ကံ၊ စိတ်၊ ဥတု၊ အာဟာရ

ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည် နေထိုင်နိုင်ရန် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရားလေးပါးပေါ်တွင် မူတည်နေသည်ဟု ဗုဒ္ဓဘုရားက ဟောကြားတော်မူခဲ့၏။ မှန်ပါသည်။ ယခုခေတ်ဆေးပညာ၏ အသက် ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းများသည်လည်း ဘုရားဟောကြားသည့် အချက်များနှင့် ကိုက်ညီနေပါသည်။

ကံဆိုသည်မှာ အလုပ်ဖြစ်၍ ရှေးယခင် အတိတ်ဘဝက မိမိပြုလုပ်ပျိုး ထောင်ခဲ့ခြင်းနှင့် ယခု ပစ္စုပ္ပန်ကာလ၌ ပြုလုပ်ခဲ့ခြင်းတို့ကို ဆိုလိုသည်။ သီလမြဲမြံစွာဆောက်တည်သူ၊ အထူးသဖြင့် ပါဏာတိပါတကံကို လုံခြုံစွာ စောင့်ထိန်းခဲ့သူများ သည် ယခုဘဝ၌ အသက်ရှည်ခြင်းအကျိုးတရားကို ခံစားနိုင်သည်ဟု ညွှန်ပြထားပါသည်။
ဆေးပညာအရ အသက်ရှည်ခြင်းသည် မျိုးရိုးဗီဇနှင့်လည်း သက်ဆိုင်၏။ အချို့သောသူများသည် မျိုးရိုးလိုက်၍ အသက်ရှည်၏။ မျိုးရိုးလိုက်သော ရောဂါ အချို့ဖြစ်ပေါ်ခံစားရသူများသည်လည်း အသက်တိုလေ့ရှိကြသည်။ မိမိ၏ မျိုးရိုး ဗီဇကို မိမိကိုယ်တိုင် ဖန်တီးယူ၍ မရနိုင်ပါ။ အတိတ်ကံ၏ စေစားချက်အတိုင်းပင် ဖြစ်ရပေသည်။
မိမိ၏ ယခုဘဝ၌ ဆက်လက်နေထိုင်ရှင်သန်ရမည့်ကာလ၏ ကျန်းမာရေး နှင့် အသက်ရှည်ရေးတို့သည် လက်ရှိအချိန်အထိ မိမိ နေထိုင်သွားလာပြုမူလုပ် ဆောင်ခဲ့မှုများနှင့် နေ့စဉ်အမူအကျင့်များပေါ်တွင် မူတည်၏။
စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်နွမ်းတော့ လူပန်း၊ ဥပါဒါန်ကြောင့် ဥပဒ်ရောက်၊ စိတ်ပျိုတော့ ကိုယ်နု၊ ပျော်ပျော်နေ သေခဲစသည်တို့ သည် စိတ်နှင့် ရုပ်ခန္ဓာကိုယ် အပြန်အလှန်ဆက်စပ်နေခြင်းကို ဖော်ပြသည့် စကား ပုံများပင်ဖြစ်၏။ များသောအားဖြင့် ပူပင်သောက ကင်းရှင်း၍ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်နိုင်ရလျှင် အသက်ရှည်ရှည်နေနိုင်ရန် အခွင့်သာပေသည်။

ဗုဒ္ဓဘုရားရှင်က တပည့် ရဟန်း သံဃာများအား ကျန်းမာစွာ တရားအား ထုတ်နိုင်ရန် သင့်တင့်လျောက်ပတ်သော အရပ်ကို မှီဝဲချဉ်းကပ်ပါဟု သြဝါဒပေးခဲ့သည်။ ဥတုဆိုသည်မှာ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကို ဆိုလိုရင်း ဖြစ်၏။ နေရာဒေသ၊ လေကောင်းလေသန့်၊ သင့်တင့်သော နေရောင်ခြည်၊ ရာသီ ဥတု၊ လူ၊ တိရစ္ဆာန်အမျိုးမျိုး စသည့် သက်ရှိသက်မဲ့ပတ်ဝန်းကျင်အားလုံး ကျန်းမာရေးနှင့် ညီညွတ်စေရန်သာ ဖြစ်၏။

သဗ္ဗေသတ္တာ၊ အာဟာရဋ္ဌိတိကာ သတ္တဝါမှန်သမျှ အာဟာရ၌သာလျှင် တည်ရာမှီရာရှိကြောင်း ဘုရားဟောရှိခဲ့သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် အာဟာရကြောင့် အသက်ရှည်တည်မြဲနေကြရ၏။ နေ့စဉ် စားသောက်နေကြသောအစား အစာများတွင် သင့်တင့်မျှတသော အာဟာရဓာတ်များ ပါဝင်ရန် လိုအပ်ပေသည်။

ဒေါက်တာတင်ထွန်းဦး

Post Author: Nu Myat