အိပ်ပျော်နေစဉ် ဟောက်တတ်တာ ရောဂါတစ်ခုလား

Q. အိပ်ပျော်နေစဉ်မှာ ဟောက်တာက ဘာ ကြောင့်လဲဆရာ။
A. ဟောက်တာက အိပ်နေစဉ်မှာ အသံ ထွက်တာပါ။ ဘယ်အချိန်မှာ အသံထွက် လဲဆိုရင် အသက်ရှူသွင်းလိုက်ပြီး အ ဆုတ်ထဲကလေကို ပြန်ရှူထုတ်လိုက်တဲ့ အခါ လည်ပင်း၊ အာခေါင်နဲ့ နှာခေါင်းကို ဖြတ်ပြီး ပြန်ထွက်တယ်။ ပြန်ထွက်တဲ့အခါ လည်ပင်း၊ အာခေါင်နဲ့ နှာခေါင်းတွေရဲ့ တစ်နေရာရာမှာ ကျဉ်းနေရင် အသံထွက် ပါတယ်။ အရပ်အခေါ်ကတော့ ဟောက် တယ်လို့ ပြောကြပါတယ်။ ကျဉ်းတဲ့နေရာ က အတော်လေးကျဉ်းနေရင် အသက်ရှူ သွင်းတဲ့အချိန်မှာလည်း အသံထွက် တယ်၊ အသက်ရှူထုတ်တဲ့အချိန်မှာ လည်း အသံမြည်တတ်ပါတယ်။ ဒါပေမဲ့ ဟောက်တဲ့လူ အများစုကတော့ အသက် ရှူထုတ်ချိန်မှာ အသံမြည်တာများပါ တယ်။ ဟောက်တာက မျိုးရိုးလိုက်တယ် လို့လည်း ပြောကြပါတယ်။

Q. အိပ်ပျော်နေစဉ် ဟောက်တဲ့လူတွေ ဆရာတို့ဆီကို ဘယ်လိုမျိုးအနေအထားတွေ နဲ့ ရောက်လာတတ်ပါသလဲ။
A ဟောက်တာက ဟောက်သံကြောင့် အိပ်မရဘူးဆိုပြီး တချို့က ရယ်စရာအ နေနဲ့တောင် ပြောလေ့ရှိပါတယ်။ အဓိက ပြောကြတာကတော့ ယောက်ျားက ဟောက်လို့ မိန်းမက အိပ်မရလို့ဆိုပြီး လာပြကြတာများပါတယ်။ အိပ်ပျော်နေ စဉ် ဟောက်တာကတော့ အမျိုးသားရော အမျိုးသမီးရော ဟောက်တတ်ကြပါ တယ်။ ဒါပေမဲ့ အမျိုးသားတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဆရာတို့ စိုးရိမ်တာ ကတော့ နှာခေါင်းထဲ၊ အာခေါင်ထဲ၊ လည်ချောင်းထဲမှာ ရောဂါတစ်ခုခုရှိလို့ အဖုအကျိတ်လေးတွေ ပိတ်နေမှာကို စိုးတာပါ။

Q. အိပ်ပျော်နေစဉ်မှာ ဟောက်တဲ့လူတိုင်း ရောဂါကြောင့်လို့ ပြောလို့ရနိုင်ပါသလား ဆရာ။
A ဟောက်တိုင်းရောဂါမဟုတ်ပေမယ့် တချို့ဟောက်တာတွေက ရောဂါကြောင့် ဟောက်တတ်ကြတယ်။ သိသာတဲ့အ ချက်က ၀တဲ့လူတွေမှာ အဖြစ်များတတ် ကြပါတယ်။ လည်ပင်းတိုတဲ့လူတွေက လည်ပင်းရှည်တဲ့လူတွေထက် အဖြစ်များ တယ်။ မသိသာတဲ့ အကြောင်းတွေက နှာခေါင်းနဲ့ အာခေါင်ထဲတွေမှာ အလုံးအ ကျိတ်၊ အသားပိုတွေ ရှိနေရင်လည်း အိပ်နေစဉ်မှာ ဟောက်တတ်ပါတယ်။

Q. နေ့ဘက်တွေ အိပ်ရာနိုးနေစဉ်မှာ အ သက်ရှူတဲ့အခါ အသံမထွက်ဘဲ ညဘက်အိပ် တော့မှ ဘာလို့ ဟောက်သံထွက်ပါသလဲ ဆရာ။
A နိုးနေစဉ်မှာဟောက်သံဘာလို့ မ မြည်လဲဆိုရင် သိပ်ကျဉ်းရင်တော့ နေ့ ဘက်မှာလည်း အသံမြည်ပါတယ်။ နှာ စေးတဲ့အခါမျိုးမှာ နှာခေါင်းပိတ်ပြီး အ သက်ရှူသွင်း၊ ရှူထုတ်လုပ်တဲ့အခါ အ သံမြည်ပါတယ်။ ဒါက အသက်ရှူလမ်း ကြောင်း အရမ်းကျဉ်းတဲ့ လူတွေမှာ ဖြစ် တာပါ။ ကျဉ်းတာ သိပ်မဆိုးတဲ့လူတွေက လည်ချောင်းဘေးမှာရှိတဲ့ ကြွက်သား တွေက တောင့်ခံပေးထားတာကြောင့် ဘယ်လိုဒုက္ခပေးလဲဆိုရင် အိပ်နေစဉ်မှာ အဲဒီကြွက်သားတွေက အားလျော့သွား တော့ ထိန်းထားမပေးနိုင်တာကြောင့် အသက်ရှူလမ်းကြောင်း ပိုကျဉ်းပြီး ဟောက်တဲ့အသံ ထွက်လာပါတယ်။ တချို့လူတွေက အိပ်ဆေးသောက်ပြီး အိပ်လိုက်လို့ ဟောက်တာတွေလည်း ရှိ ပါတယ်။ ကြွက်သားတွေ အားပျော့သွား တာကြောင့်ပါ။ နိုးတဲ့အချိန်မှာ သိပ်မသိ သာဘူး။ အိပ်ပျော်နေချိန်မှာ သိသိသာ သာ ဟောက်ပါတယ်။ ဟောက်တာက လူကို ဒုက္ခပေးပါတယ်။
Q. ဟောက်တာက လူကို ဘယ်လိုဒုက္ခမျိုး တွေပေးနိုင်ပါသလဲ ဆရာ။
A အိပ်တဲ့အချိန်က ဦးနှောက်ကို အနား ပေးတဲ့အချိန်ပါ။ အဲဒီအချိန်မှာ ဦးနှောက် ကို အောက်ဆီဂျင်များများရဖို့ လိုပါ တယ်။ အိပ်တဲ့အချိန်မှာ အသက်ရှူလမ်း ကြောင်း ကျဉ်းသွားပြီး ဟောက်လို့ ကိုယ် နဲ့အတူအိပ်တဲ့ ဇနီးမယားနဲ့ အိမ်သားတွေ အိပ်ရေးပျက်တယ်ဆိုတာက အပေါ်ယံ ပြဿနာပါ။ နောက်ထပ် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ လူနာ ကိုယ်တိုင်က အောက်ဆီဂျင်ကို ကောင်း ကောင်းမရတာကြောင့် ဦးနှောက်ကို အောက်ဆီဂျင် ပြည့်ပြည့်၀၀ မရောက် ပါဘူး။ ဒါက တစ်နေ့တည်း ဖြစ်တာဆိုရင် ပြဿနာကြီးကြီးမားမားမရှိပေမယ့် နေ့ စဉ်ဖြစ်နေတယ်၊ လချီပြီးကြာလာတယ် ဆိုရင် ဦးနှောက်က အောက်ဆီဂျင်မ၀ တာကြောင့် ဟော်မုန်းဓာတ်တွေ ထွက် လာပြီး သွေးတိုးရောဂါဖြစ်တယ်၊ နှလုံး ကလည်း အောက်ဆီဂျင်မ၀တဲ့ ပြဿ နာကြောင့် နှလုံးရောဂါဖြစ်လာတယ်။ အိပ်ရေးမ၀ဘူး။

Q. အိပ်ပျော်နေစဉ်မှာ ဟောက်တတ်တဲ့ လူတွေဟာ အသက်အန္တရာယ်ရှိနိုင်ပါသလား ဆရာ။
A အသက်ရှူလမ်းကြောင်းက ကျဉ်းရုံ တင်မကဘဲ ပိတ်သွားပြီး အသက်ရှူမရ တာတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီ လို အသက်ရှူလမ်းကြောင်း ပိတ်သွားရင် တော့ လူနာအတွက် အသက်အန္တရာယ်ရှိ ပါတယ်။ အသက်ရှူလမ်းကြောင်းက ကျဉ်းရာကနေ ပိတ်သွားရင် ဦးနှောက်နဲ့ နှလုံးကို အောက်ဆီဂျင် မရောက်တော့ လူနာက အိပ်နေရာကနေ လန့်နိုးတယ်။ အရမ်းဆိုးရင် အိပ်နေရာက နိုးပါတယ်။ ကြာရှည်ဖြစ်လာတဲ့အခါမှာတော့ လူနာ ကိုယ်တိုင်က နိုးလို့နိုးမှန်း မသိတော့ဘူး။ အဲဒီလိုနိုးလာချိန်မှာ ခန္ဓာကိုယ်ကို ဟို ဘက် ဒီဘက်စောင်းလိုက်တယ်။ နိုးလာ တာကြောင့် ကြွက်သားတွေ အားပျော့ တာ လျော့နည်းသွားပြီး ပြန်သန်မာ လာတော့ အသက်ရှူလမ်းကြောင်း ပြန် ပွင့်သွားတယ်။ ပြန်အိပ်တယ်၊ အိပ်ပျော် သွားတယ်။ အိပ်ပျော်သွားတော့ အသက် ရှူလမ်းကြောင်းပြန်ပိတ်ပြီး နိုးလာတယ်၊ စောင်းလိုက်တော့ ပြန်ကျယ်သွားပြီး ပြန် အိပ်သွားတယ်။ ဒီလိုနဲ့ တစ်ညလုံးမှာ အကြိမ်ပေါင်းများစွာ ဖြစ်ပါတယ်။

Q. အိပ်ချိန်မှာ ဟောက်တတ်တာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တာတွေကို ရှင်းပြ ပေးပါဆရာ။
A အသက်ရှူလမ်းကြောင်း ပိတ်တဲ့အ ကြိမ်အရေအတွက်နဲ့ ပိတ်တာကြာချိန် ပေါ်မူတည်ပြီး ဦးနှောက်နဲ့ နှလုံးရောဂါ တွေ ဖြစ်လာပါတယ်။ နောက်တစ်ခုက အိပ်ရေးမ၀တဲ့ နောက်ဆက်တွဲအဖြစ် စိတ်တိုလာတယ်၊ အလုပ်မှာ အာရုံစိုက် လို့မရဘဲ အိပ်ချင်ငိုက်မျဉ်းနေတတ်တယ်၊ သတိမေ့လာတတ်တယ်၊ သွေးတိုး၊ နှလုံး က ဘယ်လောက်အထိ ဆိုးလဲဆိုရင် နောက်ပိုင်းမှာ နှလုံးက အလုပ် လုံးဝ မလုပ်တော့တဲ့အထိကို ဖြစ်နိုင်ပါတယ်။ လူနာက ညဘက်မှာတစ်ယောက်တည်း ဖြစ်နေတာကြောင့် သူနဲ့အတူအိပ်တဲ့လူ က သတိထားမိဖို့လိုပါတယ်။ တကယ်လို့ အတူအိပ်တဲ့လူ ဒါမှမဟုတ် အိမ်သား တွေက လူနာက အိပ်ရင်ဟောက်တတ် တာကိုသတိမထားမိခဲ့ရင် လူနာကိုယ် တိုင်လည်း မသိဘူး၊ အိမ်သားတွေလည်း မသိဘဲ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ကိုပဲ ကုနေတတ်ပါတယ်။ ဒါပေမဲ့ မသက် သာပါဘူး။ လူနာကသွေးတိုး၊ နှလုံးရော ဂါတွေရှိတယ်၊ ၀တယ်၊ အိပ်ရင်ဟောက် တယ်ဆိုရင် နှာခေါင်း၊ အာခေါင်နဲ့ လည် ချောင်းမှာ ရောဂါရှိ၊ မရှိ စစ်ကြည့်ဖို့ လိုပါ တယ်။
Q. ဆရာတို့အနေနဲ့ ဒီလူနာက ဟောက်တယ် ဆိုတာကို ဘယ်လိုစစ်ဆေးသိရှိနိုင်ပါသလဲ။
A  ဟောက်တဲ့လူနာတွေကို ဆရာတို့က မေးပါတယ်။ လူနာကိုယ်တိုင်၊ အတူအိပ် တဲ့ ဇနီးမယား၊ အိမ်သားတွေကို လူနာက အိပ်ရင်ဟောက်၊ မဟောက်မေးရပါတယ်။ ဒီရောဂါတွေရှိပြီး ၀ပြီးဟောက်တဲ့လူတွေ ရှိသလို၊ တချို့လည်း ပိန်ပြီး ဟောက်တဲ့ လူတွေရှိပါတယ်။ ဖြစ်တယ်ဆိုရင်တော့ နှာခေါင်း၊ အာခေါင်၊ လည်ပင်းတွေမှာ ရောဂါရှိ၊ မရှိစစ်ဖို့ လိုပါတယ်။ ဟောက် တာက ယောက်ျားလေးတွေ၊ လူလတ် ပိုင်းတွေမှာ အဖြစ်များတယ် ဆိုပေမယ့် ကလေးတွေမှာဖြစ်တာလည်း ရှိပါတယ်။ မိဘတွေကိုမေးရပါတယ်။ အိပ်နေစဉ် ဟောက်တာက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
Q. ကုသမှုနဲ့ပတ်သက်ပြီးလည်း ရှင်းပြပေး ပါ ဆရာ။
A ကုသရာမှာ အဆင့်တွေ အများကြီး ရှိပါတယ်။ အကျိတ်တွေရှိနေတယ်ဆိုရင် ခွဲထုတ်ရပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ၀တာကြောင့်ဆိုရင်တော့ ကိုယ်အလေး ချိန် လျှော့ချခိုင်းရပါတယ်။ အဲဒီလိုလုပ် ပေမယ့် မသက်သာဘူးဆိုရင် ညအိပ်တဲ့ အခါ အသက်ရှူအားကူစက် တပ်ပေး ရပါတယ်။

ဒေါက်တာဝင်းထိုက်ကြည်
နား၊ နှာခေါင်း ၊ လည်ချောင်း အထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *