ကလေးငယ်ဖျားခြင်းနှင့် မိဘများ၏ အယူအဆအမှားများ

ကလေးတွေ အဖျားတော်တော်နဲ့ မကျရင် မေမေတွေက စိုးရိမ်ကြီးလွန်းပြီး ထမင်းမကျွေးဘဲ ဆန်ပြုတ် ကြက်ပေါင်းရည်လောက်သာ တိုက်တတ်ကြပြီး မက်ကလောင်ဖောက်တာလိုမျိုး လွဲမှားတဲ့အယူအဆတွေ ပြုမူတတ်ကြပါတယ်။ ဒါကြောင့် ကလေးဖျားနာတာနဲ့ မိဘတွေရဲ့ အယူအဆမှားတွေကို ပါမောက္ခဒေါက်တာကျော်ဇင်ဝေ(ကလေးအထူးကုဆရာဝန်ကြီး)နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

Q. ကလေးငယ်တွေမှာ ကိုယ်ပူကြီးတယ်လို့ ဘယ်လိုသတ်မှတ်နိုင်ပါသလဲ ဆရာ။
A. လူတစ်ယောက်က သာမန်အပူချိန်ထက် မြင့်သွားရင် ကိုယ်ပူတယ်လို့ ပြောနိုင်ပါတယ်။ တကယ်ကိုယ်ပူလား၊ မပူဘူးလားဆိုတဲ့ ကိစ္စကလည်း အရေးကြီးပါတယ်။ မိဘတွေကို မေးလိုက်ရင် ကလေးက ကိုယ်ငွေ့ငွေ့လေးပူတယ်လို့ ပြောတတ်ကြပါတယ်။ မိဘတွေက

ကလေးရဲ့ ခေါင်းကို ကိုင်ကြည့်ရင် ပူနေတာကြောင့် ကလေးကိုယ်ပူနေတယ်လို့ ထင်ကြတယ်။ ခေါင်းက ဧရိယာကျယ်တဲ့နေရာ (ဥပမာ လက်ဖ၀ါးတစ်ခုလုံး)နဲ့ ကိုင်ကြည့်ရင် ပူတယ်လို့ ထင်ရတာပါ။ ပါးပြင်တို့လိုမျိုး ဧရိယာကျဉ်းတဲ့နေရာကို ကိုင်ကြည့်ရင်တော့

အေးတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ အဲဒီလို လက်နဲ့ စမ်းသပ်ကြည့်ပြီး ကိုယ်ပူတယ်ပြောတာက မတိကျပါဘူး။ တိတိကျကျသိရအောင် တကယ်တမ်း တိုင်းသင့်တာက အဖျားတိုင်းတဲ့ သာမိုမီတာနဲ့ တိုင်းရမှာပါ။ သာမိုမီတာနဲ့ တိုင်းကြည့်ပြီး ကိုယ်အပူချိန်တက်နေမှ တ

ကယ် အဖျားကြီးတယ်လို့ သတ်မှတ်ပါတယ်။ ကလေးတွေမှာ ကိုယ်ပူကြီးတယ်ဆိုတာက စိတ်ပူတဲ့ပေါ်မှာ မူတည်ပြီး ကိုယ်ပူကြီးတယ်ဆိုတာ ဖြစ်လာတာပါ။ ဆေးပညာမှာတော့ ဘယ်ဟာက အရမ်းကြီးတယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့ လူတစ်ယောက်က ကိုယ်အပူချိန်

၁၀၆-၁၀၇ ဒီဂရီဖာရင်ဟိုက်တွေ ဖြစ်မသွားဖို့တော့ အရေးကြီးပါတယ်။ ၁၀၃-၁၀၄-၁၀၅ ဖာရင်ဟိုက်အထိကတော့ ဖျားနာရင် လူတိုင်း ဖြစ်နိုင်တာပါပဲ။ ၁၀၆-၁၀၇ ဖာရင်ဟိုက်လောက်ဖြစ်ရင်တော့ အပူကြီးပြီပေါ့။ တက်တာတို့၊ သတိလစ်သွားတာတို့၊

ဦးနှောက်ထိခိုက်တာတို့၊ အသက်အန္တရာယ်ထိခိုက်တာတို့ အထိလည်း ဖြစ်သွားနိုင်ပါတယ်။

Q. ကလေးတွေ ကိုယ်ပူကြီးတဲ့အခါ ဆေးတိုက်လိုက်ရင် အဖျားကျသွားပေမယ့် နောက်တော့ အဖျားပြန်တက်လာတတ်တာ ဘာကြောင့်ပါလဲဆရာ။
A. ကလေးငယ်ကို ဆေးတိုက်လိုက်ရင် အဖျားက ကျသွားပေမယ့် ပြီးရင် ပြန်တက်လာတာပဲ ဆရာလို့ ကလေးမိဘအတော်များများက ပြောတတ်ကြတယ်။ ဒါအမှန်ပါပဲ၊ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ကလေးကို ပါရာစီတမောတိုက်ရင် ဆေးရဲ့ အာနိသင်က ငါးနာရီ၊ ခြောက်နာရီ

လောက်ပဲ ခံပါတယ်။ ဆေးအာနိသင်ကုန်သွားရင် အဖျားက ပြန်တက်လာပါတယ်။ နောက်တစ်ခါ ဆေးပြန်တိုက်လိုက်ရင် ကလေးက အဖျားပြန်ကျသွားပြန်ရော။ အဲဒါက ၀င်တဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါ်မူတည်ပြီး(ဥပမာ တစ်ရက် ဖျားမှာလား၊ သုံးရက်ဖျားမှာလား

စတဲ့ ဗိုင်းရပ်စ်ပိုး) အဖျားကျတာ၊ မကျတာက အရေးမကြီးဘူး။ ကလေးကို ဘာပိုးဝင်ပြီး ဘယ်လိုဒုက္ခပေးနိုင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ ပိုးတွေကြောင့် ရုတ်တရက် ကိုယ်ပူကြီးလာတဲ့အချိန်မှာ ကလေးတွေက ရုတ်တရက် တက်တတ်ပါတယ်။ အဲဒါမျိုး

တွေဖြစ်ရင် အမေတွေက ပိုပြီးတော့တောင် စိတ်ပူကြပါတယ်။ အဲဒီလို ကိုယ်ပူပြီးတက်တတ်တဲ့ ကလေးတွေမှာ မျိုးရိုးထဲမှာ အဲဒီလိုမျိုး တက်ဖူးတဲ့သူတွေ ရှိတတ်ပါတယ်။ ဥပမာ-အဖေ၊ အမေတို့က သူတို့ငယ်ငယ်တုန်းကလည်း တက်တတ်တယ်ဆိုရင် သူရဲ့ သားသမီး၊

မြေး၊ မြစ်တွေမှာ တက်တတ်တာကို တွေ့ရပါတယ်။ ဖျားမှတက်တယ်။ အသက်အရွယ် အပိုင်းအခြားကလည်း အနည်းဆုံး ခြောက်လကနေ ငါးနှစ်-ခြောက်နှစ်အထိပဲ။ အဲဒီအသက်အပိုင်းအခြားထက် ကျော်သွားရင်တော့ အဖျားကြီးပြီး တက်တယ်ဆိုတာ

သိပ်မရှိတော့ဘူး။

Q. ကလေးတွေ ကိုယ်ပူကြီးပြီးတက်ရင် ဘာတွေ လုပ်ဆောင်ပေးဖို့ လိုပါသလဲ ဆရာ။
A. အရေးကြီးတာက ကိုယ်ပူကြီးပြီး ရုတ်တရက်တက်တယ်ဆိုရင် အဖျားကို ပြန်ကျအောင် လုပ်လိုက်ရင် တက်တာလည်းပြန်ကျသွားပါတယ်၊ သတိကောင်းတယ်၊ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ အဖျားကတော့ ဆက်ရှိရင် ရှိနေမယ်။ နဂိုပုံမှန်နဲ့ ထူးမခြားနားဖြစ်ရင်

လည်း ဖြစ်နေမယ်။ အဲဒါမျိုးဆိုရင် အဖျားကြီးလို့ တက်တာမျိုးက ဘာမှ ကြောက်လန့်စရာအကြောင်းမရှိပါဘူး။ ဆေးတစ်မျိုးတည်းနဲ့ ကိုယ်ပူကြီးတာကို ချမရရင်၊ နှစ်မျိုးတွဲပေးပြီး ချချင်လည်း ချရမယ်။ ရေပတ်တိုက်တာ ဒါမှမဟုတ် အေးတဲ့အခန်း (Air-condition)ထဲ

ထားတာ စတဲ့ ရောဂါပေါ်မှာ မူတည်ပြီး အဖျားကိုကျအောင် လုပ်ရတာတွေလည်း ရှိပါတယ်။ ကလေးက ဖျားတာ၊ မဖျားတာထက်စာရင် အစာစားလား၊ မစားဘူးလား၊ အရည်ဝင်လား မ၀င်ဘူးလား၊ လန်းလန်းဆန်းဆန်းရှိလား၊ မလန်းဘူးလား၊ အဲဒါတွေက ပိုပြီး

အရေးကြီးပါတယ်။

Q. ကလေးတွေ ကိုယ်ပူကြီးပြီး ဖျားတဲ့အခါတိုင်း ရေပတ်တိုက်သင့်ပါသလားဆရာ။
A. တချို့မိဘတွေက အဖျားကြီးရင် အနွေးထည် မ၀တ်ရဘူး၊ စောင်မခြုံရဘူး၊ ရေပတ်တိုက်ရမယ်လို့ ပြောတတ်ကြပါတယ်။ အကြမ်းဖျင်းတော့ မှန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အအေးမိပြီး နမိုးနီးယားဝင်နေတဲ့ လူနာဆိုရင်တော့ နွေးနွေးထွေးထွေးထားဖို့

လိုအပ်ပါတယ်၊ ခဏခဏ ရေပတ်တိုက်တာ၊ ရေလောင်းချိုးတာတွေကို ရှောင်ပြီးတော့ တခြားနည်းဖြစ်တဲ့ ပါရာစီတမောတို့၊ ဘာတို့ တိုက်ပြီးတော့ အဖျားကျအောင် လုပ်တာက ပိုသင့်တော်ပါတယ်။ မိဘတွေအနေနဲ့ လုပ်သင့်တာက တတ်နိုင်သမျှ ကလေးကို

အစာဝင်အောင် ကျွေးရမယ်။ အဖတ်မ၀င်ရင်တောင်မှ အရည်ဝင်အောင် တိုက်ရပါမယ်။

Q. ကိုယ်ပူကြီးပြီး ဖျားနေတဲ့အခါမျိုးမှာ အစာကျွေးလို့ ရပါသလား ဆရာ။
A. မိဘအတော်များများက ကလေးတွေ ဖျားပြီဆိုတာနဲ့ ဆန်ပြုတ်ပဲ တိုက်တာ၊ ကြက်ပေါင်းရည်လေးပဲ တိုက်တာမျိုးတွေ တွေ့ရပါတယ်။ တကယ်တမ်း ကလေးက ထမင်းစားချင်စိတ်ရှိရင် ကျွေးလို့ ရပါတယ်။ အဲဒီအခါမှာပထမအစောပိုင်း ခုနစ်ရက်လောက် ဖျားရင်

ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သာမန်အားဖြင့် အစာဖြတ်ထားစရာ မလိုပါဘူး။ ထမင်းကျွေးလို့ရပါတယ်၊ ထမင်းမ၀င်ရင် အရည်တစ်ခုခုဝင်အောင် တိုက်လို့ရပါမယ်။ ရေချည်းပဲတော့ မဟုတ်ပါဘူး။ ဖျားတိုင်း ဓာတ်ဆားရည် သောက်ရမယ်ဆိုတာလည်း မဟုတ်ပါဘူး။

ရောဂါပေါ်မှာ မူတည်ပြီး ဓာတ်ဆားရည်သောက်သင့်တဲ့ ရောဂါရှိသလို၊ ဓာတ်ဆားရည် မသောက်သင့်တဲ့ ရောဂါတွေလည်း ရှိပါတယ်။

Q. ကိုယ်ပူကြီးတာနဲ့ပတ်သက်ပြီး ကလေးမိဘတွေရဲ့ မှားယွင်းတဲ့အယူအဆတွေကိုလည်း ပြောပြပေးပါ ဆရာ။
A. မှားယွင်း လုပ်ဆောင်တတ်တာတွေကတော့ မြန်မာနိုင်ငံတွေမှာ တွေ့ရများတာက မက်ကလောင် ဖောက်တယ်ဆိုတဲ့ ဓလေ့ရှိကြပါတယ်။ ကလေးတွေ တော်တော်နဲ့ အဖျားမကျရင် မက်ကလောင် ဖောက်ရတယ်ဆိုပြီး လက်ထိပ်တွေဖောက်၊ ခြေထိပ်တွေဖောက် လုပ်

တတ်ကြပါတယ်။ ဒီထက်ပိုဆိုးတာကတော့ စအိုနားကိုပါ ဖောက်တတ်ကြပါတယ်။ အဲဒီလိုဖောက်တဲ့အခါ တချို့က အပ်သန့်သန့်နဲ့ မီးဖုတ်ပြီး ဖောက်တယ်လို့ပြောကြတယ်။ အပ်သန့်တာနဲ့ပဲ ဖောက်ဖောက်၊ မီးဖုတ်ပြီးပဲ ဖောက်ဖောက်၊ အပ်မသန့်တာနဲ့ပဲ ဖောက်ဖောက်၊

သံချေးတက်တာနဲ့ပဲ ဖောက်ဖောက်၊ တချို့က ရှောက်စူးနဲ့ဖောက်တယ်လို့ ပြောကြတယ်။ ဘာနဲ့ပဲ ဖောက်ဖောက် မလုပ်သင့်ပါဘူး။ ဘာမှ မဆိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။ အညစ်အကြေးစွန့်တဲ့ စအိုနားမှာ ပိုးတွေက အများကြီးပဲ။ သူ့ဘာသာသူ အပြင်မှာနေနေတဲ့

ပိုးတွေက အပ်နဲ့ဖောက်လိုက်တော့မှ သွေးထွက်ပြီး အဲဒီအပေါက်ကနေ ပိုးတွေက ခန္ဓာကိုယ်ထဲ ၀င်သွားပါတယ်။ သွေးက တစ်ကိုယ်လုံးကို လှည့်ပတ်နေတာဆိုတော့ အဲဒီကျမှ သွေးဆိပ်တက်ပြီး ကလေးက ကိုယ်ပူနေရာက အေးသွားတတ်ပါတယ်။ အဲဒါကို

လူကြီးတွေက အဖျားကျသွားပြီ ထင်နေကြတာ။ တကယ်က အဖျားကျတာမဟုတ်ဘူး၊ သွေးဆိပ်တက်ပြီး မကြာခင် အသက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် မက်ကလောင် ဖောက်တယ်ဆိုတာ မလုပ်သင့်ဘူးလို့ပဲ အကြံပြုချင်ပါတယ်။

 

#ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) တွေ့ဆုံမေးမြန်းသည်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *