ရှားစောင်းလက်ပပ် Body Wash

နွေရာသီလည်း ရောက်လာပြီဆိုတော့ အသားအရေလည်း ပျက်စီးတာ အများဆုံးပေါ့။ ဒါကြောင့် ဒီတစ်ပတ်အတွက် နေလောင်ဒဏ်ကာကွယ်နိုင်ပြီး အသားအရေစိုပြည်စေတဲ့ ဆပ်ပြာလုပ်နည်းလေး ရေးပေးချင်ပါတယ်။

ရှားစောင်းလက်ပပ်ဆိုတာ သင့်အသားအရေအတွက်တော့ အကောင်းဆုံးပါပဲ။ အရေပြားခြောက်သွေ့နေလောင်ပျက်စီးနေတာတွေကို ပြန်လည်ပြုပြင်ပေးနိုင်တယ်လေ။ ဒါ့အပြင် သဘာဝကြေးချွတ်အာနိသင်ရှိပြီး Anti Bacterial ပစ္စည်းတွေလည်း သဘာဝအတိုင်း ပါဝင်တာကြောင့် ချွေးပေါက်ပိတ်တာ၊ အဆီပြန်တာနဲ့ ၀က်ခြံထွက်တာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ တချို့ဆပ်ပြာတွေလို ရေချိုးပြီးရင် အသားအရေခြောက်သွေ့တာမျိုး မဖြစ်စေဘဲ ရှားစောင်းလက်ပပ်အစွမ်းကြောင့် နူးညံ့စိုလဲ့နေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။ ပြီးတော့ ရှားစောင်းလက်ပပ်မှာ ဖိုက်ဘာ ကော်လာဂျင်နဲ့ အီလက်စတင်တွေ ပါဝင်တဲ့အတွက် အရေပြားကျန်းမာရေးကို ကောင်းမွန်စေကာ သက်ကြီးအရေးကြောင်းဖြစ်တာကိုလည်း လျော့ကျစေပါတယ်။ ဒီလိုကောင်းကျိုးတွေရှိနေတဲ့ ရှားစောင်းလက်ပပ်ဆပ်ပြာကို အခုချက်ချင်းပဲ ကိုယ်တိုင် ပြုလုပ်ကြည့်လိုက်ရအောင်နော်..

လိုအပ်တာတွေက
..


♦ Castile ဆပ်ပြာဆီ ခွက်တစ်ခွက်ရဲ့ လေးပုံသုံးပုံစာ (Castile Liquid Soap)
♦ ရှားစောင်းလက်ပပ်အနှစ် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ
♦ ဗီတာမင်အီးအဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
♦ စန္ဒကူး Essential oil ၁၀-၁၅ စက်ခန့်
♦ ဆွမ်းမွှေးရွက်အရောင်ဆီ အနည်းငယ်

ပြုလုပ်နည်း
♦ ဖန်ရေတကောင်းတစ်ခုထဲကို Castile ဆပ်ပြာဆီထည့်ပါ။
♦ ပြီးရင် အဲဒီထဲကို ရှားစောင်းလက်ပပ်အနှစ်ကို ထည့်ကာ blend လုပ်ပါ။
♦ ဗီတာမင်အီးအဆီ ထည့်ပြီး အရောင်လှအောင် ဆွမ်းမွှေးရွက်အရောင်ဆီပါ ထည့်ကာ အားလုံးသမအောင် မွှေပါ။
♦ နောက် စန္ဒကူး Essential Oil ကို ထည့်ပြီး မွှေပါ။
♦ ထည့်ပြီးသမျှ အားလုံးကို သမအောင် blend လုပ်ပြီး အသုံးပြုမယ့် ဘူးထဲထည့်လိုက်ပါ။

ကဲ .. နောက်ဆုံးမှာတော့ ဓာတုပစ္စည်း တကယ်ကင်းတဲ့ လက်ဖြစ်ဆပ်ပြာစစ်စစ်လေးကို အသုံးပြုနိုင်ပြီပေါ့။

♠ ဆူးမြာ ♠

Post Author: Good Health Journal