ကင်ဆာအတွက် ပထမဆုံး မျိုးရိုးဗီဇကုထုံး

အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက လူကီးမီးယာျးရောဂါကုသနည်း အသစ်ဖြစ်တဲ့ ပထမဆုံးမျိုးရိုးဗီဇကုထုံးကို အတည်ပြုလိုက်တယ်လို့ သိရပါတယ်။ လူနာရဲ့ ခုခံအားဆဲလ်တွေကို ဓာတ်ခွဲခန်းမှာ ဗိုင်းရပ်စ်ပိုး အသုံးပြုပြီး မျိုးရိုးဗီဇပြုပြင်ကာ ပြန်လည်အသုံးပြုရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီကုထုံးကို CAR-T (Chimeric Antigen Receptor T-cell therapy) လို့ ခေါ်ပြီး ကလေးငယ်တွေမှာ အဖြစ် များဆုံးကင်ဆာဖြစ်တဲ့ ALL ခေါ်တဲ့ B-cell acute lymphoblastic leukemia သွေးကင်ဆာရှိသူတွေကို ကုသဖို့အတွက် ဇူလိုင်လအတွင်းက အ သိအမှတ်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒီကုထုံးနဲ့ ကုသသူတွေက အနည်းဆုံး ခြောက်လ အသက်ရှင်ခွင့် ၈၉ ရာခိုင် နှုန်းရှိပြီး တစ်နှစ်အသက်ရှင်ခွင့် ၇၉ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ALL ဟာ ရောဂါတွေကို တွန်းလှန်တဲ့ ပဋိပစ္စည်း ပြုလုပ်ပေးတဲ့ ဆဲလ်တွေကို အဓိကထားပြီး တိုက်ခိုက်ပါတယ်။ ALL ကင်ဆာရောဂါ ရှိတဲ့ လူနာအများစုဟာ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးဝါးကုထုံး၊ ရိုးတွင်းခြင်ဆီ အစားထိုးကုထုံးနဲ့ Stem Cell ကုထုံးတွေကို အသုံးပြုကြရပြီး ဒီကင်ဆာ ထပ်မံပြန်လည်ဖြစ်လာပါက အသက်ရှင်ဖို့ အခွင့်အလမ်း အလွန်နည်းပါးတဲ့အတွက် CAR-T ကုထုံးဟာ သူတို့အတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာပါတော့တယ်။

CAR-T ကုထုံးမှာ ပထမဆုံးအနေနဲ့ လူနာရဲ့ သွေးထဲက ရောဂါပိုးကို တွန်းလှန်နိုင်တဲ့ သွေးဖြူဥခေါ် T Cell ကို ထုတ်ယူပါတယ်။ ပြီးရင် ဆဲလ်တွေကို အေးခဲထားပြီး ဓာတ်ခွဲခန်းကို ပို့ပေးပါတယ်။ ဓာတ်ခွဲခန်းက ဒီဆဲလ်တွေရဲ့ မျိုးရိုးဗီဇကို ပြုပြင်ပေးလိုက်ပြီး လူနာရဲ့ ကိုယ်တွင်းကို ပြန်လည် ထည့်ပေးလိုက်တဲ့အခါမှာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဆေးကြောင့် အန္တရာယ်ရှိနိုင်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် ဒီဆဲလ်တွေက သွေးထဲကို ဓာတုပစ္စည်းတွေ အများကြီး ထုတ်လုပ်လိုက်တာကြောင့် Cytokine release syndrome ဖြစ်ပြီး အဖျားအလွန်ကြီးကာ သွေးဖိအား ရုတ်တရက် ကျဆင်းသွားနိုင်ပါတယ်။ ပျို့ တာ၊ ၀မ်းပျက်တာ၊ ခေါင်းကိုက်တာနဲ့ သွေးအားနည်းတာတွေလည်း ဖြစ်တတ်ပါတယ်။

   

နောက်ဆက်တွဲဆိုးကျိုးရှိတာကြောင့် ဒီဆေးကို နေရာတိုင်းမှာ မရရှိ နိုင်ပါဘူး။ ဒီကုထုံးကို အသုံးပြုဖို့အတွက် ဆေးရုံနဲ့ ဆေးခန်းတွေက အထူးပြုလက် မှတ်ရရှိထားရပါမယ်။ ဆရာဝန်နဲ့ တခြား ဆေးရုံဝန်ထမ်းတွေကလည်း ဒီဆေးဝါးနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို တက် ထားပြီးသား ဖြစ်ရပါမယ်။ ဒီဆေးဝါးကို Kymriah လို့ အမည်ပေးထားကာ လူနာအတွက် တစ်ကြိမ်သာ သွင်းရမှာဖြစ်ပါတယ်။ Novartis ဆေးကုမ္ပဏီက ထုတ်လုပ်ပြီး ဈေးနှုန်းအနေနဲ့ $ ၄၇၅၀၀၀ လို့ သတ်မှတ်ထားပါတယ်။ ဆေးဝါးကုသပြီး တစ်လအတွင်း ထိရောက်မှုမရှိရင် ပိုက်ဆံမယူဘူးလို့တော့ ကုမ္ပဏီက ပြောထားပါတယ်။

 

ရွှေမိုး

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *