သင်ကိုယ်ဝန်ဆောင်စဉ်ကာလမှာ လူတိုင်းကတော့ အကြံအမျိုးမျိုးပေးကြပါလိမ့်မယ်။ တချို့က တကယ်ကို သင့်အတွက် အထောက်အကူရသလို တချို့ကတော့ ဘာအထောက်အကူမှ သိပ်မရလှပါဘူး။ အဲဒီလိုအကြံပေးတဲ့အထဲမှာ ကိုယ်ဝန်ဆောင် ပျို့အန်တာနဲ့ပတ်သက်တာတွေ အများအပြား ပါလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၇၀ ရာခိုင်နှုန်းခန့်က ပျို့အန်တတ်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင် ပျို့အန်တာနဲ့ပတ်သက်တဲ့ အယူအဆ အမှန်နဲ့အမှားတွေကို ဖော်ပြပေးလိုက်ပါ တယ်။
အယူအဆ ► သူက မနက်ပိုင်းမှာ ဖြစ်တာပါ။
မှားပါတယ်
Morning Sickness က နေ့တစ်နေ့ရဲ့ အချိန်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးအများစုကတော့ မနက်ပိုင်းမှာ ပျို့ချင်စိတ်ဖြစ်တတ်ပေမဲ့ လူတိုင်းကတော့ အန်တော့ မအန်ပါဘူး။
အယူအဆ ► သူက များသောအားဖြင့် ပထမကိုယ်ဝန်သုံးလပတ်အပြီးမှာ ပျောက်ကွယ်သွားပါတယ်။
မှန်ပါတယ်
အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင် ၁၂-၁၄ ပတ်အတွင်းမှာ ပျို့အန်တာ သက်သာသွားတတ်ကြပါတယ်။ ဒါပေမဲ့ တချို့အမျိုးသမီးအနည်းငယ်ကတော့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးမှာ ပျို့အန်နေတတ်ပါတယ်။
အယူအဆ ► သူက သားဦးကလေးမှာသာ ဖြစ်တတ်ပါတယ်။
မှားပါတယ်
ကိုယ်ဝန်အားလုံး ဒါမှမဟုတ် ဘယ်ကိုယ်ဝန်မှာမဆိုဖြစ်နိုင်ပါတယ်။
အယူအဆ ► သူ့ကြောင့် ကလေးဒုက္ခရောက်နိုင်ပါတယ်။
မှားပါတယ်
ပုံမှန်ကိုယ်ဝန်ဆောင်ပျို့အန်တာလောက်ကတော့ ကလေးမှာ ဘာဒုက္ခမှ မရရှိနိုင်ပါဘူး။ ဒါပေမဲ့ သင်ရဲ့ ပျို့အန်တဲ့ အခြေအနေက အလွန်အမင်းဆိုးရွားပြီး ဘာမှ မစားနိုင်တော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ တချို့မိခင်တွေက ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အရည်နဲ့ ဗီတာမင်တွေကို ပြန်လည်ဖြည့် တင်းဖို့အတွက် ဆေးရုံတက်ရတဲ့ အခြေ အနေအထိတောင် ဖြစ်သွားနိုင်လို့ပါ။
အယူအဆ ► သူဖြစ်ရင် သားယောက်ျားလေး ကိုယ်ဝန်ဆောင်ထားရနိုင်ပါတယ်။
မှားပါတယ်
သူ့ကြောင့် ကလေးရဲ့ ကျား မ မခွဲ ခြားနိုင်ပါဘူး။
အယူအဆ ► သင့်အနေနဲ့ ပျို့ချင်လာရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာစားမယ့် အစားအစာမစားဘဲနေတာက ပိုမိုကောင်းမွန်ပါတယ်။
မှားပါတယ်
သင့်အနေနဲ့ အစာစားလို့ ပျို့အန်ချင်စိတ်ပေါက်လာရင် ဘာပဲစားချင်လာလာ စားလိုက်ပါ။ တချို့အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ပျို့အန်တာဖြစ်ခဲ့ရင် တချို့အစားအစာတွေ စားချင်စိတ် ပြင်းပြနေတတ်ပါတယ်။ ဘာပဲစားစား သင့်အတွက် အာဟာရတော့ ရရှိနိုင်ပါတယ်။
အယူအဆ ► သူဖြစ်လာရင်လည်း လက်ခံပြီး ရင်ဆိုင်လိုက်ပါ။
မှားပါတယ်
မိမိခံစားရတဲ့ဝေဒနာအတွက်တော့ သက်သာတဲ့နည်းလမ်းကို ကိုယ်တိုင် ရှာဖွေသင့်ပါတယ်။ တချို့တွေက ပေါင်မုန့်ကင် ဒါမှမဟုတ် မုန့်ခြောက်တွေကို ခဏခဏစားပေးတာနဲ့ သက်သာနိုင်သလို တချို့ကလည်း ဗီတာမင် ဘီ ၆ ဒါ မှမဟုတ် ချင်းဖျော်ရည် သောက်တာနဲ့ တင် သက်သာနိုင်ပါတယ်။ ပျို့အန်ပျောက်ဆေးလည်း မှီဝဲနိုင်ပါတယ်။ တ ချို့လူနာတွေက ဆေးသောက်ရမှာ ၀န်လေးနေတတ်ကြပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုသာ ဖြစ်ပြီး အလွန်အမင်းအန်တာကြောင့် ရေဓာတ်ချို့တဲ့မှုမရှိအောင်တော့ ဂရုစိုက်ရပါလိမ့်မယ်။ ရေဓာတ်ချို့ တဲ့သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။
အယူအဆ ► ရင်ပူနာက Morning Sickness နဲ့ ဆင်တူပါတယ်။
မှားပါတယ်
ရင်ပူနာ ဒါမှမဟုတ် အစာအိမ်အက်စစ်တွေ အပေါ်ဆန်တက်တာကြောင့် ပျို့ချင်စိတ် ပေါ်ပေါက်လာပါတယ်။ ဒီလိုဖြစ်လာရင် လေဆေး(အန်းတဆစ်)တွေကို ၀ါးပြီး မျိုချရပါမယ်။ ရင်ပူနာဖြစ်ခဲ့ရင် အစပ်စာကို ရှောင်ကြဉ်ကာ ညအိပ်ရာဝင်တဲ့အခါ ခေါင်းအုံးကို မြှင့်ပြီး အိပ်ရပါမယ်။ ညစာစားပြီးပြီးချင်း မအိပ်ပါနဲ့။
အယူအဆ ► သူဖြစ်တာက ကျန်းမာရေး ကောင်းတဲ့ ကိုယ်ဝန်လွယ်ထားရတယ်ဆိုတဲ့ လက္ခဏာပါ။
မှန်ပါတယ်
၂၀၁၆ ခုနှစ်အတွင်းက ကိုယ်ဝန် ပျက်ကျတဲ့အမျိုးသမီးတွေကို လေ့လာမှု ပြုလုပ်တဲ့အခါမှာ ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန်တတ်သူတွေက နောက်တစ်ကြိမ် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ၅၀-၇၅ ရာခိုင်နှုန်းလျော့နည်းသွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန်တာအတွက် မစိုးရိမ်ကြပါနဲ့။
♥ ဒေါက်တာခင်မိုးမိုး ♥
Good Health Journal 683