသည်းရောဂါ၊ အသည်းအမာရွတ် ဖုံးရောဂါနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးနိုင်တယ်လို့ သိရပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ဓာတုပစ္စည်း အမျိုးအစားပေါင်း ၁၀၀ ကျော်ရဲ့ အစွမ်းကြောင့်လို့ သိပ္ပံ ပညာရှင်တွေက ထင်မှတ် ကြပါတယ်။
လေဖြတ်ခြင်း
ဦးနှေက်အတွင်း သွေးစီးဆင်းမှုက တစ်နေရာရာမှာ ပြတ်တောက်သွားရင် လေဖြတ်တတ်ပါတယ်။ နေ့စဉ် ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် သောက်တာကြောင့် လေဖြတ်နိုင်ခြေ လျော့နည်း နိုင်ပါတယ်။ ကော်ဖီက ရောင်ရမ်းမှုကို လျော့ချပေးပြီး သွေးတွင်းသကြားပမာဏကို ထိန်းချုပ် နိုင်တာကြောင့်ပါ။ လက်ဖက်ရည်သောက်တာကြောင့် သွေးဖိအား ကျဆင်းနိုင်တဲ့အတွက် လေဖြတ်နိုင်ခြေ နည်းရတာ ဖြစ်ပါတယ်။
ကင်ဆာရောဂါ
ကော်ဖီနဲ့ လက်ဖက်ရည်ကြမ်းက သားမြတ်နဲ့ ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး လက်ဖက်ရည် အမျိုးအစား အားလုံးက မမျိုးဥအိမ်နဲ့ အစာအိမ်ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ လက်ဖက်ရည်မှာပါဝင်တဲ့ ပေါ်လီဖနောအပါအဝင် များစွာသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့်လို့ သုတေသီတွေက ထင်မှတ်ကြပါတယ်။
အယ်ဇိုင်းမားရောဂါ
ဒီရောဂါက ဦးနှောက်အာရုံကြောဆဲလ်တွေကို တိုက်ခိုက်တာကြောင့် မှတ်ဉာဏ် ဆုံးရှုံးကာ အပြုအမူတွေ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ဦးနှောက်အာရုံကြောဆဲလ်တွေကို ကာကွယ်ပေးနိုင်ပြီး Green tea က ဒီရောဂါ ဖြစ်စေနိုင်တဲ့ ဦးနှောက်အတွင်း ပရိုတင်း စုဆောင်းမှု မရှိအောင် ကာကွယ်ပေးပါတယ်။
သည်းခြေအိတ် ကျောက်တည်ခြင်း
သည်းခြေ ကျောက်ဆိုတာက အစာခြေဖို့ကို ကူညီနိုင်တဲ့ ဝမ်းဗိုက်အတွင်းက သစ်တော်သီး ပုံသဏ္ဌာန် သဲခြေအိတ်ထဲက ကိုလက်စတရော အမာခဲငယ်လေးတွေ ဖြစ်ပါတယ်။ ဒီကျောက်တွေကြောင့် တစ်ခါတလေမှာ ဝမ်းဗိုက် အလွန်အမင်း နာကျင်နိုင်ပါတယ်။ ကော်ဖီက သည်းခြေကျောက် မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သည်းခြေအိတ်အတွင်း အရည်တွေ ရွေ့လျားလည်ပတ်နိုင်အောင် ကူညီပေးတဲ့အတွက် သည်းခြေကျောက် ဖြစ်လောက်အောင် ကိုလက်စတရောတွေ အနယ်မထိုင်နိုင်တော့တာကြောင့်ပါ။
ဝိတ်ကျခြင်း
အချိုရည်တွေအစား ကော်ဖီနဲ့ လက်ဖက်ရည် သောက်တာက ဝိတ်ကျဖို့ လွယ်ကူနိုင်ပါတယ်။ သကြားနဲ့ နွားနို့ကို ထည့်မသောက်ရင် ကယ်လိုရီက မပါဝင်သလောက်ပါ။
အလွန်အမင်းမသောက်ပါနဲ့
ကော်ဖီနဲ့ လက်ဖက်ရည်က ကျန်းမာရေးအတွက် အကျိုးများစွာ ရှိတယ်လို့ ဆိုပေမဲ့ ကော်ဖီသောက်တဲ့ ပမာဏ များလွန်းရင် စိုးရိမ်စိတ်များလွန်းတာ၊ ဒေါသထွက်လွယ်တာတွေ ဖြစ်တတ်င်္ပြး အိပ်ပျော်ဖို့ ခက်ခဲနိုင်ပါတယ်။ ကဖင်းကြောင့် ကိုယ်တွင်း ကယ်ဆီယမ် လျော့နည်းသွားနိုင်တာကြောင့်လည်း အရိုးကျိုးနိုင်ခြေ မြင့်မားနိုင်ပါတယ်။