“ဆီးကျိတ်ကင်ဆာအကြောင်း တစေ့တစောင်း- ဒေါက်တာစိမ့်”

ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံးကင်ဆာရောဂါတစ်ခုဖြစ်ပြီး အသက် ၅၀ ကနေ ၇၀ ကြားအမျိုးသားတွေအကြား သုံးယောက်မှာ တစ်ယောက်နှုန်းနဲ့ဖြစ်ပွားနေပါတယ်။ အသက် ၈၀ ကျော်ရင်တော့ အမျိုးသားဆယ်ယောက်မှာ ၈ ယောက်လောက်ဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ရှိကြပါ တယ်။ အသက် (၄၅) နှစ်အောက်အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်တာတော့ တော်တော်လေးရှားပါ တယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာပဲ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ဆီးကျိတ်ကင်ဆာ တစ်သိန်းခြောက်သောင်း ကျော်လောက်ရှိပြီး ၂သောင်းခွဲလောက်က သေးဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သတိထားဆင်ခြင် စရာ ရောဂါတစ်ခုဖြစ်တာမို့ ဆီးကျိတ်ကင်ဆာအကြောင်းမျှဝေဖော်ပြလိုက်ပါတယ်။
ဆီးကျိတ်ဆိုတာ ဆီးအိမ် ( bladder ) အောက်၊ မစင်အိမ် ( rectum ) ရဲ့အရှေ့၊ ဆီးပြွန် ( urethra ) ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်က sperm လို့ခေါ်တဲ့ သုက်ကောင်လေးတွေ ရဲ့အာဟာရအတွက်ရယ်၊ သုက်ကောင်လေးတွေကို သယ်ဆောင်ပေးဖို့အတွက်ရယ်၊ သုက်ကောင်လေးတွေ မိန်းမကိုယ်ထဲရောက်တဲ့အခါ မိန်းမကိုယ်ရဲ့ အက်စစ်ဓာတ်တွေကြား ရှင်သန်နိုင်အောင် အတွက် အယ်လ်ကာလီဓာတ်ပါတဲ့ ဖြူဖြူအရည်တစ်မျိုးထုတ်ပေးပါတယ်။ နောက်ပြီးတော့ sphincter muscles လေးတွေရှိတဲ့အတွက် ဆီးကိုလည်း ထိန်းပေးပါတယ်။

ပုံမှန်အားဖြင့် သစ်ချသီးအရွယ်သာသာရှိတဲ့ ဆီးကျိတ်လေးဟာ အမျိုးသားဟော်မုန်းတွေဖြစ်တဲ့ Androgen, Testerone, Dihydrogentesterone တွေရဲ့လှုံ့ဆော်မှုကြောင့် တဖြည်းဖြည်းကြီးလာရာကနေ ဆဲလ်တွေရဲ့ ကြီးထွားမှုကို မထိန်းချုပ်နိုင်တော့တဲ့အခါ ကင်ဆာအဆင့်ထိရောက်ကုန်ကြပါတယ်။ ဆဲလ်တွေရဲ့မျိုးဗီဇတွေထွန်းကုန်ပါတယ်။ ဒီလို ကင်ဆာ ဖြစ်စေတဲ့အချက်လေးတွေတော့ရှိပါတယ်။

(၁) အသက် – များသောအားဖြင့် အသက် (၄၅) နှစ်အောက်တွေမှာ အဖြစ်နည်းပြီး (၅၀) နောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။

(၂) လူမျိုး – ဆီးကျိတ်ကင်ဆာဟာ တချို့လူမျိုးတွေမှာ ဘာကြောင့်မှန်းမသိဘဲ ပိုဖြစ်တတ်တာတွေ့ရပါတယ်။ ဥပမာ အမေရိကန်တွေဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ၆၀ ရာခိုင်နှုန်းပိုဖြစ်ကြပြီး အမေရိကန်နိုင်ငံထဲမှာမှ လူမည်းတွေက လူဖြူတွေထက် နှစ်ဆ၊ သုံးဆပိုဖြစ်ကြပါတယ်။ တရုတ်ပြည်မှာဆိုရင်တော့ နှစ်ရာခိုင်နှုန်းပဲဖြစ်ကြပါသတဲ့။

(၃) မျိုးရိုး – ကင်ဆာမျိုးရိုးရှိရင် ပိုသတိထားရပါမယ်။ ကိုယ့် အဖေ၊ အစ်ကို ဖြစ်သူတွေမှာ ဆီးကျိတ်ကင်ဆာရှိတယ်ဆိုရင် ပုံမှန်လူတွေထက် ကိုယ့်မှာ ဖြစ်နိုင်ခြေ သုံးဆရှိနေပါတယ်။ ကိုယ့်ရဲ့အမြွာမှာ ဆီးကျိတ်ကင်ဆာရှိရင်လည်း ကိုယ့်မှာလည်း ဖြစ်ဖို့သေချာနေပါပြီ။

(၄) အစားအစာ – အစားအစာမှာဆိုရင် အသားစားများတဲ့သူ (အထူးသဖြင့် red meat တွေ အစားများတဲ့သူ) တွေ မှာပိုဖြစ်တတ်ပါတယ်။ အဆီအအိမ့်တွေ၊ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေ အစားများရင်လည်း ဖြစ်ပါတယ်။

(၅) အဝလွန်တာ – အဝလွန်တဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေပိုမြင့်မားသလို ဆီးကျိတ်ကင်ဆာဖြစ်နေ ရင်လည်း အဝလွန်တဲ့သူတွေဟာ သေဆုံးနိုင်ခြေပိုများပါတယ်။
ဖော်ပြပါအချက်လေးတွေနဲ့တိုက်ဆိုင်သွားတဲ့အခါ ပုံမှန်ကြီးနေတဲ့ ဆီးကျိတ်လေးဟာ ဆဲလ်တွေမျိုးဗီဇ ထွန်းပြီး ဆီးကျိတ်ကင်ဆာဖြစ်လာပါတော့တယ်။

ဆီးကျိတ်ကင်ဆာ ဖြစ်ဖြစ်ချင်းကတော့ ဘာလက္ခဏာမှမပြဘူး။ သူ့ရောဂါလက္ခဏာတွေက BPH ခေါ် ဆီးကျိတ်ရောင်တဲ့လက္ခဏာတွေနဲ့ တူပါတယ်။ ဆီးခဏခဏ သွားမယ်၊ ညပိုင်းတွေမှာ ပိုသွားမယ် ( nocturia ပေါ့)၊ ပြီးရင် ဆီးစပေါက်ဖို့ခက်မယ်၊ ဆီးသွားရင် အောင့်မယ်၊ နာမယ်၊ ဆီးထဲမှာ သွေးစလေးတွေ ပါလာမယ် ပေါ့။ အရင်တုန်းကတော့ ၁၉၉၈ လောက်ကထင်တယ်။ ဆီးကျိတ်ကင်ဆာဖြစ်တဲ့ လူနာ သုံးပုံတစ်ပုံလောက်က ဒီလက္ခဏာတွေကို ခံစားရပြီး သုံးပုံနှစ်ပုံလောက်ကတော့ ဘာလက္ခဏာမှ မပြဘူးလို့ ပြောပါတယ်။
ဒီဆီးကျိတ်က ဆီးလမ်းကြောင်းပတ်ပတ်လည်မှာ ရှိတာဆိုတော့ ဆီးနဲ့ပတ်သက်တဲ့ လက္ခဏာတွေ လည်းတွေ့ရတယ်။ နောက်တစ်ခုကကျတော့ သူက သုက်ရည်အတွက်လိုအပ်တဲ့အရည်တွေ ထုတ်ပေးတယ် ဆိုတော့ ဆီးကျိတ်ကင်ဆာဖြစ်ပြီဆိုရင် အမျိုးသားတွေရဲ့ စွမ်းရည်ကျတယ်ပြောရမှာပေါ့။ လိင်အင်္ဂါ မထောင် မတ်နိုင်တော့တာတို့၊ သုက်လွှတ်ရင် နာကျင်တာတို့ ဖြစ်တတ်ပါတယ်။ တချို့လည်း သုက်လွှတ်ရင် သွေးစ တွေပါလာတယ်လို့ ပြောတတ်ပါတယ်။

Metatstatic လို ပြန့်တဲ့အခြေနေရောက်နေပြီဆိုရင် တခြားနေရာတွေမှာပါ ခံစားရပါတယ်။ အများဆုံး ပြန့်တာကတော့ အရိုးပေါ့။ အထူးသဖြင့် ကျောရိုး၊ တင်ပဆုံရိုး၊ နံရိုးတွေမှာ အရမ်းနာတယ်။ တချို့တွေလည်း ပေါင်ရိုးတွေပါ နာတယ်။ ကျောရိုးကိုထိရင် ကျောရိုးထဲက အာရုံကျောမကြီး (spinal cord) ကို သွားထိတဲ့ အတွက် ခြေလက်တွေ ထုံကျင်တာ၊ အားနည်းတာ၊ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်ဘဲ ထွက်ကျတာတွေ ကြုံရ တတ်ပါတယ်။

ဒါပေမယ့် သေချာအောင်တော့ စစ်ဆေးဖို့လိုတာပေါ့။ လူနာရောက်လာရင် အဓိက နှစ်မျိုးစမ်းပါတယ်။ ကင်ဆာအကျိတ်ကြောင့် ဆီးမသွားနိုင်ဘဲ ဆီးအိမ်ပြည့်တင်းနေလားဆိုတာ ဝမ်းဗိုက်ကနေ စမ်းကြည့်ရပါတယ်။ နောက်တစ်ခုကတော့ စအိုထဲကနေ လက်ချောင်းထိုးစမ်းတာပါ။ DRE – Digital Rectal Examination လို့ခေါ်ပါတယ်။ အထဲကအကျိတ်ဟာ ကင်ဆာကျိတ် ဟုတ်၊ မဟုတ် သေချာအောင် မာလား၊ ပျော့လား၊ အဖုတွေရှိနေလား၊ လှုပ်လို့ရလားဆိုပြီး စမ်းကြည့်ရပါတယ်။ ဒီလိုတွေ စမ်းပြီးရင်တော့ သွေးစစ်၊ ဆီးစစ်ပြီး ဓာတ်မှန်တွေ ရိုက်ဖို့လိုပါတယ်။
သွေးစစ်တယ်ဆိုတာက (၁) PSA – Prostate Specific Antigen ဆိုတဲ့ ဆီးကျိတ်ကထုတ်တဲ့ ပရိုတင်းဓာတ်ကို စစ်ပါတယ်။ နံပတ် (၂) အနေနဲ့ကတော့ Creatinine Level ကိုတိုင်းပါတယ်။ အကျိတ်ကြောင့် ဆီးမသွားနိုင်တဲ့အတွက် ဆီးတွေ အပေါ်ကို ပြန်ဆန်တက်လာပြီး Creatinine level တက်လာတတ်ပါတယ်။ ဒါကို သိရအောင်ပါ။ နောက်ဆုံးကတော့ ကင်ဆာက အရိုးထိ ပြန့်သွားတဲ့အခါ Acid Phosphotase Level တက်ပါတယ်။ ဒါကိုလည်း စစ်ပါတယ်။ ဆီးထဲမှာကတော့ PCA 3 ဆိုတာကိုတိုင်းလို့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ဆီမှာတော့ မတွင်ကျယ်သေးပါဘူး။

ပြီးရင် အသားစယူပြီးလည်း အတည်ပြုစစ်ဆေးလို့ရပါတယ်။ စအိုကနေ Probe လေးထည့်ပြီး ultrasound နဲ့ ချိန်ကာ အပ်နဲ့အသားစ ယူစစ်တာပါ။ ဒီလိုမျိုး အသားစယူပြီးရင် ဓာတ်မှန်မှာဆိုရင် အာထရာဆောင်း (Ultrasound)၊ စီတီ (CT)၊ အမ်အာအိုင် (MRI) နဲ့ အရိုးတွေထိ ပြန့်နေပြီလို့ သံသယရှိရင် (Bone Scan) ပါ ရိုက်လို့ရပါတယ်။ အဲဒီ အသားစယူတာကနေ Glaeson Score တွက်ပြီး (၂ ကနေ ၉ အထိ) Grade ခွဲလို့ရသလို ဓာတ်မှန်ကနေလည်း TMN Staging ( T1 to T4 ) ဆိုပြီး staging တွေ ခွဲထားပါတယ်။ T 1 ဆိုရင် ဘာမှ မကုသေးဘဲ အခြေနေကို စောင့်ကြည့်ပါသေးတယ်။ BPH ဆီးကျိတ်ရောင်တာနဲ့ Infection တွေနဲ့ မှားမှာစိုးတဲ့အတွက်ပါ။ သုံးလတစ်ခါ follow up ရက်ချိန်းတွေ ပြန်ခေါ်ပြီး သွေးစစ်တာ၊ ဓာတ်မှန်ရိုက်တာတွေ လုပ်ပြီး သေချာမှ treatment စ ပေးတာပါ။ Active Survellience လို့ခေါ်ပါတယ်။

Stage 2 ဆိုရင်တော့ HIFU ဆိုတဲ့ treatment ပေးချင် ပေးလို့ရပါတယ်။ High Intensity Focused Ultrasound ပါ။ စအိုထဲကို probe လေးထည့်ပြီး ultrasonic heat waves တွေနဲ့ ကင်ဆာဆဲလ်တွေကို သတ်တဲ့နည်းပါ။ Stage 2 နဲ့ 3 အတွက် surgery လုပ်တာလည်းရှိပါတယ်။ surgery လုပ်တဲ့အခါ ဆီးကျိတ်နားက ပြန်ရည်ကျောအဖုတွေ Lymph Node တွေအားလုံးကို ဖြတ်ထုတ်ပစ်တာ ( Extended Lymph Node Radical Prostatectomy) နဲ့ ဒီလို အကုန်လုံးဖြတ်ထုတ်ပစ်တာကို မခံနိုင်တဲ့ (အထူးသဖြင့် အသက်အရွယ်ကြီးတဲ့သူတွေ) မှာ လုပ်ပေးရတတ်တဲ့ Obturator Lymph Node Radical Prostatectomy) ဆိုတာရှိပါတယ်။ ခွဲစိတ်တာကို မခံနိုင်တဲ့သူတွေ၊ ရောဂါအခံတစ်ခုခုရှိတဲ့သူတွေကို ဆိုရင် ဆီးကျိတ်ထဲကို Radioactive seeds လေးတွေထည့်ပြီး radiation နဲ့ ကင်ဆာဆဲလ်တွေကို သတ်တဲ့နည်းကိုလည်း သုံးပါ တယ်။ Brachytherapy လို့ခေါ်ပါတယ်။ ဒီနည်းဟာ ၆၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ စိတ်ချရတဲ့ကုသမှုပါပဲ။
Stage 4 လို နောက်ကျတဲ့အခြေနေတွေမှာဆိုရင်တော့ Hormonal Therapy နဲ့ Radition Therapy ဆိုတဲ့ treatment တွေပေးလို့ရတယ်။ Hormonal Therapy မှာမှ ဆေးပေးတာနဲ့ ခွဲစိတ်တာ နှစ်ခုရှိပါသေး တယ်။ ဆေးပေးတယ်ဆိုတာက အမျိုးသားဟော်မုန်းတွေဖြစ်တဲ့ Androgen, Testerone, Dihydrogentesterone တွေ ထပ်မထွက်တော့အောင် blocker (LHRH Antagonists) တွေပေးတာပါ။ တစ်ခါတစ်လေလည်း leuprite လို သုံးလခံထိုးဆေးနဲ့ ကုသတာတွေလည်းရှိပါတယ်။ ဒါမှမဟုတ်လည်း ခွဲစိတ်ပြီး castration လုပ်ပါတယ်။ ကပ်ပယ်အိတ်နှစ်ခုစလုံးထက ဝှေးစေ့ကို ထုတ်လိုက်တာပါ။ ဒါဆိုရင် ဟော်မုန်းတွေ မထွက်တော့တဲ့အတွက် ကင်ဆာကျိတ်ထပ်မကြီးတော့ပါဘူး။ ဒါပေမယ့် ဒီလို ဆေးတွေပေး၊ ခွဲစိတ်မှုတွေလုပ်တာတောင် မထူးခြား၊ မသက်သာလာတဲ့ လူနာတွေလည်း ရှိပါသေးတယ်။

ဒီတော့ အမျိုးသားတိုင်း ဖြစ်နိုင်ခြေရှိတဲ့ ဆီးကျိတ်ကင်ဆာကို ကာကွယ်ဖို့အတွက်က သီးခြားဆေး ရယ်တော့ မရှိပါဘူး။ အမျိုးသားဖြစ်လာတာက၊ ကင်ဆာမျိုးဗီဇရှိနေတာတွေက ရှောင်လွှဲလို့မရပေမယ့် Life Style Modification နည်းနဲ့တော့ ရှောင်နိုင်ပါတယ်။ ဥပမာ အစားသောက်မှာဆိုရင် အသားငါးတွေထက်စာရင် အသီးအရွက်တွေကို ပိုစားပေးတာမျိုး၊ တိရစ္ဆာန်ကရတဲ့ အဆီထက် ဟင်းရွက်ဆီကို သုံးတာမျိုး၊ အဝလွန်သူ တွေမှာ ပိုဖြစ်တတ်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းဖို့ ကိုယ်လက်လှုပ်ရှား၊ အားကစားတစ်ခုခု ပုံမှန်လုပ် တာမျိုးပေါ့။ ဆေးလိပ်မသောက်တာ၊ အရက်လျော့သောက်တာတွေကလည်း အထောက်ကူဖြစ်စေပါတယ်။ ဒါ့အပြင် ငါးကြီးဆီကရတဲ့ Omega 3 Fatty acid ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်တာကြောင့် ငါးစားတာဖြစ်စေ၊ Omega 3 Fatty acid ပါတဲ့ ဖြည့်စွက်ဆေး သောက်တာဖြစ်စေ လုပ်သင့်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက ပုံမှန် ဆေးစစ်တာမျိုး (screening) လုပ်မယ်ဆိုရင် ကင်ဆာဖြစ်လာခဲ့တောင်မှာ စောစောစီးစီးသိပြီး လက်ဦးမှုရယူကာ ကုသလိုက်နိုင်တဲ့အတွက် ကင်ဆာအဆင့်ထိ ရောက်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့အတူ ကြိုတင် စစ်ဆေးကာကွယ်မှုတွေက ကင်ဆာရောဂါတွေနဲ့ ကင်းဝေးစေမှာ ဖြစ်တဲ့အကြောင်း ရေးသားဖော်ပြလိုက်ပါတော့တယ်။

For Your Health For Your Beauty
? By Dr.SEiNT ?

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *