ခန္ဓာကိုယ်အတွင်း ဗီတာမင် စီ ချို့တဲ့သော လက္ခဏာများ

ဗီတာမင် စီ ဟာ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဗီတာမင် စီ ကို နေ့စဉ်နေ့တိုင်း လိုအပ်တဲ့ ပမာဏပြည့်မီအောင် စားသုံးရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် စီ က တခြား ဗီတာမင်တွေလိုမျိုး ခန္ဓာကိုယ်ထဲမှာ ရေရှည်မတည်ရှိနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ် အတွင်း ဗီတာမင် စီ ချို့တဲ့တာကြောင့် ဘ၀အရည်အသွေးညံ့ဖျင်းနိုင်သလို ဝေဒနာ တွေလည်း ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေက ဗီတာမင် စီ ကို ပြန်လည်ပြည့်မီ အောင် စားသုံးလိုက်တာနဲ့ ပြန်လည်ကောင်းမွန်သွားနိုင်ပါတယ်။ အောက်ပါတို့ဟာ ဗီတာမင် စီ ချို့တဲ့တဲ့ လက္ခဏာတွေပါ။

သွားဖုံးရောင်ရမ်းပြီး သွေးထွက်နေခြင်း
ဗီတာမင် စီ က သွားဖုံးကျန်းမာရေးအတွက် အဓိကဒေါက်တိုင်ဖြစ်ပါတယ်။ ဗီတာမင် စီ ကို နေ့စဉ်ပြည့်ပြည့်၀၀မရရှိခဲ့ရင် သွားဖုံးရောင်ရမ်းနိုင်ပါတယ်။ သင့်အနေ နဲ့ ခံတွင်းကျန်းမာရေးကို သေချာဂရုစိုက်ပေမယ့် သွားဖုံးက ရောင်ရမ်းပြီး သွေးထွက် နေခဲ့ရင် ဗီတာမင် စီ ကို ပိုမိုစားသုံးသင့်ပါပြီ။ သက်ကြီးအမျိုးသမီးတွေအနေနဲ့ ဗီတာမင် စီ က တစ်နေ့ကို ၇၅ မီလီဂရမ်နဲ့ အမျိုးသားတွေအတွက် ၉၀ မီလီဂရမ်လိုအပ်တယ်လို့ သိပ္ပံပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။ ဆေးလိပ် သောက်သူတွေက ၃၅ မီလီဂရမ် အပိုဆောင်းရရှိဖို့ လိုအပ်ပါတယ်။

အလွယ်တကူအညိုအမည်းစွဲခြင်း၊ အနာကျက်ရန် ခက်ခဲခြင်း
သင့်အနေနဲ့ အညိုအမည်းစွဲလွယ်သူဖြစ်ရင် ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင် စီ ချို့တဲ့နေတာကြောင့်ပါ။ အချဉ်အရသာရှိတဲ့သစ်သီးဝလံနဲ့ အစားအစာတွေကို နေ့စဉ် စားသုံးပေးရပါမယ်။ ဒါ့အပြင် သင်ရဲ့ ကုတ်ရာရှရာတွေနဲ့ အနာတွေ ကျက်ဖို့ ခက်ခဲ နေတယ်ဆိုရင်လည်း ဗီတာမင် စီ ပိုမိုစားသုံးသင့်ပါတယ်။ ခန္ဓာကိုယ်က ကော်လာ ဂျင်ထုတ်လုပ်ဖို့ ဗီတာမင် စီ လိုအပ်လို့ပါ။

ဆံပင်ကြွပ်ဆတ်ခြင်းနှင့် အလွယ်တကူ ကျွတ်လွယ်ခြင်း
ဆံပင်က ကျိုးလွယ်ကျွတ်လွယ်နေခဲ့ရင် နေ့စဉ် ဗီတာမင် စီ ရရှိမှုနည်းနေတာ ကြောင့်ပါ။ ဆံပင်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေအတွက် ငွေကို အသုံးမပြုခင်မှာ ဗီ တာမင် စီ ပါဝင်မှုများတဲ့အစားအစာတွေကို အရင်စားသုံးကြည့်ပါ။

မကြာခဏ အဆစ်နာကျင်ခြင်း
အဆစ်နာကျင်တာက ဗီတာမင် စီ ချို့တဲ့တဲ့ စောစောစီးစီးလက္ခဏာတစ်ခုပါ။ ဗီတာမင် စီ က အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ လျော့နည်းနေရင် ရောင်ရမ်းမှုဖြစ်စဉ်တွေဖြစ်လာပြီး အဆစ်တွေ ကိုက်ခဲလာပါတယ်။ ဒါကြောင့် အဆစ်နာကျင်ကိုက်ခဲတတ်သူတွေအနေနဲ့ ဗီတာမင် စီ ကို နေ့စဉ် မဖြစ်မ နေပါဝင်အောင် စားသုံးသင့်ပါတယ်။

မကြာခဏ ဖျားနာခြင်း
သင့်အနေနဲ့ မကြာခဏ အအေးမိတာ၊ နှာစေးတာ၊ တုပ်ကွေးမိတာနဲ့ ရောဂါပိုး ဝင်တာတွေ ဖြစ်နေတာက သင်ရဲ့ ခုခံအားစနစ်ကျဆင်းနေတာကြောင့်ပါ။ ဗီတာမင် စီ က ရောဂါပိုးတွေနဲ့ တခြားပြင်ပပစ္စည်းတွေကို တွန်းလှန်ဖို့အတွက် လိုအပ်တဲ့ သွေး ဖြူဥတွေ ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ သင့်အနေနဲ့ တစ်ချိန်လုံး ဖျားနာ နေတာက ခုခံအားကျဆင်းနေတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဗီတာမင် စီ များများစားသုံးပေးရပါ မယ်။

အကြောင်းရင်းမရှိဘဲ ၀လာခြင်း
သင့်အနေနဲ့ ဘ၀နေထိုင်မှုပုံစံပြောင်းလဲမှုမရှိဘဲ ကိုယ်အလေးချိန်မြင့်တက်နေ ခဲ့ရင် ဗီတာမင် စီ ချို့တဲ့တာကြောင့်ပါ။ လေ့လာမှုအရ ဗီတာမင် စီ လျော့နည်းတာနဲ့ အဆီများတာ (အထူးသဖြင့် ဝမ်းဗိုက်အဆီ)နဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ဗီတာမင် စီ က အဆီကို ထိထိရောက်ရောက်လောင်ကျွမ်းအောင် ကူညီနိုင်ပါတယ်။

နေ့ခင်းပိုင်းတွင် အိပ်ငိုက်နေခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း
သင့်အနေနဲ့ ညဘက် အိပ်ရေး၀၀အိပ်ထားရဲ့သားနဲ့ နေ့လယ်ပိုင်းမှာ အိပ်ငိုက် နေရင် ဗီတာမင် စီ လုံလုံလောက်လောက်မရရှိတာကြောင့်ပါ။ ခန္ဓာကိုယ်အတွင်း ဗီ တာမင် စီ ချို့တဲ့နေရင် မောပန်းတဲ့လက္ခဏာပြတတ်ပါတယ်။ ဒါကြောင့် သင့်အနေ နဲ့ ပင်ပန်းသလိုဖြစ်နေရင်၊ အိပ်ငိုက်နေရင် ကော်ဖီအများကြီး သောက်မယ့်အစား လိမ္မော်သီး စားလိုက်ပါ။

အရေပြားခြောက်သွေ့ပြီး မည်းညစ်နေခြင်း
ဗီတာမင် စီ ဟာ ကော်လာဂျင်ထုတ်မှုအတွက် အလွန်အရေးပါပါတယ်။ ကော် လာဂျင်က အရေပြားတောက်ပြောင်အောင် ပြုလုပ်ပေးတဲ့အတွက် ဗီတာမင် စီ ချို့ တဲ့နေရင် အရေပြားမည်းညစ်ပြီး အတွန့်အခေါက်တွေ ပေါ်လာနိုင်ပါတယ်။

မကြာခဏနှာခေါင်းသွေးလျှံခြင်း
နှာခေါင်းသွေးလျှံတာက အန္တရာယ် သိပ်မများနိုင်ပေမယ့် မကြာခဏ နှာခေါင်း သွေးလျှံနေတာကတော့ သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင် စီ ပိုမိုလိုအပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ နှာခေါင်းအတွင်းမှာ အလွန်သေးငယ်တဲ့သွေးကြောလေးတွေနဲ့ ပြည့်နှက်နေပြီး အဲဒီသွေးကြောတွေ ကျန်းမာဖို့အတွက် ဗီတာမင် စီ လိုအပ်ပါတယ်။ ဗီတာမင် စီ လုံလုံလောက်လောက်မရှိရင် သွေးကြောပေါက်လွယ်ကာ နှာခေါင်းသွေး လျှံနိုင်ပါတယ်။

ခြေသည်းလက်သည်းပါးပြီး အားနည်းခြင်း
ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်ဖို့ ဗီတာမင် စီ ကို လိုအပ်ပါတယ်။ ခန္ဓာကိုယ် ထဲမှာ ဗီတာမင် စီ ချို့တဲ့နေရင် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်ပြီး လက် သည်း ကြွပ်ဆတ်နိုင်ပါတယ်။ လက်သည်းတွေ သန်မာဖို့ အလှပြင်ခန်းမတွေမှာ သွား ရောက် ပြုပြင်နေပေမယ့် ထိရောက်တဲ့ ရလဒ်ကို မရရှိခဲ့ဘူးဆိုရင် ဗီတာမင် စီ ပါဝင်မှု များတဲ့အစားအစာတွေကို စားသုံးပေးပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal