နွေရာသီမှာ အားကစားလုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၅) ချက်

နွေရာသီမှာ အားကစား ပြင်းပြင်းထန်ထန် မလုပ်ဖို့ သတိပေးစာတွေ သင်ကြားဖူးမှာပါ။ အဓိက ကတော့ အပူဒဏ်ကြောင့် ရေဓာတ်ပိုလိုအပ်နေတာကို သတိမထားမိဘဲ အားကစားကို အပြင်းအထန် စိတ်နှစ်ပြီး လုပ်မိတဲ့အခါ ရေဓာတ်ခန်းခြောက်တာတွေ အလွယ်တကူ ဖြစ်လာနိုင်လို့ပါ။

နွေရာသီမှာ အားကစားလုပ်တာကို လုံးဝ ရပ်လိုက်ဖို့ မလိုပါဘူး။ အပြင်မှာ အားကစားလုပ်မယ်ဆိုရင်တော့ ပေါ့ပေါ့ ပါးပါး အားကစားနည်းတွေကို ရွေးချယ်ပါ။ ပူပြင်းတဲ့နေ့တွေမှာတော့ အတတ်နိုင်ဆုံး အပြင်မှာ အားကစား မလုပ်ပါနဲ့။ လေအေးပေးစက်ဖွင့်ထားတဲ့ အားကစား ခန်းမမှာ လေ့ကျင့်မယ်ဆိုရင်တောင် ရေဆာမှ ရေထသောက်တာမျိုး မလုပ်ဘဲ ပုံမှန်သောက်နေကျထက် ရေခဏခဏ
သောက်ပေးဖို့လိုပါတယ်။

ဒီတော့ နွေရာသီမှာ အားကစားလုပ်မယ်ဆိုရင် ဒီအချက်တွေကို အရင်ဆုံး ဖတ်ကြည့်စေချင်ပါတယ်။

(၁) သင်ဟာဆေးသောက်နေရသူလား
သင်ဟာ ဆေးတစ်မျိုးမျိုးကို စွဲပြီး သောက်နေရတဲ့သူဆိုရင် သင်အားကစား လုပ်လို့ ရ၊ မရကို ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။ ဘာလို့ဆဲဆိုတော့ တချို့ဆေးတွေက ခန္ဓာကိုယ်ရဲ့ အပူထိန်းချုပ်မှုစနစ်ကို အပြောင်းအလဲ ဖြစ်စေတာကြောင့် အားကစားလုပ်တဲ့အခါ တစ်ခုခု ကမောက်ကမ ဖြစ်မှာစိုးလို့ အရင်တိုင်ပင်ဆွေးနွေး ကြည့်ခိုင်းတာဖြစ်ပါတယ်။

(၂) သက်သောင့်သက်သာဖြစ်ရဲ့လား
သင်အားကစားလုပ်ဖို့ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက သက်သောင့်သက်သာ ဖြစ်ဖို့လည်း လိုပါတယ်။ လက်မြှောက်၊ ခြေမြှောက်၊ အကွေး၊ အဆန့် အားလုံး လုပ်နိုင်ရဲ့လား လုပ်ကြည့်ပါ။ အဝတ်အစားက သက်သောင့်သက်သာ မဖြစ်ရင် သင်အားကစားလုပ်တဲ့အခါ ဒဏ်ဖြစ်စေတတ်ပြီး အရေပြားကိုလည်း ပွန်းစေနိုင်ပါတယ်။ အားကစားအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အဝတ်တွေမှာ Legging, Yoga Pants, Sweat Pants, Track Pants, Joggers စတာတွေရှိပါတယ်။ အများအားဖြင့် နိုင်လွန်၊ ကော့တွန်၊ လိုင်ခရာ၊ ပေါ်လီအီစတာ၊ သိုးမွေး စတာတွေနဲ့ ရောစပ်ချုပ်လုပ်ထားတာဖြစ်လို့ လေဝင်လေထွက် ကောင်းပြီး ကွေးရဆန့်ရ လွယ်တာကြောင့် အလွန် သက်သောင့်သက်သာ ရှိစေပါတယ်။

(၃) နေလောင်ကာခရင်မ်လိမ်းရဲ့လား
အပြင်မှာအားကစားထွက်လုပ်ဖို့ စဉ်းစားထားရင် နေလောင်ကာခရင်မ်က မရှိမဖြစ် လိမ်းဖို့လိုအပ်လာပါပြီ။ SPF 15, SPF 30, SPF 50 ရှိတာမှာ ဘယ်ဟာပဲလိမ်းလိမ်း အပြင်မထွက်ခင် နာရီဝက် အလိုကတည်းက လိမ်းထားပါ။ နောက် နှစ်နာရီခြားတစ်ခါ ထပ်ထပ်ပြီး လိမ်းပေးပါ။ ဦးထုပ်လည်း ဆောင်းသွားနိုင်ရင် အကောင်းဆုံးပါ။

(၄) ရေဓာတ်လုံလောက်ရဲ့လား
ဒါက အရေးကြီးဆုံးအချက်မို့ အပေါ်မှာကတည်းက သတိပေးခဲ့ပါတယ်။ အားကစားမလုပ်ခင်မှာရော၊ လုပ်နေတုန်းမှာရော၊ အားကစားလုပ်အပြီးမှာပါ ရေခဏခဏ သောက်ပေးဖို့ လိုပါတယ်။ အပြင်မှာအားကစားကို တစ်နာရီကျော်ကြာအောင်လုပ်မယ်ဆိုရင် ရိုးရိုးရေသန့်တင် မဟုတ်ဘဲ Electrolytes တွေပါဝင်တဲ့ အားဖြည့်အချိုရည်ပါ သောက်ပေးဖို့ လိုပါတယ်။

(၅) အချိန် Limit လုပ်ထားရဲ့လား
အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်သူတွေအတွက်တော့ သိပ်သတိထားစရာမလိုပေမဲ့ အပြင်မှာ အားကစားလုပ်မယ်ဆိုရင် နွေရာသီဖြစ်တာမို့ အပူချိန်၊ စိုထိုင်းမှုနဲ့ လေထုညစ်ညမ်းမှုတွေက ပြင်းထန်နေတာကြောင့် အချိန်ကန့်သတ်ပြီး အားကစားလုပ်သင့်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နွေရာသီမှာ အားကစားလုပ်မယ်ဆိုရင် နံနက်ပိုင်း နံနက် ဆယ်နာရီမထိုးခင်နဲ့ ညနေ ခြောက်နာရီ နောက်ပိုင်းမှာ ကစားသင့်ပါတယ်။ ပန်းခြံ ဒါမှမဟုတ် အရိပ်အာဝသကောင်းတဲ့နေရာမှာ အားကစားလုပ်မယ်ဆို ပိုသင့်တော်ပါတယ်။ အပြင်အပူချိန်က ၉၀ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်နေပြီဆိုရင်တော့ အပြင်မှာ အားကစားလုပ်ဖို့ မသင့်တော်ပါဘူး။

#ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal