ဗီတာမင်B 12 ချို့တဲ့ခဲ့ရင်

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်B 12 ကို သွေးနီဥ ထုတ်လုပ်တာ မှDNA ပြုလုပ်တာအထိ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ ပျမ်းမျှအားဖြင့် ဗီတာမင်B 12 ကို ၂-၃ မိုင်ခရိုဂရမ် ရရှိဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်B 12 ကို လုံလုံလောက် လောက်မရရှိဘဲ ချို့တဲ့နေရင် အောက်ပါဆိုးကျိုးတွေကို ရရှိနိုင်ပါတယ်။

ဗီတာမင်B 12 နဲ့ နှလုံးထိခိုက်ခြင်း။
ကိုယ်တွင်း ဗီတာမင်B 12 ချို့တဲ့နေတာကြောင့် နှလုံးခုန်နှုန်း မြန်ဆန်နိုင်ပါတယ်။ ဗီတာမင်B 12 ချို့တဲ့တဲ့အတွက်ဖြစ်တဲ့ သွေးအားနည်းရောဂါကြောင့် နှလုံးမှသွေးဖြန့် ဖြူးနိုင်ဖို့အတွက် ဖိအားပေးဒဏ်ခံရတာကြောင့် ပုံမှန်ထက် နှလုံးခုန်နှုန်း မြန်ဆန်ရတာ ဖြစ်ပါတယ်။ ဗီတာမင်B 12 ကHomocystine ကိုဖြိုခွဲဖို့ ကူညီပေးပါတယ်။Homocystine ပမာဏများတာက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေမြင့်မားတာနဲ့ ဆက်စပ်မှုရှိပါတယ်။

ဗီတာမင်B 12 နဲ့ ခံတွင်းကျန်းမာရေး။
ဗီတာမင်B 12 ချို့တဲ့တာက ခံတွင်းကျန်းမာရေးအပေါ် အများကြီးထိခိုက်နိုင် ပါတယ်။ ခံတွင်းအနာဖြစ်တာနဲ့ လျှာရောင်ရမ်းတာက ဗီတာမင်B 12 ချို့တဲ့တာနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒါ့ပြင် ပါးစပ်ထဲမှာ ပူစပ်ပူလောင် ဖြစ်သလိုလည်း ခံစားရနိုင် ပါတယ်။

ဗီတာမင်B 12 နဲ့ စိတ်ကျန်းမာရေး။
ဗီတာမင်B 12 ချို့တဲ့တာကြောင့် တွေးခေါ်နိုင်စွမ်းနဲ့ အကျိုးအကြောင်း တွေးဆနိုင်စွမ်း ခက်ခဲနိုင်ပါတယ်။ လေ့လာမှုတွေအရ ဗီတာမင်B 12 ချို့တဲ့နေတာကြောင့် အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်နဲ့သူငယ်ပြန်တာလိုမျိုး စိတ်ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်ပါတယ်။

ဗီတာမင်B 12 နဲ့ ခြေလက်ပြဿနာ။
ခြေနဲ့လက်တွေမှာ ထုံကျဉ်နေတာက ဗီတာမင်B 12 ချို့တဲ့တဲ့ လက္ခဏာဖြစ်ပါ တယ်။ အာရုံကြောကို ကာကွယ်ဖုံးအုပ်ထားတဲ့ Myelin ကို ဗီတာမင်B 12  ရှိမှသာ ပြုလုပ်နိုင်ပါတယ်။ Myelin မရှိတဲ့အတွက် အာရုံကြောပျက်စီးကာ အာရုံခံစားမှု လျော့နည်းသွားပါတယ်။ ခြေထောက်နဲ့ လက်အာရုံကြောမှာ အဓိကဖြစ်ပါတယ်။

ဘယ်သူတွေက ဗီတာမင်B 12 ချို့တဲ့မှု ဖြစ်နိုင်သလဲ။
ဗီတာမင်B 12 က အသား၊ ငါးတွေမှာသာ အဓိက ပါဝင်တဲ့အတွက် သက်သတ် လွတ်စားသူတွေက Vitamin B 12 ချို့တဲ့နိုင်ပါတယ်။ အသက်ကြီးသူတွေကလည်း အစာအိမ်အက်စစ်ထုတ်လုပ်မှု နည်းပါးသွားတဲ့အတွက် အစားအစာမှ ဗီတာမင်B 12 ကို စုပ်ယူနိုင်စွမ်း လျော့နည်းသွားတာကြောင့် ချို့တဲ့နိုင်ပါတယ်။ ဆီးချိုရောဂါပျောက်ဆေးဝါး မက်ဖော်မင်ကို သောက်နေရသူတွေကလည်း ဗီတာမင်B 12 ချို့တဲ့နိုင်ပါတယ်။ အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူထားသူနဲ့ အစာခြေလမ်းကြောင်းပြဿနာရှိသူတွေကလည်း ဗီတာမင်B 12 ချို့တဲ့နိုင်ပါတယ်။

ဗီတာမင်B 12 ကို ဘယ်ကရရှိနိုင်ပါသလဲ။
ဗီတာမင်B 12 က ငါး၊ အသည်း၊ အနီရောင်အသား၊ ဥနဲ့ နို့ထွက်ပစ္စည်းတွေမှာ များစွာ ပါဝင်ပါတယ်။ သတ်သတ်လွတ်စားသုံးသူတွေက ဗီတာမင်B 12 ကိုရရှိနိုင်ဖို့ အားဖြည့်ထားတဲ့ အစားအစာတွေကို စားသုံးရပါမယ်။ ဗီတာမင်B 12 ကို အားဖြည့်ဆေးအနေနဲ့ မှီဝဲဖို့ ဆရာဝန်အကြံဉာဏ်ကို ရယူပါ။

ဒေါက်တာခင်မိုးမိုး

 

 

Post Author: Good Health Journal