ကိုယ်အပူချိန် ၉၉ ဒီဂရီဖာရင်ဟိုက်ကို အဖျားရှိတယ်လို့ သတ်မှတ်ပါသလား ?

ကျွန်မတို့ဟာ ခန္ဓာကိုယ်အပူချိန် ၉၈.၆ ဒီဂရီဖာရင်ဟိုက်ကို ပုံမှန်လို့ သိရှိထား ကြပြီး အပူချိန် ၉၉ ဒီဂရီဖာရင်ဟိုက်လောက် ရှိတာနဲ့ အဖျားရှိတယ်ထင်ပြီး စိုးရိမ်တတ်ကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဖျားမရှိဘဲနဲ့လည်း ကိုယ်အလေးချိန် အနည်းငယ်မြင့်တက်နိုင်တဲ့ အချက်အလက်တွေ ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို ပျမ်းမျှအားဖြင့် ၉၈.၆ ဒီဂရီဖာရင်ဟိုက်လို့ ၁၈၈၆ ခုနှစ်ကတည်း က ဂျာမန်ဆေးပညာရှင်တစ်ယောက်က သတ်မှတ်ပေးခဲ့ပေမယ့် ခန္ဓာကိုယ်ပုံမှန်အပူချိန်က တစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်သလို တစ်နေ့တည်းမှာပဲ အချိန်နဲ့ လိုက်ပြီး အနည်းငယ်ကွာခြားနိုင်ပါတယ်။ ကိုယ်အပူချိန်က မနက်ပိုင်းအချိန်မှာ အနိမ့်ဆုံးဖြစ်ပြီး ညနေပိုင်းအချိန်မှာ ပုံမှန်ထက် အနည်းငယ်မြင့်နေတတ်ပါတယ်။ အလုပ်လုပ်နေတဲ့ လူတွေမှာ ကိုယ်အပူချိန် အနည်းငယ်မြင့် တက်နေပေမယ့်လည်း တခြားသော ရောဂါလက္ခဏာမရှိဘူးဆိုရင် စိုးရိမ်စရာ မရှိပါဘူး။
ကိုယ်အပူချိန်က အနည်းငယ်မြင့်တက်နေပြီး ကိုယ်အလေးချိန်ကျဆင်းသွားတာ၊ အစာစားချင်စိတ်မရှိတာနဲ့ ESR ပုံမှန်မဟုတ်တာတွေလိုမျိုး ခန္ဓာကိုယ်က တခြားလက္ခဏာတွေ ပြမှသာ စိုးရိမ်ရပါမယ်။ လေ့ကျင့်ခန်းလုပ်တာ၊ မျိုးဥကြွေတာ၊ ကိုယ်ဝန်ဆောင်တာ၊ စိတ်ဖိစီးမှုများတာနဲ့ အစာစားတာတွေကြောင့်လည်း ခန္ဓာကိုယ် အပူချိန် အနည်းငယ်မြင့်တက်နိုင်တယ်လို့ ဂျပန်က လေ့လာမှုအရ သိရပါတယ်။

ခန္ဓာကိုယ်အပူချိန်တိုင်းတာတဲ့နည်းလမ်းကလည်း အလွန်အရေးပါပါတယ်။ ကိုယ်အပူချိန်ကို ပါးစပ်ကနေ တိုင်းတာမယ်ဆိုရင် အပူချိန်မတိုင်းခင် အပူ ဒါမှမဟုတ် အအေး သောက်မထားရပါဘူး။ ကလေးငယ်တွေမှာ ပါးစပ် ဒါမှမဟုတ် ချိုင်းက တိုင်းတဲ့ အပူချိန်ဟာ ၉၉.၇ ဒီဂရီဖာဟင်ဟိုက်ထက် မြင့်မားနေရင် အဖျားရှိတယ်လို့ သတ်မှတ်ပါတယ်။ လူကြီးတွေလည်း ဒီအတိုင်းပါပဲ။ စအိုက အပူချိန်တိုင်းတာကတော့ ပိုတိတိကျကျရှိပြီး ကလေးငယ်တွေမှာ ၁၀၀.၄ ၊ လူကြီးတွေမှာ ၁၀၀.၆ ဒီဂရီဖာရင်ဟိုက် ထက်မြင့်နေရင် အဖျားရှိတယ်လို့ သတ်မှတ်ပေးပါတယ်။

အဖျားရှိတာက ခန္ဓာကိုယ်က ရောဂါတွေကို တိုက်ထုတ်တဲ့လုပ်ငန်းစဉ်ဖြစ်ပြီး အဖျားနဲ့အတူ အောက်ပါရောဂါလက္ခဏာတွေ ရှိနေရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

  •  အသက်ရှူရခက်ခဲနေရင်
  • ခန္ဓာကိုယ်အတွင်း အလွန်အမင်း နာကျင်နေရင်
  • ဆီးသွားစဉ် အနံ့နံနေရင် ဒါမှမဟုတ် နာကျင်နေရင်
  • သတိမေ့မြောနေရင်
  • တက်နေရင်
  • ဇက်တောင့်တင်းခိုင်မာနေရင်

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် သင်ရဲ့ ပုံမှန်ခန္ဓာကိုယ်အပူချိန်က ၉၇ ဖြစ်နေရင် ကိုယ်အပူချိန် ၉၉ ကို အဖျားရှိတယ်လို့ သတ်မှတ်နိုင်ပြီး သင်ရဲ့ ပုံမှန်ခန္ဓာကိုယ် အပူချိန်က ၉၈.၆ ဖြစ်နေပြီး သင်ရဲ့ အပူချိန်က ၉၉ ရှိပေမယ့် သင်ဟာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်တယ်ဆိုရင်တော့ လျစ်လျူရှုလိုက်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *