ဆယ်ကျော်သက်များနှင့် စိတ်ကြွဆေး

တရားမဝင် စိတ်ကြွဆေး သုံးစွဲမှုဟာ လူလတ်ပိုင်းတွေမှာတင် မဟုတ်ဘဲ ဆယ်ကျော်သက် လူငယ်တွေမှာပါ ရေပန်းစားနေပါတယ်။ စိတ်ကြွဆေးပြား ၃,၄-မီသိုင်လင်းဒိုင်အောက်စီ မီသမ်ဖန်တမင်း (MDMA) ကို အက်စ်တက်စီ (Ecstasy)၊ မိုလီ (Molly)၊ အိက်စ် (X)၊ အီး (E)၊ အိက်စ်တီစီ (XTC)၊ အာဒမ် (Adam)၊ ဟက်ခ် (Hug)၊ ဘင်းစ် (Beans)၊ ကလယ်ရယ်တီ (Clarity)၊ ကလပ်ဒရက် (Club Drug)၊ လက်ဖ်ဒရက် (Love Drug)၊ Lover’s Speed ဆိုပြီး အမျိုးမျိုး ခေါ်ကြပါတယ်။

ဒီဆေးကို ၁၉၇၀ ခုနှစ်က စိတ်ဝေဒနာ ရောဂါကုသရာမှာ အသုံးပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့ထိ စိတ်ကြွဆေးပြားကို ကုသခြင်းဆိုင်ရာမှာသုံးတဲ့ ဆေးဝါးတစ်ခုအနေနဲ့ FDA က အသိအမှတ်မပြုထားပါဘူး။ ဒီတရားမဝင် စိတ်ကြွဆေးဟာ အားအင်တက်ကြွတာနဲ့ စိတ်ခံစားချက် အခြေအနေကို အဆင့်ဆင့် ပြောင်းလဲနိုင်တဲ့ အာနိသင်ရှိပါတယ်။

တရားမဝင် စိတ်ကြွဆေးဟာ ဆယ်ကျော်သက်တွေကြားမှာ အချိန်တိုတိုအတွင်း ရေပန်းစားလာရတဲ့ အကြောင်းရင်းကတော့ ဒီစိတ်ကြွဆေးကို အန္တရာယ် မရှိတဲ့ ဆေးဝါးလို့ပဲ ယူဆထားကြလို့ ဖြစ်ပါတယ်။ သုံးစွဲသူဦးရေကလည်း တစ်နှစ်ထက်တစ်နှစ် ရာခိုင်နှုန်း တိုးလာတာကို National Survey on Drug Use & Health ရဲ့စစ်တမ်းအရ သိရပါတယ်။

စိတ်ကြွဆေးသောက်ပြီး ၁၅ မိနစ် အကြာမှာ သူ့ရဲ့အာနိသင် စပြပါပြီ။ သူဟာ ဦးနှောက်ရဲ့ နာဗ်ကြောအဆုံး အာရုံကြောဆဲလ်တွေကနေ ဆီရိုတိုနင် (Serotonin)၊ ဒိုပါမင်း (Dopamine) နဲ့ နော်အပီနက်ဖ်ဖရင်း (Norepinephrine) ဟော်မုန်းတွေကို ထွက်စေပါတယ်။

ဆီရိုတိုနင် (Serotonin)
ဒီဟော်မုန်းက စိတ်ပျော်စေတဲ့ ဟော်မုန်းတစ်ခုပါ။ ပျော်ရွှင်တဲ့အခါ၊ ကြည်နူးပီတိဖြစ်တဲ့အခါ ခန္ဓာကိုယ်က ဆီရိုတိုနင်ဟော်မုန်းကို ထုတ်ပေးပါတယ်။ ဦးနှောက်နဲ့ အူတွေက ထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်ရဲ့ ၈၀ – ၉၀% ဆီရိုတိုနင်ဟော်မုန်း ပမာဏကို အစာအိမ် အူလမ်းကြောင်းမှ အများဆုံး ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ကြွဆေးသုံးစွဲတာကြောင့် ဦးနှောက်က ဆီရိုတိုနင်ဟော်မုန်းတွေ ကုန်ခမ်းသွားတဲ့အခါ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ ဆီရိုတိုနင်ဟော်မုန်းတွေက Blood-brain barrier ကိုမဖြတ်နိုင်တဲ့အတွက် ဦးနှောက်ဆီကိုရောက်အောင် မသွားနိုင်ပါဘူး။

ဒိုပါမင်း (Dopamine)
ဒိုပါမင်းဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ကိုယ်နေဟန်ထား လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ပါတယ်။ သူ့ကို နာဗ်ဆဲလ်တွေ၊ ကျောက်ကပ်အပေါ်က အယ်ဒရီနယ်မဒယ်လာ (Adrenal Medulla) မှာရှိတဲ့ ဆဲလ်တွေက ထုတ်ပေးပါတယ်။ Reward System ရဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ စိတ်အားတက်ကြွတာ၊ လိုချင်တာ၊ ဆန္ဒရှိတာ၊ သာယာတာ၊ အူမြူးတာ စတာတွေကို လှုံ့ဆော်ပေးပါတယ်။ စိတ်ကြွဆေးက ဒိုပါမင်းဟော်မုန်းကို အများအပြား ထွက်စေပါတယ်။

နော်အပီနက်ဖ်ဖရင်း (Norepinephrine)
နော်အပီနက်ဖ်ဖရင်းကို နော်အဒရီနယ်လင်း (Noradrenaline) လို့လည်းခေါ်ပါတယ်။ သူ့ကိုဦးနှောက်နာဗ်ဆဲလ်တွေက ထွက်လာတဲ့ နော်အပီနက်ဖ်ဖရင်းက ရာဂစိတ်နှိုးဆွတာ၊ နိုးကြားတာ၊ ပြန်လည်မှတ်မိသတိရတာ၊ အာရုံစိုက်အလေးထားတာ၊ စိတ်လှုပ်ရှားတာတွေ ဖြစ်စေပါတယ်။ အဒရီနယ်ဂလင်း (Adrenal Glands) တွေကထုတ်ပေးလိုက်တဲ့ နော်အပီနက်ဖ်ဖရင်းကတော့ ခန္ဓာကိုယ်ရဲ့ သွေးတွေထဲပျံ့နှံ့သွားပြီး နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားတိုးတာနဲ့ အရိုြးွကက်သားတွေဆီ သွေးစီးဆင်းမှု များစေပါတယ်။ Fight-or-flight response ဆိုတဲ့ တိုက်ခိုက်မှု အန္တရာယ် ကြုံတွေ့ရတဲ့အခါ စိတ်ဖိစီးမှုမြင့်ပြီး နော်အပီနက်ဖ်ဖရင်းဟော်မုန်း ထွက်လာပါတယ်။ စိတ်ကြွဆေးဟာ ဒီနော်အပီနက်ဖ်ဖရင်းဟော်မုန်းတွေ အများကြီးထွက်စေတာမို့ နှလုံးခုန်နှုန်းမြန်စေတာ၊ သွေးဖိအားတက်စေတာ၊ သွေးလှည့်ပတ်မှုစနစ်ကို ကမောက်ကမ ဖြစ်စေတာတွေကြောင့် နှလုံးရောဂါရှိသူတွေအတွက် အန္တရာယ် များပါတယ်။

စိတ်ကြွဆေးရဲ့ အာနိသင်က ၃-၆ နာရီ ကြာတတ်ပါတယ်။ သူ့ကို ဆေးတောင့်၊ ဆေးပြား၊ အရည်နဲ့ ရှုဆေးမှုန့်ပုံစံတွေ အနေနဲ့ ထုတ်လုပ်ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ဒီနေ့ခေတ် ဈေးကွက်ထဲမှာရောင်းနေတဲ့ စိတ်ကြွဆေးတွေဟာ သူ့ရဲ့နဂိုမူလဒြပ်ပေါင်းဖြစ်တဲ့ ၃,၄-မီသိုင်လင်းဒိုင်အောက်စီ မီသမ်ဖန်တမင်း (MDMA) တစ်မျိုးတည်းမဟုတ်ဘဲ အခြားသော အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေပါ ရောနှောနေတယ်လို့ ဆိုပါတယ်။ တရားမဝင်ရောင်းချတဲ့ ဆေးဖြစ်တာမို့ ဆေးကိုကြည့်တာနဲ့ ဘာတွေနဲ့လုပ်ထားလဲဆိုတာ မသိနိုင်ပါဘူး။ အန္တရာယ်ကင်းပါတယ်ဆိုပြီး အာမခံချက်လည်း လုံးဝမပါရှိပါဘူး။

စိတ်ကြွဆေးတွေကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားမြင့်တက်တာ၊ ကြွက်သားတွေတောင့်တင်းတာ၊ ကြွက်တက်တာ၊ သွားအချင်းချင်းပွတ်ကြိတ်တာ၊ ချမ်းတုန်တာ၊ ခေါင်းမူးတာ၊ အော့အန်တာ၊ ချွေးထွက်တာ၊ အမြင်အာရုံဝေ၀ါးတာ၊ သတိလစ်တာ၊ စိတ်လှုပ်ရှားတာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ သဘာဝလွန် ခန္ဓာကိုယ်အပူချိန် မြင့်တက်လာစေနိုင်တဲ့အတွက် နှလုံး၊ အသည်းနဲ့ ကျောက်ကပ်များ ပျက်စီးစေကာ သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ သွေးလည်ပတ်မှုစနစ်ထဲမှာ စိတ်ကြွဆေးပမာဏ အလွန်မြင့်မားတဲ့အခါ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တော့ဘဲ ကြွက်တက်တဲ့ဝေဒနာကိုပါ ခံစားရတတ်ပါတယ်။ သုံးစွဲတာကြာမြင့်တာတဲ့ အခါမှာတော့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့တာနဲ့ မှတ်ဥာဏ်ချို့တဲ့တဲ့ ဝေဒနာတွေပါ ခံစားရပါလိမ့်မယ်။ စိတ်ကြွဆေးကို တိရစ္ဆာန်လေးတွေမှာ စမ်းသပ်ခဲ့ကြရာ ဦးနှောက်နာဗ်ဆဲလ်တွေ ပျက်စီးသေဆုံးကုန်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (Sexually Transmitted Diseases) ရနိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။

စိတ်ကြွဆေးကစွဲနိုင်သလား

စိတ်ကြွဆေးပြားသုံးစွဲတာ ဆေးစွဲနိုင်၊ မစွဲနိုင်ဆိုတာကို သုတေသီတွေအကြား အငြင်းပွားနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ကြွဆေးဟာ အခြားသော ဆေးစွဲနိုင်တဲ့ ဆေးတွေလိုပဲ ဦးနှောက်ရဲ့ အာရုံကြောတစ်ခုမှတစ်ခုကို လှုံ့ဆော်မှုပို့ဆောင်တဲ့အခါ လိုအပ်တဲ့ကြားခံပစ္စည်း (Neurotransmitters) တွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ နောက်ပြီး ဆေးဖြတ်လိုက်တဲ့အခါမှာလည်း ဆေးဖြတ်တဲ့ဒဏ် (Withdrawal Symptoms) တွေဖြစ်တဲ့ နုံးချိတာ၊ အစာမစားချင်တာ၊ စိတ်ကျရောဂါဝင်တာ၊ အာရုံမစူးစိုက်နိုင်တာ စတာတွေ ခံစားရနိုင်ပါတယ်။

ထူးဒါလီကိုကို (M. Sc. in Pharm)