ကလေးထိန်းရင်း လေ့ကျင့်ခန်းလုပ်ကြမယ်

မေမေတွေဆိုတာ ကိုယ့်ရဲ့ရင်သွေးလေးကို လူ့လောကဆီ စပြီးခေါ်ဆောင်ပေးလာပြီးတာနဲ့ ကလေး ကြီးပြင်းလာတဲ့အထိ ကလေးအတွက်တာဝန်တွေတပုံတပင်ကြီး ပုခုံးပေါ်ရောက်လာပြီး ဒီတာဝန်တွေကို ကျေပွန်ဖို့ နေ့စဉ်နဲ့အမျှမနားတမ်းထမ်းဆောင်ကြရတဲ့ စွမ်းအားရှင်အမျိုးသမီးတွေပဲဖြစ်ပါတယ်။ ကလေးကို ပြုစုစောင့်ရှောက်ရင်း တစ်နေ့တစ်နေ့ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိလောက်အောင် ကလေးနဲ့ကလေးရဲ့ ဗာဟီရအလုပ်တွေနဲ့ချည်း လုံးလည်ချာလည်လိုက်နေရတဲ့အခါ မေမေတွေရဲ့ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာ လေ့ရှိပြီး အစားအသောက်ပုံမမှန်တာ၊ စားချိန်သောက်ချိန်မမှန်ဖြစ်လာတာတွေကြောင့် မေမေတို့ရဲ့ခန္ဓာကိုယ် အလှတရားတွေ တဖြည်းဖြည်း ပုံစံပျက်ယွင်းလာတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မေမေတို့တွေက လိုအပ် တဲ့ သင့်တင့်လျောက်ပတ်ပြီး စနစ်ကျတဲ့ကိုယ်လက်လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းလေးတွေပုံမှန်လုပ်ပေးဖို့လို အပ်လာပါပြီ။ ကလေးနဲ့ အလုပ်ရှုပ်ပြီး မောပန်းနေရတဲ့ကြားထဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်လိုအင်အားနဲ့ ဘယ် ကအချိန်ရနိုင်မှာလဲလို့ဆိုပြီး စိတ်မလျှော့လိုက်ပါနဲ့။ ကလေးမေမေဖြစ်တာတောင် အပျိုလေးတွေအားကျငေး မောနေရမယ့် ကလေးလည်းထိန်းရင်း အချိန်လည်းမကုန်၊ လွယ်လဲလွယ်ကူတဲ့ လေ့ကျင့်ခန်းလေးတွေဆိုရင် မေမေတို့ စိတ်ဝင်စားကြမယ်ထင်ပါတယ်နော်။ ဒီကဏ္ဍလေးမှာတော့ မေမေတို့တွေ ကိုယ့်ရဲ့သားတွေသမီးတွေ နဲ့အတူ ပျော်လည်းပျော်ရ၊ ခန္ဓာကိုယ်ကိုလည်း စနစ်တကျထိန်းသိမ်းပြီးသားဖြစ်စေမယ့် မိခင်နှင့်ကလေးတွဲ ဖက်လေ့ကျင့်ခန်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

သတိပြုရန်
မီးဖွားပြီးကာလမကြာသေးတဲ့ မေမေတွေအနဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆရာဝန်ခွင့်ပြုချက်ရမယ်ဆို ရင် မီးဖွားပြီး (၆)လအကြာလောက်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပြန်လုပ်နိုင်ပါပြီ။ ဗိုက်ခွဲမွေးတဲ့ မေမေတွေဆိုရင်တော့ ဒီကာလထက်ပိုကြာအောင် စောင့်ဆိုင်းပြီးမှ လေ့ကျင့်ခန်းကို စတင်နိုင်မှာဖြစ်ပါတယ်။
ကလေးအတွက်ကတော့ ကလေးကိုယ့်ဘာကိုယ်ခေါင်းထောင်နိုင်တဲ့အရွယ်ကျမှ မေမေတို့နဲ့အတူတွဲပြီး လေ့ကျင့်ခန်းမှာ ပါဝင်စေသင့်ပါတယ်။ ကလေးဦးခေါင်းထောင်တဲ့အချိန်နေသားကျပြီဆိုတဲ့အရွယ် (ခန့်မှန်းခြေ အားဖြင့် (၄)လ ကျော်ပြီးခါမှ) မေမေနဲ့အတူ လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။
ကလေးနဲ့တွဲပြီးလေ့ကျင့်ခန်းမလုပ်ခင်မှာ မေမေက ကြိုတင်လေ့ကျင့်ပြင်ဆင်ထားကြည့်သင့်ပါတယ်။ သွေးပူလေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ ပခုံးလေ့ကျင့်ခန်းလေးတွေလုပ်ပေးထားပါ။ လေ့ကျင့်နေရင်းခါးမျက်သွား တာမျိုးမရှိရလေအောင် ကြမ်းပြင်လို ညီညာတဲ့မျက်နှာပြင်မျိုးမှာ ပက်လက်လှန်လှဲချပြီး ဗိုက်ကိုရှပ်က ခါးရိုးကို နေရာကျအောင် ပြင်ဆင်ပေးပါ။ နှာခေါင်းကနေ အသက်ကို ၀အောင်ရှူသွင်းလိုက်ပြီး နံရိုးတွေကားတဲ့အထိ ဖြစ်ပြီးမှ ပါးစပ်ကနေ လေကိုပြန်ထုတ်ပြီး ၀မ်းဗိုက်က ကြွက်သားတွေအတွင်း ချိုင့်ဝင်သွားတဲ့အထိ လေကို ထုတ်ပေးရမှာဖြစ်ပါတယ်။

ကလေးချီလျက် ကခုန်ပါ


ကလေးကို ချီပွေ့လျက်အနေအထားနဲ့ အနည်းငယ်လှုပ်ရမ်းရုံ ကခုန်ပေးတာက ကလေးပါ အတူတွဲလုပ်ရတဲ့ သွေးပူလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ကလေးကို ချီပွေ့တာမြဲမြံဖို့လိုအပ်ပြီး မေမေအတွက် ကလေးချီရင်းလှုပ်ရှားတဲ့အခါ ကိုယ့်လက်ကိုကိုယ်မယုံဘူးဆိုရင်တော့ ကလေးချီပွေ့တဲ့ ကလေးသိုင်းကြိုး လေးနဲ့ ကလေးကို လွယ်ရင်းလုပ်ပေးနိုင်ပါတယ်။ မြူးကြွတဲ့သီချင်းကိုဖွင့်ထားပြီး ကလေးကို ချီလျက်သားနဲ့ က နေပေးပါ။ ကနေရင်းနဲ့ ၀မ်းဗိုက်ကို အတွင်းဘက်ဆီ မကြာခဏ ရှိုက်ရှိုက်သွင်းပြီး လေ့ကျင့်ခန်းပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ မေမေအတွက် စိတ်ဖိစီးမှုတွေကိုပါ ပြယ်လွင့်သွားစေပြီး ကလေးနဲ့အတူ ရွှင်မြူးနိုင်မယ့် လေ့ကျင့် ခန်းအလွယ်လေးတစ်ခုပဲဖြစ်ပါတယ်။

အိပ်ထမတင်လေ့ကျင့်ခန်း


ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လှဲချပြီး ဒူးကွေးထောင်လျက် ခြေဖ၀ါးတွေကို ကြမ်းပြင်မှာအပြားလိုက် ချထားပါ။ ပြီးတော့မှ ကလေးကို မေမေ့ရဲ့ဆီးခုံရိုးအပေါ်နားမှာ ထိုင်လျက်သားအနေအထားနဲ့ တင်ပေးပြီး မေမေက ကလေးရဲ့လက်အောက်ကနေ ကိုယ်လေးကို လက်လေးနဲ့ ထိန်းကိုင်ပေးထားပါ။
ပြီးရင် မေမေက ၀မ်းဗိုက်တွေကို ကျုံ့လိုက်ပြီး အားယူကာ ဦးခေါင်း၊ လည်ပင်းနဲ့ ပုခုံးတွေကို ကြမ်းပြင် ကနေမတင်ပေးပါ။ အသက်ကိုပါတစ်ခါတည်းရှူသွင်းလိုက်ရင်း တစ်၊ နှစ် ရေထားပြီး သုံးရောက်ရင်လေကိုပြန် ထုတ်ပြီး ကြမ်းပြင်မှာ ပြန်ချပါ။ ဒီအတိုင်း ၁၅ကြိမ်ကနေ အကြိမ် ၂၀ လောက်ထိ ပြုလုပ်ပေးပါ။ ပြီးရင် ခဏတ ဖြုတ်အနားယူပြီး အလားတူ နောက်တစ်ချီထပ်မံပြုလုပ်ပေးပါ။
ဒီလေ့ကျင့်ခန်းက ကျောဘက်ကြွက်သားတွေကို သန်မာစေပြီး ခါးအတွက် အကျိုးပြုတဲ့လေ့ကျင့်ခန်း ဖြစ်ပါတယ်။

ခြေထောက်ကွေးတင်လေ့ကျင့်ခန်း


ကြမ်းပြင်မှာပက်လက်အနေအထားနဲ့ ဒူးတွေကို ခြေနှစ်ဖက် ကြမ်းပြင်ကလွတ်စေပြီး ထောင့်မှန်အနေ အထားတိုင်းကွေးမြှောက်ထားပါ။ ကလေးကို ညု့သကျည်းပေါ်တင်ထားပြီး ကလေးရဲ့လက်အောက်ကနေပြီး ကလေးရဲ့ကိုယ်လေးကိုထိန်းကိုင်ထားပေးပါ။
ဗိုက်ကြွက်သားလေးကို တင်းသွားရုံ အနည်းငယ်ကျုံ့ယူလိုက်ပြီး တင်ပါးတွေကို ကြမ်းပြင်ကနေလွတ် အောက်မတင်လိုက်ရင်း တစ်ချိန်တည်းမှာပဲ ဦးခေါင်းနဲ့ပခုံးတွေကိုလည်း ကြမ်းပြင်ကနေ မတင်လိုက်ပါ။ ကလေးရဲ့ နဖူးလေးကို ထိရုံနမ်းတဲ့အထိ မေမေရဲ့ခန္ဓာကိုယ်ကိုကွေးညွှတ်သွားအောင် ကြိုးစားကြည့်နိုင်ပါ တယ်။ ကလေးကို ပုခက်လွှဲပေးနေသလိုဖြစ်စေတဲ့ ဒီလေ့ကျင့်ခန်းကို ၁၅ကြိမ်ကနေ အကြိမ် ၂၀လောက်ထိ လုပ်ပေးပါ။ ခဏတဖြုတ်နားပြီး ကလေးနဲ့ ဆော့ပြီးရင် အလားတူ နောက်တစ်ချီထပ်လုပ်ပေးပါ။

လက်မြှောက်တင်လေ့ကျင့်ခန်း


ကြမ်းပြင်မှာတင်ပျဉ်ခွေထိုင်ချပါ။ ကလေးကို သင့်ရှေ့မှာထားပြီး ကလေးရဲ့လက်အောက်ကနေ မေမေ ကလက်နဲ့ထိန်းကိုင်ပေးထားပါ။
ကလေးကို လက်နဲ့ကိုင်ထားလျက်နဲ့ပဲ လက်မောင်းတွေကို ရှေ့ဘက်ကနေ အပေါ်ဘက်ကို ဆန့်တန်း ထုတ်လိုက်ပြီး ကလေးကို မတင်လိုက်ပါ။ ဆန့်ထုတ်တဲ့အခါမှာ မေမေရဲ့တံတောင်က ကွေးလျက်အနေအထား ပဲရှိနေရမှာဖြစ်ပါတယ်။ ခဏတောင့်ထားပြီးရင် ကလေးကိုမူလအနေအထားအတိုင်း ပြန်ချပါ။ ကလေးကို မချီ မြှောက်တင်တဲ့အခါမှ အရမ်းကြီးမြန်မြန်ဆန်ဆန်မလုပ်ဘဲ ဖြည်းဖြည်းမှန်မှန်လေးပဲပြုလုပ်ပေးပါ။ ဒီအတိုင်း (၁၀)ကြိမ်လောက်ပြုလုပ်ပြီး ခဏအနားယူပါ။ ပြီးရင်အလားတူအတိုင်း (၁၀) ကြိမ်စီနဲ့ နှစ်ချီလောက်ထပ်မံ ပြုလုပ်ပေးပါ။
ဒီလေ့ကျင့်ခန်းက ပုခုံးတွေ၊ လက်မောင်းကြွက်သားတွေအပြင် ခါးအထက်ပိုင်းနဲ့အလယ်ပိုင်းကိုပါ ကြံ့ခိုင်သန်မာလာစေမယ့်လေ့ကျင့်ခန်းဖြစ်ပါတယ်။

ပက်လက်လက်မြှောက်လေ့ကျင့်ခန်း


ကြမ်းပြင်မှာ ပက်လက်လှန်လှဲချပြီး ဒူးတွေကို ကွေးကာ ခြေဖ၀ါးတွေကိုကြမ်းပြင်မှာ အပြားလိုက်ချ ထားပေးပါ။ ကလေးကို ရင်ဘတ်နားလောက်မှာထားပြီး ကလေးရဲ့လက်အောက်ကနေ မေမေ့လက်နဲ့ထိန်း ကိုင်ထားပါ။ ၀မ်းဗိုက်ကြွက်သားတွေကို ကျုံ့ထားလိုက်ပြီး ပုခုံးတွေကိုအတူညှစ်ထုတ်လိုက်ပြီး ကလေးနဲ့အတူ ကလေးကိုင်ထားတဲ့လက်ကိုမြှောက်တင်လိုက်ပါ။
ခဏတောင့်ထားပြီး ကလေးကို မူလအနေအထားအတိုင်း ပြန်ချပေးပါ။ (၁၀)ကြိမ်လောက်ပြုလုပ်ပြီး ခဏနားက ကလေးနဲ့ဆော့ပါ။ ပြီးရင်း အလားတူအတိုင်း (၁၀)ကြိမ်စီနဲ့ နှစ်ချီထပ်မံပြုလုပ်ပေးပါ။

ဒူးကွေးလေ့ကျင့်ခန်း


ကလေးရဲ့ကျောနဲ့ မေမေ့ရဲ့ရင်ကို အပ်ထားပြီး ကလေးကိုရှေ့ဘက်လှည့်အနေအထားနဲ့ ချီပွေ့ ပေးထားပါ။ ချီပွေ့ထားရင်းနဲ့ ပထမဆုံးသွေးပူလေ့ကျင့်ခန်းကလို ကလေးနဲ့အတူ အနည်းငယ်ဖြည်းဖြည်းချင်း ကခုန်ပေးပါ။ ပြီးရင် မေမေက ခြေနှစ်ဖက်ကို ဘေးတိုက်ချဲကားဆန့်ထုတ်ရင်း ဒူးကိုကွေးချပေးပါ။ ကွေးချတဲ့ အချိန်မှာ ခါးကို တည့်တည့်မတ်မတ်လေးနဲ့ ဒူးတွေကို ဖြည်းဖြည်းချင်းကွေးချပေးရမှာဖြစ်ပါတယ်။ မေမေရဲ့ ကိုယ်အလေးချိန်က ဖနောင့်တွေမှာ သွားသက်ရောက်နေမယ့် အနေအထားဖြစ်နေရပါမယ်။ ခဏလောက် တောင့်ထားပြီးရင် ဒူးကွေးထားရာကနေ ပြန်မတ်တဲ့အချိန်မှာ မေမေက တင်ပါးကြွက်သားတွေကို ဆွဲကျုံ့ပေးရ မှာဖြစ်ပါတယ်။

ခြေလှမ်းကျဲလှမ်းထုတ်လေ့ကျင့်ခန်း


မေမေက ကလေးကို ရင်လတ်ချင်းအပ်ကာ လက်တစ်ဖက်က ကလေးရဲ့တင်ပါးအောက်ကပွေ့ထားပြီး ကျန်တဲ့လက်တစ်ဖက်က ကလေးရဲ့ကျောဘက်နားလေးကို ထိန်းပြီး ပွေ့ချီထားပေးပါ။ ကလေးကိုပွေ့ချီထား တဲ့မေမေက မတ်မတ်ရပ်နေရင်းကနေ ခြေတစ်ဖက်ကို ရှေ့ဘက်ကို ခပ်ကျဲကျဲလှမ်းထုတ်လိုက်ရင်း ဒူးနှစ်ဖက် လုံးကို တစ်ပြိုင်တည်း ကွေးညွှတ်လိုက်ပြီး နောက်ကျန်ခဲ့တဲ့ခြေထောက်က ခြေဖျားထောက်ကာ ဖနောင့်ကို မတင်လိုက်ပါ။ ကလေးချီထားတာကို သတိထားရင်း ဟန်ချက်မပျက်အောင် မေမေ ကဂရုစိုက်ပေးရမှာဖြစ်ပါ တယ်။ ပြီးရင် နောက်ခြေဖနောင့်ကိုပြန်ချပြီး နောက်ခြေနဲ့အားယူက လှမ်းထုတ်ထားတဲ့ ခြေထောက်ကိုပြန်ရုတ် ကာ ပြန်ပြီးခြေစုံနဲ့မတ်မတ်ရပ်ပေးပါ။ ပြီးရင်တော့ ခြေထောက်ဘက်ပြောင်းပြီး အလားတူပြုလုပ်ပေးပါ။
ဒီလေ့ကျင့်ခန်းက တင်ပါးနဲ့ပေါင်ကကြွက်သားတွေကို တင်ရင်းစေတဲ့အပြင် ခြေသလုံးကြွက်သားတွေ ကိုလည်း ပိုပြီးသန်မာလာစေပါတယ်။
————– ။ ————–

♥  သံသာ  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *