ဆီးချိုသွေးချိုရောဂါဆိုတာ …ပါမောက္ခဒေါက်တာခင်စောသန်းနှင့် တွေ့ဆုံခြင်း (၁)

ဆီးချို၊ သွေးချိုလို့ ခွဲပြောကြတော့ ဆီးချိုနဲ့ သွေးချိုနဲ့ က တူပါသလား။

ဆီးချိုနဲ့သွေးချိုက အမှန်တော့ အတူတူ ပါပဲ။ သွေးမှာ အချိုဓာတ်တွေများနေလို့ ဆီးမှာပါလိုက်ချိုတယ်။ ရောဂါတစ်ခု တည်းပဲ။ Diabetes လို့ခေါ်တဲ့ ရောဂါပဲ။ ဆီးချိုသွေးချိုလို့တွဲခေါ်လိုက်ရင် ပိုမှန်တာပေါ့။ ဆီးချိုလို့ပဲပြောရင် တခါတလေကျရင် ကျောက်ကပ်ရဲ့ အချို စွန့်ထုတ်နိုင်စွမ်းအပေါ်မူတည်ပြီး ဆီးထဲမှာ အချိုဓာတ်တွေ့ပေမယ့် Diabetes ရောဂါရှိချင်မှ ရှိမယ်။

တကယ်လို့ ဆီးချိုသွေးချိုရောဂါရှိပေမယ့်လည်း ဆီးထဲမှာ စစ်လိုက်လို့ ပေါ်ချင်မှ ပေါ်မယ်။ ဒါကြောင့်မို့ အခုနောက်ပိုင်းမှာ ဆီးချို မခေါ်ဘဲ သွေးချိုပြောင်းခေါ်တော့ နည်းနည်းနားရှုပ်သလို ဖြစ်သွားတာ။ ဆီးချို၊ သွေးချိုဆိုတာ အတူတူပဲ။ သွေးထဲမှာ အချိုဓာတ်တွေများလို့ နောက်ဆက် တွဲရောဂါတွေဖြစ်စေတဲ့ ရောဂါတစ်ခုပါပဲ။

 

ဘာကြောင့် ဆီးချိုဖြစ်ရတာလဲဆိုတာ ရှင်းပြပေးပါဦး။

ဘာကြောင့်ဆီးချိုဖြစ်ရတာလဲပြောမယ်ဆိုရင် ဆီးချိုအမျိုးအစားလေးကို အရင်ပြော လိုက်တာကောင်းမယ် ထင်တယ်။ ဆရာမ တို့ အများစုတွေ့နေရတဲ့၊ ကမ္ဘာမှာလည်း အများဆုံးတွေ့နေရတာက အမျိုးအစား (၂) ဆီးချို။  အမျိုးအစား (၁) ဆီးချိုနဲ့ အမျိုးအစား (၂) ဆီးချို ဆိုပြီးတော့လည်း အဓိကရှိတယ်။

အမျိုးအစား (၁) က တော့ ကလေးတွေမှာ၊ ငယ်ရွယ်တဲ့သူတွေ မှာ ဖြစ်တာ။ အမျိုးအစား (၂) ကတော့ နည်းနည်းသက်လတ်ပိုင်း၊ သက်ကြီးပိုင်း မှာ ဖြစ်တာ။ သူတို့က ဘာကြောင့်ဖြစ်လဲ ဆိုတာ အမျိုးအစားအပေါ်လိုက်ပြီး မတူဘူး။ ခန္ဓာကိုယ်ထဲမှာ မုန့်ချိုအိတ်ထဲ ကနေ ဘီတာဆဲလ်ခေါ်တဲ့ဆဲလ်က ထုတ်တဲ့ အင်ဆူလင်ဟော်မုန်းရှိတယ်။ သူက အဓိကအရေးကြီးတယ်။

အမျိုး အစားနှစ်မှာကျတော့ ခန္ဓာကိုယ်ထဲကနေ အင်ဆူလင်သည် စားလိုက်တဲ့ ကစီဓာတ် တွေကို ခြေဖျတ်မယ်။ ခြေဖျတ်တဲ့နေရာ မှာ သူက အင်ဆူလင်ဓာတ်မတိုးတဲ့ သဘောပေါ့။ သူအလုပ်လုပ်လို့ မရဘူး။ မရတဲ့အတွက် မုန့်ချိုအိတ်ကနေ အင်ဆူလင်ကို ပိုပြီးထုတ်တယ်။ တချိန်မှာ တော့ သူဟာ Hyperinsulinaemia ခေါ်တဲ့ များနေတဲ့သဘောပေါ့။

အင်ဆူလင်ရဲ့ ကစီဓာတ်တွေခြေဖျတ်ပြီး ပို့ဆောင်ပေးတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နိုင်ပေ မယ့် တချိန်ကျတော့ ဘီတာဆဲလ်တွေက မလုပ်နိုင်တော့ဘူး။ တဖြည်းဖြည်းနဲ့ နည်းလာတယ်။ လိုအပ်ချက်အတိုင်း မထုတ်ပေးနိုင်တော့ဘူး။ မထုတ်ပေး နိုင်တော့တဲ့အခါမှာ သွေးချိုရောဂါအနေနဲ့ ဖြစ်ပေါ်လာတာပေါ့။

စတာသည် Insulin Resistant အင်ဆူလင်ဓာတ်မတိုးမှုကြောင့် ဖြစ်တယ်။ နောက်ပိုင်းမှာ အင်ဆူလင် မလုံလောက်တော့ Insulin Deficiency ဖြစ်လာတဲ့အခါမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်လာတယ်။  အမျိုးအစား (၁) မှာကျတော့ ငယ်စဉ်ဘဝ မှာပဲ  ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်မှာပဲ စံလွဲတဲ့ရောဂါထဲမှာ ပါတယ်။ ခန္ဓာကိုယ်ထဲ က ခုခံအားစနစ်ကပဲ Islets ဆဲလ်တွေ ထဲကနေ အင်ဆူလင်ထုတ်ပေးမယ့် ဘီတာဆဲလ်တွေကို ဖြတ်ဆီးတဲ့ ပဋိပစ္စည်း တွေထွက်လာတယ်။ အဲဒီပဋိပစ္စည်းတွေ ကနေ  Islets တွေကို ရောင်အောင်လုပ် တယ်။ ဒီဟာလေးတွေက ပျက်စီးသွားပြီး တော့ အင်ဆူလင်ဟာ ခန္ဓာကိုယ်ထဲမှာ မရှိသလောက်နည်းသွားတယ်။ သူ့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို လုပ်ဖို့ မလုပ်ပေး နိုင်တော့ဘူး။

တော်တော်ကိုနည်းသွားတဲ့ Absolute Insulin Deficiency ခေါ် မှာပေါ့။ အင်ဆူလင်ဓာတ်ချို့တဲ့သွားတာ ကြောင့် ဖြစ်လာတာ။ အမျိုးအစားလို့ ပြောတာကို ပြန်ကောက်လိုက်ရင် အမျိုး အစား (၁)၊ အမျိုးအစား(၂) က အဓိက။ အမျိုးအစား(၂)ကတော့ အများဆုံး တွေ့ရတယ်။ အဲလိုမျိုးပဲ ဒီမွေးရာပါ Genes တွေပေါ့။ ပဋိပစ္စည်းတွေ ချို့ယွင်း လို့ဖြစ်လာတဲ့ ဆီးချိုအမျိုးအစားတွေ လည်းရှိတယ်။ အဲဒါက နည်းနည်းပါးပါး လေးပဲပေါ့။

ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်လာတဲ့ ဆီးချိုရောဂါရှိတယ်။ နောက် တစ်ခါ တခြားဟော်မုန်းထုတ်တဲ့ အင်္ဂါတွေ ဖြစ်တဲ့ ဦးခေါင်းထဲမှာရှိတဲ့ Pituitary  ကထုတ်တဲ့ Growth Hormone များလို့ ဖြစ်တဲ့ Acromegaly ဆိုတဲ့ရောဂါ၊ နောက်ခါကျတော့ Cortisol ဆိုတဲ့ ဟော်မုန်းကို အလွန်အကျွံထုတ်တာ ကြောင့်ဖြစ်လာတဲ့ Cushion ဆိုတဲ့ရော ဂါတွေ၊ လည်ပင်းမှာရှိတဲ့ Thyroid ထုတ်တဲ့ Thyroid Hormone တွေများ ပြား တဲ့ရောဂါ။ အဲလိုရောဂါတွေမှာလည်း ဒီဟော်မုန်းတွေက ဂလူးဂိုစ့်ရဲ့ ဇီဝကမ္မဖြစ် ရပ်တွေမှာ သက်ရောက်မှုရှိတယ်။ အဲဒါတွေများရင်လည်း ဆီးချိုကိုဖြစ်စေ တယ်။

နောက်ထပ်တစ်ခါ မုန့်ချိုအိတ်က ကျောက်နဲ့ပိတ်လို့ပဲဖြစ်ဖြစ်၊ အရက် သောက်လို့ပဲဖြစ်ဖြစ် မုန့်ချို အိတ်က တချိန်မှာရောင်မယ်ဆိုရင် မုန့်ချိုအိတ်က ပျက်စီးသွားမယ်။ ကြာလာ လို့ရှိရင် သူ့မှာ ဘီတာဆဲလ်တွေက ပျက်စီးသွားမယ်။ အဲဒီမှာဆီးချိုဖြစ်လာမယ်။ အသည်း၊ ကျောက်ကပ်၊ အူသိမ်ပိုင်း၊ အဆီဓာတ် တွေ စတာတွေကလည်း ဂလူးဂိုစ့်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ ဝိုင်းပါဝင်နေတော့ ဒါတွေ ချို့ယွင်းရင်လည်း ဆီးချိုဖြစ်စေ တယ်။

ဥပမာပြောရရင် အသည်းဟာ ဂလူးဂိုစ့်ကိုထိန်းတဲ့နေရာမှာ အရမ်းအရေး ကြီးတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တယ်။  ဒါကြောင့်မို့လို့ အသည်းရောဂါဖြစ်တဲ့ သူတွေမှာလည်း တချို့တွေက ဆီးချို ရောဂါလက္ခဏာကို ပြတာတွေ့ရတယ်။

 

အပတ်စဉ်ဗုဒဟူးနေ့တိုင်းထွက်ရှိတဲ့ GoodHealth Journal မှာ အသေးစိတ်ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *