ကလေးတွေမှာဒိုင်ဘာကြောင့်ဖြစ်တဲ့အနီစက်တွေကိုဘယ်လိုဖြေရှင်းမလဲ

ဒိုင်ဘာဝတ်တဲ့ကလေးငယ်တွေမှာ ကလေးငယ်တိုင်းမဟုတ်ပေမယ့် အနီ စက်တွေ ထွက်တာတွေ တွေ့ဖူးမှာပါ။ ဒိုက်ဘာလောင်တယ်လို့ အရပ်ထဲမှာ ပြောကြမယ်ထင်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ လိင်အင်္ဂါတစ်ဝိုက်နဲ့ ပေါင်ခြံ တွေမှာဖြစ်တတ်ပါတယ်။ ကလေး ဆီး၊ ဝမ်းတွေ၊ တချို့ကလေးသုံးပစ္စည်းတွေ၊ ဒိုင်ဘာကျပ်တာတွေနဲ့ အရေပြားနဲ့ ဓာတ်မတည့်တာတွေကြောင့် အဖြစ်များ တတ်ပါတယ်။

ခြောက်သွေ့သန့်ရှင်းနေပါစေ

ကလေးကို ဝတ်ပေးတဲ့ဒိုင်ဘာက သူ့အရွယ်အစားနဲ့ အဆင်ပြေတာမျိုးဖြစ် ရပါမယ်။ သိပ်ပြီး တင်းကျပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ သန့်ရှင်းရေး သေချာစွာ ပြုလုပ်ပြီး ခြောက်သွေ့အောင်လုပ်ပြီးမှ ဝတ်ပေးရပါမယ်။ ဒိုင်ဘာ ဝတ်တဲ့နေရာ တစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ပေးတဲ့အခါ နူးညံ့တဲ့အဝတ်နဲ့ သန့်စင်ပေးရပါမယ်။ အယ်လ်ကိုဟောပါတဲ့ သန့်စင်ပစ္စည်းတွေ မသုံးရပါဘူး။ ဆပ်ပြာမပါတာ ဒါမှမဟုတ် ဆပ်ပြာအနည်းငယ်ပါတဲ့ သန့်စင်ပစ္စည်း ကိုသာ သုံးသင့်ပါတယ်။ ကလေးရဲ့အရေ ပြားက နူးညံ့တာကြောင့် ကြမ်းကြမ်းတမ်း တမ်း ကိုင်တွယ်ပွတ်သတ်တာမျိုးကို ရှောင်သင့်ပါတယ်။

ပိုးသတ်ဆေး
တချို့ကလေးတွေမှာ လိုအပ်တာ ကြောင့် ပိုးသတ်ဆေး အသုံးပြုရတဲ့အခါ ကောင်းတဲ့ အကျိုးပြုတဲ့ ဘက်တီးရီးယား တွေပါ သေဆုံးသွားနိုင်ပါတယ်။ အဲဒီလို ကလေးတွေမှာ တခြားကလေးတွေထက် ဒိုင်ဘာဝတ်တဲ့နေရာတွေမှာ အနီစက် တွေ ပိုထွက်နိုင်ပါတယ်။

ဓာတ်မတည့်ခြင်း
ကလေးရဲ့ အရေပြားက နူးညံ့လွန်း တာကြောင့် ဆပ်ပြာ၊ အမွှေးနံ့နဲ့ ဆိုးဆေး တွေကြောင့် ဓာတ်မတည့်ဖြစ်ပြီးလည်း အနီစက်တွေ ထွက်နိုင်ပါတယ်။

ပိုးဝင်ကူးစက်ခြင်း
ဒိုင်ဘာဝတ်ထားတဲ့နေရာက နွေး ထွေးပြီး စိုစွတ်တာကြောင့် မှိုပိုးတွေ ပေါက်ပွားနိုင်ခြေ များပါတယ်။ မှိုပိုးတွေ ကြောင့် အနီစက်တွေကနေ ပိုဆိုးတဲ့ အ ရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

လှုံ့ဆော်ခြင်း
စိုထိုင်းပြီး အက်စစ်ဓာတ်ဖြစ်တဲ့ ဆီး နဲ့ဝမ်းတွေကြောင့် အရေပြားကို လှုံ့ဆော် လို့ အနီစက်တွေ ထွက်လာတတ်ပါတယ်။ အထူးသဖြင့် ကလေးက ဝမ်းသွားနေတဲ့ အခါမျိုးတွေမှာ မကြာခဏ ဝမ်းတွေပေ တာ၊ စွတ်စိုတာတွေကြောင့် အဖြစ်များ တတ်ပါတယ်။ အနီစက်တွေရှိနေတာ ကြောင့် ကလေးငယ်က ဒိုင်ဘာလဲတဲ့အ ခါ သန့်ရှင်းရေးလုပ်ရာမှာ အထိမခံဘဲ ငို တတ်ပါတယ်။

လိုက်နာပါ
ကလေးရဲ့ ဒိုင်ဘာဝတ်တဲ့နေရာ တွေမှာ အနီစက်တွေထွက်ခဲ့ရင် ဒိုင်ဘာ ကို မကြာခဏ စိုသွားတိုင်း လဲပေးပါ။ ကလေးရဲ့ အရေပြားက သန့်စင်ပစ္စည်း တွေ၊ အမွှေးနံ့တွေနဲ့ ဓာတ်မတည့်တာမျိုး လည်း ဖြစ်နိုင်တာကြောင့် အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ စုပ်ယူမှုအားကောင်းပြီးခြောက် သွေ့မြန်တဲ့ ဒိုင်ဘာအမျိုးအစားကိုလည်း ရွေးချယ်ရပါတယ်။

ခရင်မ်ရွေးချယ်ပါ
ကလေးရဲ့ အရေပြားကို ဆီး၊ ဝမ်း တွေ တိုက်ရိုက်မထိစေဖို့ အတားအဆီး တစ်ခုအနေနဲ့ ဇင့်ပါတဲ့ ခရင်မ်တစ်မျိုးမျိုး လိမ်းထားပေးရပါမယ်။

ရှောင်ကြဉ်ပါ
ကလေးရဲ့ ဒိုင်ဘာဝတ်တဲ့နေရာ တွေမှာ အနီစက်တွေ ထွက်နေခဲ့မယ်ဆို ရင်ကလေးအဝတ်တွေလျှော်တဲ့ ဆပ်ပြာ၊ အဝတ်တွေပျော့ပျောင်းစေတဲ့ဆပ်ပြာနဲ့ ကလေးရဲ့အိပ်ရာအခင်းတွေမှာ အမွှေးနံ့ တွေ သုံးတာကို ရှောင်ကြဉ်ပါ။ ကလေး ကို ဝတ်ဆင်ပေးတဲ့ အဝတ်အထည်တွေ က တင်းကျပ်လွန်းတာ၊ လေဝင်လေထွက် မကောင်းတာတွေကို ရှောင်ပါ။ ပေါင်ဒါ သုံးတာက ကလေးအဆုတ်ကို ထိခိုက် စေနိုင်လို့ မသုံးသင့်ပါ။

ကလေးဆရာဝန်နဲ့ ပြသပါ
အနီစက်တွေကြောင့် ကလေးက နာကျင်မယ်၊ ယားယံမှုတွေ ဖြစ်နေမယ်၊ ငိုနေမယ် အဲဒီကနေ ပိုးဝင်ကူးစက်ပြီး အရည်ကြည်ဖုတွေ ဖြစ်တာ၊ ဖျားတာ၊ နီရဲနေတာ၊ ပြည်တည်တာတွေအထိပါ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ထံ ပြသ ဖို့ လိုပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal