ကျောက်ကပ်ရဲ့တာဝန်က သွေးတွေကိုစစ်ထုတ်ပြီး ဆီးအဖြစ်ပြောင်းလဲကာ ဆီးအိတ်ထဲရောက်ပြီးမှ ဆီးထွက်ပြွန်မှတစ်ဆင့် ကိုယ်ပြင်ပကို စွန့်ထုတ်လိုက်ပါတယ်။ ကျောက်ကပ် ကျန်းမာရေးကောင်းမွန်နေရင် ဆီးအိတ်ထဲမှာ ဆီးပြည့်လာတိုင်း ဆီးထွက် ပြွန်မှတစ်ဆင့် ကိုယ်ပြင်ပကို ထုတ်ပေးလိုက်ပါတယ်။ ကျောက်ကပ်မှာကျောက်တည်နေရင် ဒီလုပ်ငန်းစဉ်က ခက်ခဲမှုရှိလာနိုင်ပါတယ်။ ကျောက်ကပ်ကျောက်တွေက ဆီးအရည်ပျစ်ပျစ်ထဲက မာကျောတဲ့အနည်အနှစ်တွေစုစည်းပြီးဖြစ်ပေါ်လာကာ နာကျင်မှု ဝေဒနာပေးနိုင်ပါတယ်။ ဒီကျောက်တွေက ဆားပုံဆောင်ခဲတွေဖြစ်ပြီး ဆီးထဲမှာ အနှစ် တွေများနေတာ ဒါမှမဟုတ် ဆီးအရည်နည်းပါးနေတာကြောင့် ဖြစ်တာပါ။
ဆီးကျောက် ဖြစ်စေတဲ့အဓိကအကြောင်းရင်း။
ဆီးကျောက်တည်တာက ဘဝနေထိုင်မှုပုံစံ၊ မျိုးရိုးဗီဇနဲ့ ရာသီဥတုအခြေအနေပေါ်လိုက်ပြီး ဖြစ်နိုင်ခြေများပြားနိုင်ပါတယ်။ ကယ်လ်စီယမ်အော်ဇလိတ်၊ ကယ်လ်စီ ယမ်ဖော့စဖိတ်၊ ယူရစ်အက်စစ်နဲ့ ရောဂါပိုးဝင်တာကြောင့်ဖြစ်တဲ့ ကျောက်တွေက အဖြစ်အများဆုံး ကျောက်လေးမျိုး ဖြစ်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကြပေမယ့် ရေအသောက်နည်းတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ဆီးကျောက်တည် နိုင်ခြေ မြင့်မားပါတယ်။
အသားအလွန်အကျွံ စားသုံးခြင်း။
တိရစ္ဆာန်မှရတဲ့အသားဓာတ်ကို အလွန်အကျွံစားသုံးတာက ကယ်လ်စီယမ်နဲ့ ယူရစ်အက်စစ်ကျောက်တွေ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ဆား(အငန်) စားသုံးမှုများပြီး အစာခြေစနစ်ပြဿနာ ဖြစ်နေတာတွေကလည်း ဆီးကျောက်ဖြစ်နိုင်ခြေ အလွန် မြင့်မား ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တာကြောင့် ဆီးကျောက်ဖြစ်နိုင်ခြေမြင့်မားနိုင်။
တချို့ ဗက်တီးရီးယား အမျိုးအစားတွေကြောင့် ဆီးလမ်းကြောင်းအတွင်း မကြာခဏ ပိုးဝင်ရောဂါ ရရှိတာကလည်း ဆီးကျောက်ဖြစ်နိုင်ခြေ များပြားပါတယ်။ နေထိုင်ရာ ပထဝီအနေအထားနဲ့ အစားအသောက်အမူအကျင့် တူညီကြပေမယ့် ဆီးကျောက်မဖြစ်ကြသူတွေလည်း ရှိတတ်ပါတယ်။ ဆီးကျောက်ဖြစ်နိုင်ခြေက မိသားစုမျိုးရိုးလိုက်တတ်တာကြောင့်ပါ။
ဆီးကျောက်မဖြစ်အောင် ကာကွယ်နိုင်ဖို့။
အစားအသောက် အမူအကျင့်နဲ့ ကာယလှုပ်ရှားမှုတွေက ဆီးကျောက်မဖြစ်အောင် ကာကွယ်နိုင်တဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အငန်အစားနည်းပြီး ရေများများ (တစ်နေ့ကို အနည်းဆုံး သုံးလီတာ) သောက်တာကြောင့် ဆီးထဲမှာ ရေပါဝင်မှု များနိုင် တဲ့အတွက် ဆီးကျဲနိုင်ပါတယ်။
ကယ်လ်စီယမ် ဆီးကျောက်ဖြစ်နေသူတွေအနေနဲ့ အချဉ်အရသာသစ်သီးတွေ စားသုံးတာကြောင့် အကျိုးရရှိနိုင်ပါတယ်။ အချဉ်သီးတွေစားသုံးတာကြောင့် ဆီးထဲမှာ စီးတရိတ်ပမာဏတွေမြင့်မားလာကာ ကျောက်ဖြစ်တည်မှုကို ပိတ်ပင်နိုင်ပါတယ်။ တိရစ္ဆာန်မှရရှိတဲ့ အစားအစာကို စားသုံးမှုပမာဏ လျှော့ချတာကြောင့်လည်း ဆီးကျောက်ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ လှုပ်လှုပ်ရှားရှားနေပြီး ဝိတ်လျှော့ချနိုင်တာကလည်း ယူရစ်အက်စစ်ကျောက် ဖြစ် နိုင်ခြေ လျော့နည်းနိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး