စအိုဝကွဲသောအခါ ဖြစ်သော ဝေဒနာများ သက်သာလိုလျှင်

ဝမ်းချုပ်တဲ့အခါ ဝမ်းမာမာသွားတာ၊ အတုံးကြီးကြီး သွားတာကြောင့် စအိုကွဲ တာဖြစ်တတ်ပါတယ်။ စအိုကွဲတာကြောင့် နာကျင်တာနဲ့ပူစပ်ပူလောင် ခံစားမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဝမ်းခဏခဏသွားတာ၊ အူလမ်းကြောင်းရောဂါဖြစ်တဲ့ IBD ရှိတာ၊ စအိုအဝကြွက်သားကျုံ့ဖန်များတာ၊ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရော ဂါရှိတာ စတဲ့ အကြောင်းတွေကြောင့်လည်း စအိုဝကွဲတာ ဖြစ်နိုင်ပါတယ်။

ခံစားရသောဝေဒနာများ

စအိုကွဲတာကြောင့် ယားယံ တာအပြင် နာကျင်မှု ဒါမှမဟုတ် ဝမ်းသွားတဲ့အခါ သွေးထွက်တာ တွေဖြစ်ပေါ်နိုင်ပါတယ်။ စအိုကွဲတဲ့ အခါ ဖြစ်ပေါ်လာတဲ့ မသက်မသာခံ စားမှုတွေကြောင့် စိတ်မညစ်ညူး စေဖို့ အောက်ပါ အိမ်တွင်းနည်းလမ်း တွေကို အလွယ်တကူ အသုံးပြုနိုင် ပါတယ်။

သံလွင်ဆီ လိမ်းပါ


သံလွင်ဆီမှာ အဆီတွေများစွာပါဝင်တာကြောင့် ဝမ်းသွား တဲ့အခါ ချောချောချူချူသွားစေပါတယ်။ စအိုကွဲတာကြောင့်ဖြစ် တဲ့ ရောင်ရမ်းတာကိုလျော့နည်းစေပြီး နာကျင်မှုကို သက်သာစေ ပါတယ်။ ၂၀၀၆ ခုနှစ်က ပြုလုပ်တဲ့လေ့လာမှုအရ သံလွင်ဆီ၊ ပျားရည်နဲ့ ပျားဖယောင်းတို့ကိုရောပြီး စအိုကွဲသူတွေမှာ အသုံး ပြုတာကြောင့် ယားယံတာ၊ နာကျင်တာနဲ့ သွေးထွက်တာတွေ သက်သာစေတယ်လို့ ဆေးသိပ္ပံဂျာနယ်တစ်စောင်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။ သံလွင်ဆီ၊ ပျားရည်နဲ့ ပျားဖယောင်းတို့ကို ဆ တူရောပြီး အပူအနည်းငယ်ပေးပါ။ အားလုံးရောပြီး ပျော်သွား ရင် အအေးခံပါ။ ပြီးနောက် စအိုကွဲတဲ့နေရာကို လိမ်းပေးပါ။ မကြာခဏ လိမ်းပေးပါ။

ရှားစောင်းလက်ပပ် လိမ်းပါ

ရှားစောင်းလက်ပပ်မှာ သဘာဝအနာကျက်မြန်စေတဲ့ အာနိသင်ရှိပြီး နာကျင်မှုကို လည်း လျော့နည်းစေပါတယ်။ စအိုနားတစ်ဝိုက်က အရေပြားပျက်စီးတာတွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ရှားစောင်းလက် ပပ်အရည်ကို စအိုတစ်ဝိုက် လိမ်းပေးပါက နာတာရှည် စအိုကွဲတာအတွက် ထိရောက်စွာ ကုသပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ရှားစောင်းလက်ပပ်အရွက်ရဲ့အလယ်ကို အလျား လိုက်ဖြတ်ပြီး အတွင်းသား ဂျယ်လီကို ရယူပါ။ စအိုတစ်ဝိုက်ကို မကြာခဏ လိမ်းပေးပါ။

ရေနွေးစိမ်ပါ

စအိုကွဲတာကြောင့်ဖြစ်တဲ့ မသက်မသာခံစားမှုတွေ သက်သာစေဖို့နဲ့ အနာ ကျက်မြန်စေဖို့ ရေနွေးစိမ်ပေးပါ။ စအိုတစ်ဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပြီး အနာကျက် မြန်စေပါတယ်။ ဒါ့အပြင် နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ ယားယံမှု တွေကို သက်သာစေပါတယ်။ ကြက် သီးနွေးရေထည့်ထားတဲ့ ရေဇလုံထဲ ကို လာဗင်ဒါဆီ အနည်းငယ်ထည့်ပြီး ရောမွှေပါ။ အဲဒီရေထဲကို ၁၅-၂၀ မိနစ် ကြာ စိမ်နေပါ။ တစ်နေ့ ၂-၃ ကြိမ် ပြု လုပ်ပါ။

အုန်းဆီ လိမ်းပါ

စအိုကွဲတာအတွက် အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အုန်းဆီမှာပါဝင်တဲ့အဆီက အရေပြားကို ထိုးဖောက်ပြီး ချောမွေ့စေတဲ့အပြင် အနာကျက်မြန်စေပါတယ်။ အုန်းဆီ ကို စအိုကွဲတဲ့ အရေပြားပေါ် တစ်နေ့ ၂-၃ ကြိမ် လိမ်းပေးပါ။ နာတာရှည်စအိုကွဲနာဖြစ်ပေါ်ပါက တစ်နေ့ကို အကြိမ်များစွာ လိမ်းပေးပါ။

ပန်းသီးရှလကာရည်

အူလမ်းကြောင်းအတွင်း လှုပ်ရှားမှုများလို့ မကြာခဏဝမ်းသွားတာ၊ ဝမ်း ချုပ်တာတွေက စအိုကွဲကို ဖြစ်စေပါတယ်။ ဝမ်းချုပ်တာအတွက် ပန်းသီးရှလကာရည် ကိုသောက်သုံးနိုင်ပါတယ်။ အရည်မှာပျော်ဝင်တဲ့ အမျှင်ဓာတ်ဖြစ်တဲ့ ပက်တင်က အစာချေဖျက်မှုကို ကောင်းမွန်စေပြီး အူလမ်းကြောင်းလှုပ်ရှားမှုအတွက် ထိ ရောက်စေပါတယ်။ ပန်းသီးရှလကာရည် ၁-၂ ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ရေးပါ။ ပျားရည်အနည်းငယ်ထည့်ပြီး တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။
ရေနံဂျယ်လီ
စအိုဝကွဲတာက အလွန်နာကျင်တဲ့ ဝေဒနာကို ခံစားရတာကြောင့် ဝမ်းသွားရ မှာ ကြောက်ရွံ့တတ်ကြပါတယ်။ ရေနံ ဂျယ်လီက ဝမ်းကို ချောချောချူချူထွက် စေပြီး နာကျင်မှု သက်သာစေပါတယ်။ ဝမ်းသွားခါနီးတိုင်း စအိုဝတစ်ဝိုက်ကို ရေနံဂျယ်လီ လိမ်းပေးပါ။

ရေခဲဝတ် ကပ်ပေးပါ

စအိုကွဲတဲ့နေရာမှာ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ သက်သာစေဖို့ ရေခဲ ဝတ်ကပ်ပေးနိုင်ပါတယ်။ သန့်စင်တဲ့ အဝတ်စတစ်ခုကို ရေခဲရေထဲ ထည့် စိမ်ပြီး စအိုဝကို ကပ်ပေးပါ။ ထပ်ကာထပ်ကာ ပြုလုပ်နိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *