ကလေးကို တရားထိုင်တတ်ဖို့ သင်ပေးပါ . . .

ကလေးကို တရားထိုင်တတ်ဖို့ သင်ပေးပါ . . .
————————————————-
.
လူကြီးတွေမှာပဲ စိတ်ဖိစီးမှုများတာ မဟုတ်ပါဘူး၊ ကလေးတွေမှာလည်းပဲ သူတို့ခံစားချက်နဲ့သူတို့၊ စိတ်ဖိစီးမှုတွေနေ့တိုင်းရှိနေနိုင်ပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်တွေရှိနေရင် အလွယ်တကူ ဒေါသဖြစ်တာ၊ အလွယ်တကူ စိတ်ဓာတ်ကျတာတွေ ဖြစ်လာစေပါတယ်။ လူကြီးတွေထဲမှာ တချို့ဒေါသအရမ်းကြီးတာကို မြင်ဖူးမှာပါ။ ဒါဟာ ငယ်စဉ်ကလေးဘ၀ကတည်းက စိတ်အလိုမကျတာတိုင်း ဒေါသနဲ့ ဖြေရှင်းခဲ့တာများလို့ ဖြစ်ပါတယ်။
.
ဒေါသက နာကျင်မှုတွေကိုပဲ ပေးတာပါ။ တစ်မိနစ်ဒေါသထွက်တိုင်း စက္ကန့် ၆၀ စာ ပျော်ရွှင်မှုတွေ ဆုံးရှုံးသွားတာမျိုးပါ။ ကလေးငယ်ကို ဒေါသထိန်းတတ်အောင် သင်ပေးချင်တယ်ဆိုရင် မိဘတွေ၊ Caregivers တွေကိုယ်တိုင်ကလည်း ကလေးရှေ့မှာ ဒေါသမထွက်ပြဖို့၊ ဒေါသကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ကိုင်တွယ်ပြဖို့ လိုပါတယ်။ ကလေးက မသိပါဘူးလို့မထင်ပါနဲ့၊ သူတို့က အကုန်လုံးကို စူးစမ်းနေပြီး လိုက်လုပ်မှာပါ။
ကလေးငယ်မှာ စိတ်ခံစားမှု ကောင်းကောင်းဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေထဲမှာ တရားထိုင်တာကိုပါ နိုင်ငံတကာမှာ လက်ခံလာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မိဘတွေ အနေနဲ့ဆိုရင် ပိုလို့တောင် သားသား၊ မီးမီးတွေကို တရားထိုင်တဲ့ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားသင့်ပါတယ်။ ကလေး အသက် ငါးနှစ်လောက်ဆို စပြီး လေ့ကျင့်ပေးနိုင်ပြီ ဖြစ်ပါတယ်။
.
ငယ်စဉ်ကတည်းက တရားထိုင်တာကို အလေ့အကျင့်တစ်ခုအနေနဲ့ ရှိသွားမယ်ဆိုရင် ကလေးမှာ Mental Resilience လို့ခေါ်တဲ့ အခြေအနေ အကြောင်း အရပ်ရပ်တွေ ဘယ်လိုပဲကြုံရကြုံရ ကြံ့ကြံ့ခံနိုင်ပြီး အကောင်းဆုံး ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် အများကြီးကောင်း ကျိုးပေးနိုင်ပါတယ်။ ကလေးတွေဟာ သူတို့စိတ်ကို ပိုနားလည်လာမယ်၊ စိတ်ဖိစီးမှုကို ထိန်းချုပ်လာနိုင်ပြီး ပျော်ရွှင်ကျန်းမာတဲ့ စိတ်ခံစားမှုကောင်းတွေ ဖြစ်လာစေမှာပါ။
.
#ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *