ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင်

ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင် အချိန်ဘယ်လောက် လမ်းလျှောက်ရမလဲ ?



#နှလုံးရောဂါဆိုသည်မှာ။

နှလုံးအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အခြေအနေ မျိုးစုံကို နှလုံးရောဂါ လို့ခေါ်ပါတယ်။ နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုကို ဦးဆောင်နေတဲ့ ရောဂါ ဖြစ်ပြီး နှစ်စဉ် ကမ္ဘာတစ်လွှားက လူပေါင်း ၁၇.၉ သန်းခန့်က ဒီရောဂါကြောင့် သေဆုံးနေကြတယ်လို့ WHO မှ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်မှု မရှိတဲ့ အစားအစာစားတာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန်အကျွံ သောက်တာတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်တာကို ဖြစ်ပေါ်စေနိုင်တဲ့ အပြုအမူတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အေဂျင်စီက ထုတ်ဖော်ထားပါတယ်။
သတင်းကောင်းတစ်ခုက နှလုံးရောဂါအများစုကို ကာကွယ်နိုင်တယ်ဆိုတာပါပဲ။ ရောဂါကို ကာကွယ်ဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုက လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ခန့် လမ်းလျှောက်ရုံနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ သိရတာမို့ ဘယ်လောက် အချိန်ကြာကြာလမ်းလျှောက်ရမယ်ဆိုတာကို တိတိကျကျ သိရအောင် လေ့လာကြည့်ရအောင်။


#လေ့လာမှုမှာ။

ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ကို ၂၁ မိနစ်ခန့် လမ်းလျှောက်ရုံနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေက ၃၀ % ထိလျော့နည်းနိုင်တယ်လို့ သိရပါတယ်။ ဒါက တစ်ပတ်ကို ၂ နာရီခွဲ လမ်းလျှောက်တာနဲ့ ညီမျှပါတယ်။
လမ်းလျှောက်တာကို နည်းလမ်းမှန်မှန် ပြုလုပ်ရင် ဝိတ်ကျတာ၊ သွေးဖိအားနဲ့ ကိုလက်စတရောပမာဏ လျော့ကျတာ၊ မှတ်ဉာဏ်ထက်သန်တာတွေအပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာနဲ့ တစ်ခြားရောဂါတွေ ဖြစ်နိုင်ခြေပါ လျော့နည်းနိုင်ပါတယ်။


#ဘာကြောင့်ဒီသုတေသနကအရေးကြီးတာလဲ။

ဟားဗတ်ဆေးတက္ကသိုလ်က ကိုဗစ်အခြေအနေဆိုးရွားစဉ်က ပြုလုပ်ခဲ့တဲ့သူရဲ့သုတေသနပြုချက်ကို ပြန်လည်ဆန်းစစ်ရာမှာ ကိုဗစ်ကြောင့် နှလုံးကျန်းမာရေး ထိခိုက်တာကို တွေ့ရှိခဲ့ပါတယ်။ mild covid ဖြစ်ခဲ့တာတောင် နှလုံးအပါအဝင် ခန္ဓာကိုယ်ပေါ်မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။
မကြာခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရလည်း Mild Covid ဖြစ်ခဲ့တာတောင် ရောဂါ ဖြစ်အင်္ပြီး အနည်းဆုံးတစ်နှစ်အကြာမှာ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ပိုများနိုင်တယ်လို့ သိရပါတယ်။
နှလုံးအလုပ်မလုပ်နိုင်တာနဲ့ လေဖြတ်တာလိုမျိုး ရောဂါအမျိုးမျိုးရဲ့ ဖြစ်နှုန်းက ကိုဗစ်ကနေ ပြန်လည်ကောင်းမွန်လာသူတွေမှာ ကိုဗစ်ရောဂါ မဖြစ်သူတွေထက် ပိုပြီး များပြားတယ်လို့လည်း ဒီလေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။


#နှလုံးကျန်းမာဖို့လမ်းလျှောက်ခြင်းရဲ့အခန်းကဏ္ဍ။

အမေရိကန်နှလုံးရောဂါအဖွဲ့ရဲ့ အဆိုအရ လမ်းလျှောက်တာက နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ သူက စွမ်းအင်ကို မြှင့်တင်ပေးရုံမက သွေးဖိအားနဲ့ သွေးတွင်းကိုလက်စတရော ပမာဏကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိအောင် ကူညီနိုင်ပါတယ်။
ဒါ့အပြင် လမ်းလျှောက်တာကြောင့် ဆီးချိုရောဂါ၊ တစ်ချို့ကင်ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်ပြီး အရိုးသိပ်သည်းဆ မလျော့နည်းသွားအောင် ထိန်းချုပ်ထားနိုင်တယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။ လမ်းလျှောက်တာကြောင့် နှလုံးရောဂါ ဖြစ်ပေါ်စေတဲ့ အဓိကအချက်တစ်ချက်ဖြစ်တဲ့ စိတ်ဖိစီးမှုလည်း လျော့ကျနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။
လေ့လာမှုအများအပြားအရလည်း လမ်းလျှောက်တာကြောင့် စိတ်ကျဝေဒနာ သက်သာသွားတာကလည်း ဆေးဝါးမှီဝဲသလို အကျိုးသက်ရောက်မှု ရှိတယ်လို့ ဟားဗတ်တက္ကသိုလ်က ဆိုပါတယ်။


#လမ်းလျှောက်တာကြောင့်ရရှိနိုင်မည့်အခြားအကျိုးကျေးဇူးများ။

လမ်းလျှောက်တာကြောင့် နှလုံးရောဂါ၊ လေဖြတ်တာ၊ သွေးတိုးတာ၊ ကင်ဆာနဲ့ ဆီးချိုရောဂါ အပါအဝင် ရောဂါအမျိုးမျိုးကို ကာကွယ်နိုင်တာ၊ ကုသနိုင်တာတွေအပြင် သူကနှလုံးသွေးကြော ကြံ့ခိုင်ကျန်းမာအောင်၊ အရိုးနဲ့ကြွက်သား သန်မာအောင်၊ စွမ်းအင်မြင့်တက်လာအောင် ကူညီပေးနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ကိုယ်အလေးချိန် ဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။


#နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးအောင်တစ်ခြားဘယ်လိုမျိုးဘဝနေထိုင်မှုပုံစံပြုလုပ်ရပါမလဲ။

ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုဌာနက လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များများစားသုံးဖို့နဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို လျော့စားဖို့ အကြံပေးထားပါတယ်။

-ပြည့်ဝဆီနဲ့ ထပ်ပြန်ကျော်ဆီ ပါဝင်မှု များပြားတဲ့ အစားအစာတွေက နှလုံးရောဂါ ဖြစ်ဖို့ အားပေးနိုင်တာမို့ ရှောင်ကြဉ် သင့်ပါတယ်။

-ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင်လည်း ထိန်းသိမ်းပါ။

-အရက်ကို အကန့်အသတ်နဲ့သာသောက်သင့်ပြီးဆေးလိပ်သောက်တတ်သူတွေ ဆေးလိပ်ဖြတ်တာကြောင့် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ဖို့ ကူညီနိုင်ပါတယ်။


ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal