ကလေးများနှင့်တုပ်ကွေးရာသီ

တုပ်ကွေးရာသီဆိုတာ ကလေးတွေရော၊ လူကြီးတွေပါ နှစ်စဉ် ကြုံတွေ့ ကျော်လွှားရမယ့် အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ လူကြီးတွေကတော့ ထိုက်သင့်တဲ့အလျောက် ကျန်းမာရေး အတွက် ဂရုစိုက်ပြုမူနေထိုင်တတ် ကြပေမဲ့ ဘာမှမသိနားမလည်သေးတဲ့ ကျောင်းတက်စအရွယ် ကလေးငယ်တွေအတွက် ကျန်းမာရေးအသိပညာ ပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် တုပ်ကွေးရာသီရောက်လာတဲ့အခါ ပိုပြီးအထူးဂရုပြုသင့်ပါတယ်။

တုပ်ကွေးအဖြစ်များတဲ့ ရာသီဥတု ရောက်လာတဲ့အခါ မိဘတွေအနေနဲ့ ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှု အသိပညာပေးဖို့
အောက်ပါ အချက်တွေက အထောက်အကူ ပြုနိုင်မှာပါ။
(၁) ရာသီတုပ်ကွေး Flu တွအတွက် ကာကွယ်ဆေး Vaccines တွေ ထိုးနှံ ထားသင့်ပါတယ်။
(၂) ကလေးတွေ နှာချေ၊ ချောင်းဆိုးတဲ့ အခါ တစ်ခါသုံး တစ်သျှူးတွေနဲ့အုပ်ဆိုး ဖို့၊ တစ်ခါသုံးပြီး စနစ်တကျ အမှိုက်ပုံးထဲ လွှင့်ပစ်ဖို့
သင်ပေးပါ။
(၃) လက်ကို သန့်စင်စွာ ဆေးကြောသန့် စင်တတ်အောင် သင်ပေးပါ။ Alcohol-based Hand Sanitizers တွေသုံးဖို့ လည်း
ဝယ်ပေးထားပါ။ အထူးသဖြင့် ချောင်းဆိုး၊ နှာချေ ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သန့်စင်အောင်ဆေးဖို့ သင်ပေးပါ။
(၄) ကလေးဖျားတာ၊ နေမကောင်းတာ အနည်းဆုံး ၂၄ နာရီ ဖြစ်ရင် ကျောင်းကို မလွှတ်ပါနဲ့။ အိမ်မှာသေချာစောင့်ကြည့် ပြီး လိုအပ်ရင်
ဆေးခန်း၊ ဆေးရုံကို ပို့ပါ။ ကျောင်းကိုမသွားခိုင်းတာက တခြား ကလေးတွေကိုပါ ကူးမှာစိုးလို့ ဖြစ်ပါတယ်။

အကယ်လို့ တုပ်ကွေးနဲ့ကလေးက အပြင်းဖျားပြီဆိုရင် –
(၁) ကျောင်းကနေ အနည်းဆုံး ခွင့် တစ်ပတ်စယူပါ။ နေပြန်ကောင်းပြီး နောက် တစ်ရက်၊ နှစ်ရက် လောက်လည်း အိမ်မှာ နေခိုင်းပါ။
(၂) ဖျားနေတဲ့ကလေးရဲ့ ကျန်းမာရေးရော အိမ်မှာအတူနေတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးကိုရော ဂရုစိုက်စောင့်ရှောက်ပေးပါ။
(၃) ကလေးက သာမန်တုပ်ကွေးဖျားတာလား၊ ပိုပြီး စိုးရိမ်ရတဲ့ တုပ်ကွေးအမျိုးအစားကြောင့်ဖျားတာလားဆိုတာ သေချာအောင်
ဆရာဝန်နဲ့ ပြသပါ။ အသက် ငါးနှစ်အောက်နဲ့ နှစ်နှစ်အောက် ကလေးတွေ တုပ်ကွေးဖျားရင် သတိထားရပါမယ်။
(၄) အိမ်မိသားစုဝင်တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် ကျောင်းနေအရွယ် ကလေးတွေရှိရင် အိမ်မှာပဲ ငါးရက်လောက်
အနားယူနေခိုင်းပြီး ကလေးတွေ ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း မပြတ်စောင့်ကြည့် စောင့်ရှောက်ပေးပါ။
(၅) ဖျားနာတဲ့ မိသားစုဝင်ကို ကျန်မိသားစုဝင်တွေနဲ့ အခန်းခွဲပြီး ထားပါ။
(၆) အရေးပေါ်ဖုန်းဆက်ရမယ့် ဆေးရုံ၊ ဆေးခန်း ဖုန်းနံပါတ်တွေ သိမ်းထားပါ။
(၇) အရေးပေါ် ကျန်းမာရေးသတင်း ထုတ်ပြန်ချက်တွေကို နားစွင့်ပါ။
(၈) ကျောင်းတွေပိတ်လိုက်ပြီဆိုရင်လည်း ကလေးတွေအတွက် အိမ်အပြင် မထွက်ဘဲ အိမ်မှာနေပျော်အောင် ဂိမ်းကစားတာ၊
စာအုပ်ဖတ်တာ၊ ကာတွန်းကား အခွေတွေဝယ်ထားတာ ဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *