ခန္ဓာကိုယ်က ပရိုတင်း လုံလောက်စွာ မရရှိသည့် လက္ခဏာများ

ပရိုတင်းဆိုတာက အမိုင်နိုအက်စစ်နဲ့ပြုလုပ်ထားတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သူ့ကို ကြွက်သားထု တည်ဆောက်ဖို့အတွက် ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်ပါတယ်။ ပရိုတင်းက ကြွက်သားတွေ ပြန်လည်ပြုပြင်တည်ဆောက်ဖို့နဲ့ ထုထည်မဆုံးရှုံးအောင် ထိန်းပေးထားနိုင်ရုံသာမက ခန္ဓာကိုယ်အတွက် စွမ်းအင်ထုတ်လုပ်ပေးနိုင်ကာ ဟော်မုန်းတွေကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဒါ့ပြင် အင်ဇိုင်းလိုပြုမူပြီး ဓာတုတုံ့ ပြန်မှုကောင်းမွန်စေတာ၊ အရာဝတ္ထုတွေဆဲလ်အမြှေးပါးကို ဖြတ်သန်းတဲ့လမ်းကြောင်းကို ထိန်းချုပ်ပေးတာနဲ့ ရောဂါပိုးဒဏ်ကို ဒိုင်းလိုကာကွယ်ပေးတာလည်း ပြုလုပ်နိုင်ပါတယ်။
ပရိုတင်းချို့တဲ့မှုမဖြစ်အောင် အသက်ကြီးသူတွေက ခန္ဓာကိုယ်တစ်ကီလိုဂရမ်လေးတိုင်း ပရိုတင်း ဝ.၈ ဂရမ် စားသုံးဖို့ အကြံပေးထားကြပါတယ်။ အောက်ပါလက္ခဏာတွေ ရှိနေရင်တော့ ပရိုတင်းကို ပိုပြီး စားသုံးရပါမယ်။

အားနည်းခြင်း၊ ကြွက်သားထုဆုံးရှုံးခြင်း၊ အပင်ပန်းမခံနိုင်ခြင်း
သင်စားတဲ့ အစားအစာထဲမှာ ပရိုတင်းပါဝင်မှု နည်းပါးတာကြောင့် အားနည်းတာ၊ အပင်ပန်းမခံနိုင်တာနဲ့ ကြွက်သားထု ဆုံးရှုံးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် ပရိုတင်းရရှိမှုနည်းပါးလာရင် ကိုယ်က သူ့အတွက် လိုအပ်တဲ့ ပရိုတင်းတွေပြည့်မီဖို့ ကျောရိုးကြွက်သားမှ ထုတ်ယူသုံးစွဲပါတယ်။ ရက်ရှည်လာတဲ့အခါမှာ ကြွက်သားထုလျော့နည်းသွားပြီး ခွန်အားသန်မာမှုနည်းသွားကာ ဇီဝရုပ်ဖြစ်စဉ်လည်း နှေးကွေးသွားကာ အားနည်းပြီး အပင်ပန်းမခံနိုင်တော့ပါဘူး။

အနာကျက်ဖြစ်စဉ်နှေးကွေးခြင်း။
မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာအနာတရဖြစ်နေရင်၊ လေ့ကျင့်ခန်းအပြင်း အထန်ပြုလုပ်တာကြောင့် နာကျင်နေရင် ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူထားရရင် ပရိုတင်းအစားနည်းတာကြောင့် အနာကျက်ဖြစ်စဉ် နှေးကွေးနိုင်ပါတယ်။ ဆဲလ်အသစ် တည်ဆောက်ဖို့ အချိန်ယူရနိုင်ပြီး အနာကျက်ဖို့ ခက်ခဲနိုင်ပါတယ်။

ပိုမို ဆာလောင်တတ်ခြင်း။
သင်က အချိန်ပြည့် ဗိုက်ဆာနေရင် ဒါမှမဟုတ် အဆာပြေစာတွေကို တစ်စွတ်စွတ် စားတတ်နေရင် ပရိုတင်းချို့တဲ့တဲ့လက္ခဏာ ဖြစ်ပါတယ်။ ပရိုတင်းက အစာအတွက် ကျေနပ်နှစ်သိမ့်မှုကို ရရှိစေပြီး အချိန်အကြာကြီး ဝမ်းဗိုက်ပြည့်တင်းမှုရရှိနိုင်တဲ့ အစားအစာ ဖြစ်တာကြောင့်ပါ။

ခုခံအားစနစ်ကျဆင်းခြင်း။
ခန္ဓာကိုယ်အတွက် ပရိုတင်းရရှိမှု မလုံလောက်တာကြောင့် ဖျားနာရောဂါ ရရှိနိုင်ပါ တယ်။ ပရိုတင်းက ခုခံအားစနစ်အတွက် အရေးတကြီးလိုအပ်ပြီး ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပါတယ်။ ဒါ့ပြင် ခုခံအားဆဲလ်တွေက အခြေခံအားဖြင့် ပရိုတင်းဖြစ်တဲ့ အမိုင်နိုအက်စစ်နဲ့ ပြုလုပ်ထားပါတယ်။

လက်သည်းခြေသည်း၊ ဆံသားနဲ့ အရေပြားပြဿနာဖြစ်ခြင်း။
ခန္ဓာကိုယ်အတွင်း ပရိုတင်းပမာဏလျော့နည်းနေရင် လက်သည်းခြေသည်း ကြွပ်ဆတ်ပြီး အားနည်းတာ၊ အရေပြားခြောက်သွေ့တာနဲ့ ဆံပင်ပါးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားနဲ့ ဆံသားတွေက Elastin အီလတ်စတင်၊ Collagen ကော်လဂျင်နဲ့ Keratin ကရက်တင်လိုမျိုး တချို့ပရိုတင်းအမျိုးအစားတွေနဲ့ ပြုလုပ်ထားတဲ့အတွက် ပရိုတင်းချို့တဲ့ရင် လက်သည်းခြေသည်း၊ ဆံသားနဲ့ အရေပြားထိခိုက် နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal