ဆီးချိုသွေးချိုရောဂါဆိုတာ…ပါမောက္ခဒေါက်တာခင်စောသန်းနဲ့တွေ့ဆုံခြင်း (၂)

လူကြီး၊ လူငယ်မရွေးဖြစ်တတ်တဲ့ ရောဂါလား။ ဘယ်အသက်အပိုင်းခြား တွေမှာ ပိုဖြစ်တတ်ပါသလဲ။

အဖြစ်အများဆုံးကတော့ ဆရာမခုနက ပြောသလိုပဲ အမျိုးအစား(၂) ကတွေ့ရ တာများတယ်ဆိုတော့ အသက် (၅၀) နဲ့ (၆၀) ကြားမှာ အဖြစ်အများဆုံးပဲ။ ပြီးရင် (၄၅) နောက်ပိုင်းမှာ အဖြစ်များတယ်လို့ ဆရာမတို့က ယူဆတာပေါ့နော်။ အဲဒါက အဖြစ်အများဆုံးပဲ။

အမျိုးအစား (၁) ဆိုတော့ ကလေးဘဝတည်းက Teen Age ကတည်းက ဖြစ်နိုင်တာပေါ့။ အမျိုးအစား (၂)က ၄၅ နောက်မှ ဖြစ်တယ်ဆိုပေမယ့် အခုနောက်ပိုင်းတော့ ကလေးအဝလွန်တဲ့သူတွေမှာ အမျိုးအစား (၂) ကိုတွေ့လာရတယ်။ ကမ္ဘာနဲ့ အဝှမ်းမှာ Life Style Changes  ပေါ့။ Sedentary Life Style လှုပ်ရှား သွားလာမှု သိပ်မရှိတော့ဘဲ ထိုင်ပြီး ဥာဏ ကိုပဲ အားပြုပြီးလုပ်တဲ့အလုပ်တွေပဲ လုပ်လာကြတော့ ကိုယ်လက်လှုပ်ရှားမှု တွေ သိပ်မရှိတော့ဘူး။ Ready Made Food တွေ စားတော့ အဝလွန်တာတွေ ဖြစ်လာတယ်။ ငယ်ငယ်ရွယ်ရွယ်လေး တွေနဲ့လည်း အမျိုးအစား(၂)ကို တွေ့ လာရတယ်။

မြန်မာနိုင်ငံမှာ ဆီးချိုရောဂါ ဖြစ်ပွားနှုန်း နည်းသလား၊များသလား။ ဘယ်လောက်လောက်ရှိပါသလဲ။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဆီးချိုရောဂါ အသင်းကြီးရဲ့  ဆီးချိုပရောဂျက်ရယ် ၊ နောက်ပြီးတော့ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဌာန၊ ဆေးသု တေသနဌာနတွေ ပူးပေါင်းပြီး တစ်နိုင်ငံ လုံးအနေနဲ့ staff Survey လုပ်ခဲ့တယ်။ ဆရာမတို့နိုင်ငံမှာ ဆီးချိုရောဂါ ဖြစ်ပွားနှုန်းက ၁၀.၅ ရာခိုင်နှုန်းရှိတယ်။ ယောကျာ်းတွေမှာ ၉.၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေမှာဆိုရင် ၁၁.၈ ရာခိုင်နှုန်းရှိတယ်။ ခြုံပြောရင် ၁၀.၅ ရာခိုင်နှုန်းပေါ့။

ကမ္ဘာမှာ ဆီးချိုဖြစ်နှုန်းကိုပြောမယ်ဆိုရင် ၈.၈ ရာခိုင်နှုန်း၊ တခြားအားရှနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း သီရိလင်္ကာမှာ ၈.၈ ရာခိုင်နှုန်း၊ ယိုးဒယားဆိုရင် ၆.၇ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်ဆိုရင် ၅.၅ ရာခိုင်နှုန်း။ ဒါတွေနဲ့ယှဉ်မယ်ဆိုရင် များတယ်လို့ပြောရမှာပေါ့။ တချို့ ဆရာမတို့ထက်များတဲ့ နိုင်ငံတွေလည်းရှိတယ်။ ဒါပေမယ့် ဆရာမတို့ကလည်း ဖြစ်ပွားနှုန်းများတဲ့ထဲ မှာလည်း ပါတယ်။ အထူးသဖြင့် မြို့ပြမြို့ကြီးတွေမှာ ဆိုရင် National Survey အရ ၁၄ ရာခိုင်နှုန်းအထိရှိတယ်။ ကျေးလက်ဒေသမှာတော့ ၉ ရာခိုင်နှုန်းရှိ တယ်။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဆိုရင်တော့ ၁၁.၅ ရာခိုင်နှုန်းရှိတယ်။ အဲလိုအပြင် အခုနောက်ပိုင်းမှာ ဆီးချို ရောဂါက တအားများများလာတယ်။

ကမ္ဘာနဲ့အဝှမ်းမှာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထက် အခုနောက်ပိုင်းမှာ ပိုများလာတော့ ဆီးချိုရောဂါကို ကာကွယ် ရေးအသွင်နဲ့စူးစမ်းလေ့လာကြတဲ့အခါမှာ ဆီးချိုမဖြစ်ခင်အဆင့် Pre-Diabetes ပေါ့။ မဖြစ်ခင် အလားလာရှိတဲ့လူတွေကို လေ့လာလိုက်တော့ မြန်မာနိုင်ငံမှာ ၁၉.၇ ရာခိုင်နှုန်းအထိ ရှိတာတွေ့ရတယ်။ အဲဒါကြောင့်မို့လို့များတယ်လို့ ပြောရမယ်။

 

ဆီးချိုရောဂါ အမျိုးအစားနှစ်ခုရှိတယ် လို့ ဆရာမပြောခဲ့တယ်ပေါ့နော်။ အဲဒီဆီးချိုရောဂါအမျိုးအစားနှစ်ခုက တစ်ခုနဲ့ တစ်ခု လက္ခဏာတွေက တူပါသလား။

ဇီဝကမ္မဖြစ်စဉ်တွေက အတူတူပဲ ချို့ယွင်းသွားကြတာဆိုတော့ လက္ခဏာတွေက တူပါတယ်။ ဒါပေမယ့် သူ့ရောဂါရဲ့ ပြင်းထန်တာကို လိုက်ပြီး တော့ ဒီဆရာဝန်ဆီလာပြတဲ့အခါမှာ အနေထားလေးတွေက ကွာတာပေါ့။ သေချာပေါက်ဆီးချိုရဲ့ လက္ခဏာတွေက တော့ သွေးထဲမှာ အချိုဓာတ်တွေများလာ တဲ့အတွက် ရေဆာတယ်. ဆီးခဏခဏ သွားမယ်၊ ဆီးအများကြီးသွားတယ်။၊ အာခြောက်တယ်၊ ရေငတ်တယ်၊ တဖြည်းဖြည်းနဲ့ ဘာမှန်းမသိဘဲ ပိန်လာ တယ်။ မောပန်းလွယ်တယ်၊ မလှုပ်ချင် မရှားချင်တော့ဘူး။ ကလေးဆိုလည်း သိပ်မကစားတော့ဘူး၊ ကလေးကလည်း ဘာမှန်းမသိဘဲ ပိန်လာတယ်။

ဒါတွေက Typical လက္ခဏာတွေပေါ့။ အမျိုးအစား(၂)ဆီးချိုရောဂါ လက္ခဏာ တွေက တဖြည်းဖြည်းချင်း ဘီတာဆဲလ် တွေ ပျက်စီးလာတယ်ဆိုတော့ ရောဂါ လက္ခဏာ ချက်ချင်းကြီးမပြဘဲနဲ့ နောက် ဆက်တွဲဆင့်ပွားရောဂါဖြစ်ပြီးမှ သိတယ်။ ဥပမာ- လေဖြတ်ပြီးမှ ဆေးရုံရောက်လာ တယ်။ စစ်လိုက်တော့မှ သူ့မှာ သွေးချို ဆီးချိုရှိနေတယ်ဆိုတာကို သိတယ်။ နှလုံးရောဂါနဲ့ရောက်လာတယ်။ ဆေးရုံ ရောက်မှ သိတယ်။ တခြားသွေးဆိပ် တက်လို့ ရောက်လာတယ်။ စစ်ကြည့် တော့မှ သူ့မှာ ဆီးချိုရှိနေပါလားဆိုပြီး တခြားရောဂါကို စစ်ကြည့်တော့မှ တွေ့ လာရတာတွေ ရှိတယ်။
အမျိုးအစား (၁) ကကျတော့ Absolute Insulin Deficiency သူ့မှာ အင်ဆူလင် အရမ်းကိုနည်းသွားတဲ့အတွက် သူ့ကို အင်ဆူလင်ထိုးပေးပြီး ကုရမှာ။ အဲလိုမကုမိဘဲ နောက်ကျမှ သိလာရင် အင်ဆူလင်မရှိတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ဆိပ်တက်ပြီး Diabetic Ketoacidosis လို့ခေါ်တဲ့ ဆီးချိုဆိပ်တက်ပြီး သတိလစ်သွားတာ မျိုးတွေ၊ Pressure တွေ ကျသွားတာမျိုး တွေ နဲ့လည်း ဆေးရုံကိုရောက်လာနိုင်ပါ တယ်။

 

ဆက်လက်ဖော်ပြပါမည်။

ဗုဒဟူးနေ့ထုတ် Good Health Journal မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *