ကိုယ်ဝန်ဆောင်ကာလမှာ ကြွက်တက်နေရင်

အမေရိကန်ကိုယ်ဝန်ဆောင်အဖွဲ့ ရဲ့ အဆိုအရ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေ ၅၀ ရာခိုင်နှုန်းက ကိုယ်ဝန်ဆောင် ကာလမှာ ကြွက်တက်တတ်တယ်လို့ သိ ရပါတယ်။ ညအိပ်ချိန် ခြေသလုံးနေရာမှာ ကြွက်တက်တတ်ပြီး များသောအားဖြင့် ကိုယ်ဝန် ဒုတိယနဲ့ တတိယ သုံးလတာ ကာလအတွင်းမှာ အဖြစ်များတယ်လို့ဆို ပါတယ်။ ခါးနေရာ၊ ၀မ်းဗိုက်နေရာနဲ့ ခြေ လက်တွေမှာလည်း တစ်ခါတလေ ကြွက် တက်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ဘာ ကြောင့် ခြေထောက်ကြွက်တက်ရသလဲ ဆိုတာကို ဆေးပညာကျွမ်းကျင်သူတွေက သေသေချာချာ ရှင်းရှင်းလင်းလင်း မသိ ရှိ ကြသေးပေမယ့် ကိုယ်ဝန်ဆောင်ချိန် မှာ သားအိမ်က တချို့အာရုံကြောတွေ ပေါ်မှာ ဖိအားပေးထားတာ ဒါမှမဟုတ် သန္ဓေသားက သွေးကြောတွေပေါ်မှာ ဖိ အားပေးထားတာကြောင့် ခြေထောက်အ တွင်း သွေးလှည့်ပတ်မှုမကောင်းတာ ကြောင့် ဖြစ်နိုင်တယ်လို့ ထင်မှတ်ကြပါ တယ်။

ခြေထောက်မှာ ကြွက်တက်တာက ကယ်လ်စီယမ် ဒါမှမဟုတ် မဂ္ဂနီဆီယမ် ချို့တဲ့တာကြောင့် ဖြစ်နိုင်သလို ရေဓာတ် ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ ကလေးမွေးပြီးတာနဲ့ ကြွက်တက်တာက သက်သာသွားတတ်ပါ တယ်။ ဒီအတောအတွင်းမှာ ကြွက်တက် တာ သက်သာနိုင်အောင် အောက်ပါဘ၀ နေထိုင်မှုပုံစံတွေကို ပြုလုပ်ပေးပါ။

လမ်းလျှောက်ပါ ဒါမှမဟုတ် ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပါ

အိပ်ရာမ၀င်ခင် ဆွဲဆန့်လေ့ကျင့် ခန်းပြုလုပ်တာက ကြွက်တက်တဲ့အ ကြိမ်ရေသက်သာသွားနိုင်တယ်လို့ ၂၀၁၂ ခုနှစ်က လေ့လာမှုအရ သိရပါ တယ်။ သင့်ခြေထောက်မှာ ကြွက်တက် တာနဲ့တစ်ပြိုင်နက် ခြေထောက်ကို အပေါ်အောက် လျင်လျင်မြန်မြန် ဆတ် ခနဲဆတ်ခနဲ လှုပ်ပေးပါ။ မာကျောတဲ့ ကြမ်းပြင်ပေါ်မှာ မတ်တတ်ရပ်ပြီး ခြေ ချောင်းလေးတွေကို ထောက်ပေးတာ ကလည်း ခြေသလုံးကြွက်သားတွေကို ဆွဲဆန့်ပေးနိုင်ပြီး ကြွက်တက်တာ သက် သာသွားနိုင်ပါတယ်။ ဒီလိုပြုလုပ်ရင်တော့ ဟန်ချက် ထိန်းနိုင်အောင် တစ်ခုခု (ဥပမာ ခုံ၊ စားပွဲ) ကို ကိုင်တွယ်ထားပါ။ ပြီးရင် တင်းနေတဲ့ ကြွက်သားနေရာကို အသာအယာ နှိပ်နယ်ပေးပါ။
လမ်းလည်း လျှောက်ပေးပါ။ လမ်း လျှောက်တာက အနည်းငယ်နာကျင်မှု ရရှိစေပေမယ့် ခံနိုင်ရည်ရှိသလောက် တ ဖြည်းဖြည်းလမ်းလျှောက်တာက ကြွက် တက်တာ အလျင်အမြန်သက်သာနိုင်ပါ တယ်။ လမ်းလျှောက်တာက ဦးနှောက်ကို ကြွက်သားတွေ ကျုံ့တာဆန့်တာ လိုအပ် ကြောင်း အချက်ပြပေးနိုင်တဲ့အတွက် တင်းမာနေတဲ့ ကြွက်သားတွေလည်း ပြေ လျော့သွားနိုင်ပါတယ်။

ရေခဲကပ်ပါ

ခြေထောက်ကြွက်တက်နေရင် ရေခဲကပ်တာက အလွန်ထိရောက်မှုရှိပါ တယ်။ အအေးက နာနေတဲ့နေရာကို ထုံ စေပြီး ရောင်ရမ်းမှု လျော့ကျစေကာ ကြွက် သားတွေကို Relax ရရှိစေနိုင်ပါတယ်။
♦ ချွေးသုတ်ပ၀ါအပါးတစ်ထည်ထဲ ရေခဲထည့်ပြီး ကြွက်တက်နေတဲ့ခြေ ထောက်ပေါ်ကို ၁၅ မိနစ်ခန့် ကပ်ပေးပါ။ နှစ်နာရီခြား တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။

ရေနွေးကပ်ပါ

ရေနွေးကပ်တာကလည်း ကြွက် တက်တာအတွက် ထိရောက်မှုရှိတဲ့ နည်းလမ်းပါပဲ။ ရေနွေးအပူချိန်ကြောင့် ကြွက်သားတွေ Relax ရရှိပြီး နာကျင်မှု ဝေဒနာ သက်သာသွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ကောင်းမွန်နိုင် ပြီး အနာကျက်မြန်စေနိုင်ပါတယ်။
♦ ကြွက်တက်တဲ့နေရာကို ရေနွေး အိတ်ကပ်ပေးပါ။
♦ ဒါမှမဟုတ် ရေနွေးဇလုံထဲ ချွေး သုတ်ပ၀ါကို နှစ်ကာ ရေညှစ်ပြီး ကြွက် တက်တဲ့ နေရာကို ကပ်ပေးပါ။

ဆားခါးအသုံးပြုပါ

ဆားခါးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ် တွေကြောင့် ကြွက်သားတွေ ဖြေလျှော့မှု ရပြီး နာကျင်မှုဝေဒနာ သက်သာသွားနိုင် ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက် တက်တာအဖြစ်များတဲ့အကြောင်းရင်း တစ်ခုဖြစ်တဲ့ မဂ္ဂနီဆီယမ်ချို့တဲ့မှုအတွက် လည်း ဆားခါးက ပြန်လည်ပြုပြင်ပေးနိုင် ပါတယ်။
♦ ရေဇလုံတစ်ခုထဲမှာ ကြက်သီးနွေး ရေထည့်ပါ။
♦ အဲဒီထဲကို ဆားခါး နှစ်ခွက်ထည့်ပြီး မိနစ် ၂၀ လောက် ရေစိမ်ချိုးပါ။
♦ တစ်ပတ် တစ်ကြိမ်ခန့် ဆားခါးနဲ့ ရေစိမ်ချိုးပေးပါ။

သတိပြုရန်
သင့်မှာ နှလုံးပြဿနာရှိရင် ဒါမှ မဟုတ် သွေးတိုးပြဿနာရှိနေရင် ဆား ခါးအသုံးပြုတာကို ရှောင်ကြဉ်ပါ။

အနှိပ်ခံပါ

အနှိပ်ခံတာက ကြွက်တက်တာကို သက်သာစေနိုင်ပါတယ်။ နှိပ်တာကြောင့် ကြွက်တက်တဲ့ ကြွက်သားတစ်ဝိုက်မှာ သွေးလှည့်ပတ်မှုကောင်းမွန်စေတဲ့အ ပြင် တင်းမာနေတဲ့ ကြွက်သားအတွင်း ရေဓာတ်တွေ ရရှိစေနိုင်ပါတယ်။ နှိပ်ခါစ မှာ အနည်းငယ်နာကျင်နိုင်ပေမယ့် နှိပ် ပြီး မကြာခင်မှာပဲ ကြွက်တက်တာ ပျောက်ကင်းသွားနိုင်ပါတယ်။
♦ ကြွက်တက်နေတဲ့နေရာကို သံလွင် ဆီအနည်းငယ်လိမ်းပါ။
♦ ပြီးရင် လက်နဲ့ အောက်ကိုပွတ်ဆွဲပြီး နှိပ်ပေးပါ။
♦ နှိပ်ပြီးတာနဲ့ အဲဒီနေရာကို ပူနွေးတဲ့ မျက်နှာသုတ်ပ၀ါနဲ့ ပတ်ထားပြီး နာရီ အနည်းငယ်ထားပေးပါ။

မှတ်ချက်
မိမိဘာသာနှိပ်နယ်တာမျိုး မလုပ် ဘဲ မိမိရဲ့ အိမ်ထောင်ဖက်၊ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေကို အကူအ ညီတောင်းပြီး နှိပ်ခိုင်းပါ။

ပန်းသီးရှလကာရည်အသုံးပြုပါ

ပန်းသီးရှလကာရည်ဟာလည်း ကိုယ်ဝန်ဆောင်ကာလမှာ ကြွက်တက် တာအတွက် အလွန်အသုံးဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ များစွာသော ပိုတက်စီယမ် တွေက ကြွက်တက်တဲ့အကြိမ်အရေအ တွက်ကို လျော့နည်းစေနိုင်ပြီး နာကျင်တဲ့ ဝေဒနာကိုလည်း သက်သာစေနိုင်ပါ တယ်။ ရှလကာရည်က ခန္ဓာကိုယ်အတွင်း ရေဓာတ်ညီညွတ်မျှတမှုရှိအောင် ထိန်း ချုပ်ပေးနိုင်တဲ့အတွက် ကြွက်တက်တာ ဖြစ်စေတဲ့ ရေဓာတ်ချို့တဲ့မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အယ်လ်ကာလီဂုဏ်သတ္တိလည်း ရှိတဲ့အတွက် နာကျင်မှုနဲ့ ရောင်ရမ်းမှု ဝေဒနာတွေလည်း လျော့ကျသွားနိုင်ပါ တယ်။
♦ ကြက်သီးနွေးရေတစ်ဇလုံထဲကို ပန်းသီးရှလကာရည် နှစ်ခွက်ထည့်ပါ။
♦ အဲဒီအရည်နဲ့ ၁၅-၂၀ မိနစ်ခန့် ရေစိမ်ချိုးပါ။

မဂ္ဂနီဆီယမ် မှီဝဲပါ

မဂ္ဂနီဆီယမ်ချို့တဲ့တာက ကြွက် တက်တာနဲ့ ဆက်စပ်မှုရှိနေတဲ့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ကြွက်တက် တတ်သူတွေကို မဂ္ဂနီဆီယမ်မှီဝဲဖို့ ဆရာ ၀န်တွေက အကြံပေးကြပါတယ်။ မဂ္ဂနီ ဆီယမ်ဟာ ကြွက်သားကျန်းမာရေးအ တွက် အလွန်အရေးကြီးတဲ့အပြင် ခန္ဓာကိုယ်က ကယ်လ်စီယမ်အသုံးပြုဖို့ အတွက်လည်း လှုံ့ဆော်မှုပေးနိုင်ပါတယ်။
မဂ္ဂနီဆီယမ်ကို ဗာဒံစေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲအမျိုးမျိုး၊ ဖရုံစေ့၊ တိုဟူး၊ ပဲနို့၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ဒိန်ချဉ်၊ ကောက်နှံတစ်ခုလုံးပါဝင်စာနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက နေလည်း ရရှိနိုင်ပါတယ်။

ပိုတက်စီယမ်အသုံးပြုပါ

ပိုတက်စီယမ်ဟာလည်း မဂ္ဂနီဆီ ယမ်လိုမျိုးပဲ ကြွက်တက်တာအတွက် အလွန်ကောင်းမွန်ပါတယ်။ သူက ကြွက် သားနဲ့ အာရုံကြောလုပ်ဆောင်မှုအတွက် အလွန်အသုံးဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာ ကိုယ်က မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ် စုပ်ယူမှုအတွက် ပိုတက်စီယမ်က ကူညီ ပေးပါတယ်။ ပိုတက်စီယမ်ချို့တဲ့နေရင် ကြွက်တက်တာအပြင် အန်တာ၊ အား နည်းတာ၊ ၀မ်းချုပ်တာ၊ နှလုံးခုန်နှုန်း မမှန်တာတွေပါ တွဲဖြစ်တတ်ပါတယ်။
ပိုတက်စီယမ်ကို လုံလုံလောက် လောက်ရရှိဖို့ လိုအပ်ပါတယ်။ ငှက်ပျော သီး၊ စွံပလွန်သီး၊ စပျစ်သီး၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ငါးနဲ့ ၀က်သားတွေမှာ ပို တက်စီယမ်များစွာ ပါဝင်ပါတယ်။

ရေလုံလုံလောက်လောက်သောက်ပါ

ရေလုံလုံလောက်လောက်ရရှိပါမှ သွေးလှည့်ပတ်မှုကောင်းမွန်နိုင်သလို ရေဟာ ကြွက်သားကျန်းမာရေးအတွက် လည်း အလွန်လိုအပ်ပါတယ်။ သူက အစာ ခြေစနစ်နဲ့ ဆီးစွန့်စနစ်ကိုလည်းကောင်း မွန်စွာ အလုပ်လုပ်စေနိုင်ပါတယ်။
တစ်နေ့ကို အနည်းဆုံး ရေ ၈-၁၀ ခွက်သောက်ပေးပါ။ သင့်ဆီးက ဖြူပြီး ကြည်နေရင် သင့်မှာ ရေဓာတ်ပြည့်ဝနေ တဲ့လက္ခဏာဖြစ်ပြီး သင့်ဆီးက ၀ါနေရင် တော့ ရေဓာတ်ချို့တဲ့နေတဲ့ လက္ခဏာပါ။ ရေသောက်တာအပြင် အရည်ရွှမ်းတဲ့ ဟင်းသီးဟင်း ရွက်နဲ့ သစ်သီးဝလံများများ စားပေးနိုင်ပါတယ်။

Tips!

သင်က မကြာခဏ ကြွက်တက် တတ်ပြီး ကြွက်တက်တာက အထက်ပါ အိမ်တွင်းကုထုံးတွေနဲ့ မသက်သာခဲ့ရင် ဆရာဝန်နဲ့ ပြသပါ။
♦ အိပ်ရာမ၀င်ခင်မှာ ခြေဖ၀ါးကို အကွေးအဆန့်ပြုလုပ်ပေးတာက ညအိပ် ချိန်မှာ ခြေထောက်ကြွက်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
♦ အချိန်အကြာကြီး မတ်တတ်ရပ်တာ ဒါမှမဟုတ် ထိုင်တာတွေကို ရှောင်ကြဉ်ပါ။
♦ ထိုင်တဲ့အခါ သက်သောင့်သက်သာ ရှိအောင် ခြေထောက်ကို ခွေးခြေတစ်ခု ပေါ် တင်ပြီး ထိုင်ပါ။ ခြေချိတ်မထိုင်ပါနဲ့။
♦ မိမိနဲ့သက်သောင့်သက်သာဖြစ် မယ့် ဖိနပ်ကို ၀တ်ဆင်ပါ။
♦ ကော်ဖီလျှော့သောက်ပါ။ ကဖင်းက ဆီးရွှင်စေတဲ့ ဂုဏ်သတ္တိကြောင့် ခန္ဓာ ကိုယ်ရဲ့ ရေဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါ တယ်။
♦ ဆီးအောင့်မထားပါနဲ့။ ဆီးအောင့် ထားတာက ခြေထောက်ရောင်ရမ်းမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။
♦ ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန် ညွှန်ကြားချက်မပါဘဲ အကိုက်အခဲ ပျောက်ဆေးတွေ မမှီဝဲပါနဲ့။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *