ကျန်းမာပျော်ရွှင်သက်ရှည်စေရန် ပြုပြင်သင့်သော အကျင့်ဆိုးများ

ကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည်နေနိုင်ဖို့ရာ သင်ရဲ့ ဘ၀နေထိုင်မှုပုံစံ၊ သင်ရွေးချယ်တဲ့အစားအသောက်၊ သင့်မျိုးရိုးဗီဇတွေအပြင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အပြုအမူကောင်းတွေရှိနေဖို့ လိုအပ်ပါတယ်။ သင်ပြုလုပ်နေကျ အပြုအမူတွေဟာ သင့်အနေနဲ့ ကျန်းမာမယ်လို့ထင်ရပေမယ့် အကျင့်ဆိုးတွေ ဖြစ်နေနိုင်တာမို့ ပြုပြင်နိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်။

တစ်ချိန်လုံး ထိုင်နေခြင်း

ထိုင်ပြီး အနားယူတာက ခန္ဓာကိုယ်နဲ့ စိတ်နှစ် မျိုးစလုံးအတွက် ကောင်းမွန်တယ်လို့ ယူဆရပေမယ့် အထိုင်များလွန်းတာက ကျန်းမာရေးအတွက် ဆိုး ကျိုးတွေ ရရှိနိုင်ပါတယ်။ အထိုင်များတဲ့ ဘ၀နေ ထိုင်မှုပုံစံရှိသူတွေက မကျန်းမာဆုံးဖြစ်တယ်လို့ အမျိုးသမီး ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူ ဂျနီဖာ က ထုတ်ဖော်ထားပါတယ်။ သင့်အနေနဲ့တစ်ပတ် အတွင်းမှာ အသင့်အတင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်း ကို အနည်းဆုံး မိနစ် ၁၅၀ (၂ နာရီခွဲ) ဒါမှမဟုတ် အေရိုးဗစ်လိုမျိုး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ၇၅ မိနစ် (၁ နာရီ ၁၅ မိနစ်)ခန့် ပြုလုပ်သင့်တယ်လို့ သူက အကြံပေးထားပါတယ်။ ဒါ့အပြင် အလေးမတာ လိုမျိုး ခွန်အားသုံး လေ့ကျင့်ခန်းတွေကိုလည်း ပြု လုပ်သင့်ပါတယ်တဲ့။ ဒီလိုပြုလုပ်တာကြောင့် ကြွက် သားနဲ့ အရိုးတွေ သန်မာလာပြီး ဇီဝရုပ်ဖြစ်စဉ်တွေ မြင့်တက်လာနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး နှစ်ရက်ခန့် ခွန်အားသုံးလေ့ကျင့်ခန်းကို မဖြစ်မနေပြု လုပ်ပါ။

အရက်ပုံမှန်သောက်နေခြင်း

အရက်သောက်တာများလွန်းရင် ကျန်းမာရေးဆိုးရွားစေနိုင်တယ်လို့ လူသိများနေကြပါပြီ။ အမျိုး သမီးတွေအတွက် အရက် တစ်နေ့တစ်ခွက်သောက် တာကို အသင့်အတင့်သောက်တယ်လို့ သတ်မှတ်ပြီး တစ်ပတ်ကို ရှစ်ခွက်နဲ့အထက် ပိုမိုသောက်ရင်တော့ အရက်သောက်များတယ်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ဖော်ထားပါတယ်။ အရက်သောက်များတာကြောင့် ကိုယ်အလေးချိန်မြင့် တက်တာ၊ မတော်တဆထိခိုက်ဒဏ်ရာရတာ၊ လိမ့် ကျတာ၊ အသည်းကြွပ်တာ၊ မုန့်ချိုအိတ်ရောင်တာ လိုမျိုး နာတာရှည်ရောဂါတွေနဲ့ ကင်ဆာမျိုးစုံဖြစ်နိုင်ပါ တယ်။ အရက်ကို အသင့်အတင့်သောက်တာက ကျန်းမာရေးအတွက် ကောင်းမွန်နိုင်တယ်လို့ ယုံ ကြည်နေတာကလည်း မှားယွင်းပါတယ်။ တကယ် တော့ အရက်က ကျန်းမာရေးအတွက် အထောက် အကူ သိပ်မရှိလှပါဘူး။

အစာနပ်ရှောင်ခြင်း

ကျွန်မတို့ဟာ ကိုယ်အလေးချိန်များလာရင် အစာနပ်ရှောင်တတ်ကြပြီး ကိုယ်အလေးချိန် နည်း နည်းကျဆင်းလာတာနဲ့ ပုံမှန်အတိုင်း ပြန်လည်စား သောက်တတ်ကြတဲ့အတွက် တဖြည်းဖြည်းနဲ့ ၀လာ ကြပါတယ်။ သင့်အနေနဲ့ စံအလေးချိန် သတ်မှတ် ချက်တစ်ခုအတွင်းမှာ ရှိနေနိုင်အောင် အစာကို ထိန်း ချုပ်ပြီး စားတာက အကောင်းဆုံးပါ။ ပိန်လိုက်၊ ၀လိုက်ဖြစ်တာက ရေရှည်မှာ နှလုံးရောဂါ၊ သွေးတိုး ရောဂါနဲ့ စိတ်ဖိစီးမှုများတာလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အိပ်ရာမဝင်မီ အီလက်ထရွန်နစ်ပစ္စည်းများ အသုံးပြုခြင်း

တစ်ညကို အိပ်ချိန် ၇-၉ နာရီ အတွင်းရှိရမယ် ဆိုတာကတော့ သိနေကြပါပြီ။ အိပ်ရာမဝင်ခင် အီလက်ထရွန်နစ်ပစ္စည်းတွေ အသုံးပြုတာက အိပ် ပျော်ရခက်ခဲနိုင်ပါတယ်။ အဲဒါတွေကို မသုံးဘဲနေ တာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြာရောင်အလင်းတန်းတွေနဲ့ ထိတွေ့မှုနည်းသွား ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါတယ်။ အိပ်ရာ မဝင်ခင် အနည်းဆုံး မိနစ် ၂၀ ခန့်အလိုမှာ အီလက် ထရွန်နစ်ပစ္စည်းတွေကို အသုံးမပြုပါနဲ့။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာကြောင့် သက်တမ်းတိုနိုင် ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်နိုင်ခြေ၊ အဆုတ် ကင်ဆာနဲ့ ခန္ဓာကိုယ်အတွင်း ကင်ဆာမျိုးစုံဖြစ်နိုင် ခြေများပြီး လေပြွန်ရောင်ရောဂါနဲ့ အဆုတ်ပွရောဂါ လည်း ဖြစ်လာနိုင်ပါတယ်။ တချို့က ဆေးလိပ်ဖြတ် ပြီး E-cigarette ကို သောက်ကြပေမယ့် သူ့မှာလည်း နီကိုတင်းနဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်တွင် မိမိကိုယ်မိမိ အခြားသူများနှင့် နှိုင်းယှဉ်ခြင်း

ဖေ့စ်ဘွတ်ခ်ပေါ်မှာ တခြားသူတွေ တင်ထားတဲ့ ပို့စ်တွေကိုကြည့်ပြီး မိမိကိုယ်မိမိ အားမရဖြစ်တတ် ကြပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့ဘ၀တွေက အစစ်တွေ ဖြစ်ချင်မှဖြစ်မှာပါ။ ဒါကြောင့် မိမိကိုယ် မိမိစိတ်ဓာတ်မကျပါစေနဲ့။ အဲဒီထဲကနေ ကိုယ့်ကို ချီးမွမ်းတဲ့အရာတွေ၊ ဗဟုသုတတွေ၊ မှတ်ချက် ကောင်းလေးတွေကို ရွေးချယ်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ သင့်ကို မှတ်ချက်ဆိုးတွေ ပေးတဲ့သူတွေ ကို လျစ်လျူရှုလိုက်ပါ။

ဖြစ်လာမှာကို ကြိုတွေး၍ စိုးရိမ်နေခြင်း

တချို့လူတွေက ဘာမှမဖြစ်သေးဘဲနဲ့ ဆိုး ဆိုးရွားရွားဖြစ်လာမှာကို ကြောက်စိတ်ဝင်ပြီး ကြိုတင် စိုးရိမ်နေကြတာက မကောင်းတဲ့အကျင့်ပါ။ သူ့ ကြောင့် စိတ်ဖိစီးမှုများနိုင်ပါတယ်။ စိတ်ဖိစီးမှုများ တာကြောင့် နှလုံးရောဂါလိုမျိုး နာတာရှည်ကျန်းမာ ရေးပြဿနာ ဖြစ်နိုင်တဲ့အပြင် ခုခံအားကျဆင်းတာ၊ အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ အခြေအနေကိုပဲ အာရုံစိုက်ပြီး သင်စိုးရိမ်နေတဲ့အရာ တွေကို ယထာဘူတကျကျ လေ့လာပြီး ဖြစ်နိုင်မဖြစ် နိုင်သုံးသပ်ပါ။ သင်ရဲ့ စိုးရိမ်စိတ်က မပျောက်သွား ဘူးဆိုရင် စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးပါ။

တစ်ချိန်လုံး မကျေမနပ်ဖြစ်နေခြင်း၊ ညည်းညူနေခြင်း

မကျေမနပ်ဖြစ်နေတာ၊ ညည်းညူတတ်တာက သင်ဟာ အဲဒီအကြောင်းအရာအတွက် တစ်ခုခုလုပ် နေတယ်ဆိုတာ ဦးနှောက်ကို စဉ်းစားဖို့ လှည့်စား နေတာပါ။ သင်မကျေမနပ်ဖြစ်နေတဲ့အကြောင်းရင်း ကို အဖြေရှာပြီး ပြုပြင်နေတာမဟုတ်ပါဘူး။ ဦး နှောက်ကို အဆိုးမြင်ဝါဒဖြစ်ဖို့ တိုက်တွန်းနေတာပါ။ သင့်ဦးနှောက်က သင့်ပတ်ဝန်းကျင်တစ်ခုလုံးကို သိနေတာမဟုတ်တဲ့အတွက် သင်လေ့ကျင့်ခိုင်းတာ ကိုပဲ သူကလုပ်နေရတာပါ။ ဒါကြောင့် သင့်အနေနဲ့ မကျေနပ်စရာတစ်ခုခုဖြစ်နေရင် ညည်းညူနေမယ့် အစား အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ ကောင်း ကွက်တစ်ခုကို ရှာဖွေပြီး တွေးတောလိုက်ပါ။ သင့်ဦး နှောက်ကို သင်မကြိုက်တာတွေ လက်မခံခိုင်းပါနဲ့။ သင်ချီးကျူးရမယ့် အကြောင်းအရာ တွေကိုသာ ဦးနှောက်ကို အာရုံစိုက်ခိုင်းလိုက်ပြီး အကောင်းမြင် စိတ်မွေးပါ။

စိတ်ခံစားချက်မကောင်းတာကို အာရုံလွှဲခြင်း

စိတ်ခံစားချက်မကောင်းတဲ့အခါမှာ လူတွေက ကြိုက်နှစ်သက်တဲ့ အစားအစာတွေကို အများကြီးစား တာ ဒါမှမဟုတ် အရက်သောက်တာတွေကို ပြုလုပ် ပြီး အာရုံလွှဲတတ်ကြပါတယ်။ ဒီအကျင့်က သင့်ကို စိတ်အေးချမ်းမှုပေးနိုင်မှာ မဟုတ်သလို စိုးရိမ်စိတ်တွေ လည်း လျှော့ချပေးမှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုလျော့ ကျစေတဲ့ စာရေးတာ၊ စာဖတ်တာ၊ ပန်းချီဆွဲတာ၊ သီချင်းနားထောင်တာ၊ တရားထိုင်တာလိုမျိုး မိမိ ဝါသနာပါရာတစ်ခုခုကို ပြုလုပ်လိုက်ပါ။

ခက်ခဲသော ပန်းတိုင်ကို အချိန်တိုတိုနှင့် ရောက်ရှိရန် မျှော်မှန်းနေခြင်း

ပန်းတိုင်တစ်ခုကို စိတ်စွမ်းအင်နဲ့ ရောက်အောင် သွားနိုင်တယ်လို့ စိတ်ကူးယဉ်နေတာကလည်း မှားယွင်းပါတယ်။ လူတွေက ဖြည်းဖြည်းချင်းသာ ပြောင်းလဲမှုပြုလုပ်နိုင်ကြပြီး အချိန်တိုတိုနဲ့ အမြင့် နေရာကို ရောက်ရှိဖို့ဆိုတာက အလွန်ခက်ခဲပါတယ်။ သင့်အနေနဲ့ ပန်းတိုင်ရောက်ဖို့ အလွန်စိတ်ထက်သန် နေတယ်ဆိုရင်တော့ တစ်ထစ်ချင်းသာ တက်လှမ်းပြီး အောင်မြင်နိုင်တဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေသွားပါ။ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်လာမှသာ သင်လို ချင်တဲ့ပန်းတိုင်ကြီးကို ရောက်ရှိနိုင်မှာပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal