ဆီးချိုအမျိုးအစားသစ်တစ်မျိုး ထပ်မံဖော်ထုတ်

ဆီးချိုအမျိုးအစား (၁) နဲ့ (၂) ဆိုပြီး နှစ်မျိုးကြောင်း လူအများစုက သိရှိ ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ မကြာခင်ကာလအတွင်းက ဆီးချိုအမျိုးအစားသစ်တစ်မျိုးဖြစ်တဲ့ Type 3C အမျိုးအစားတစ်မျိုးကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမျိုးအစား 3C ဟာ ကင်ဆာရောဂါ ရောင်ရမ်းတာ ဒါမှမဟုတ် ခွဲစိတ်ခံရတဲ့အတွက် မုန့်ချိုအိတ် ပျက်စီးတာ ကြောင့် ဖြစ်တာပါ။ လေ့လာမှုအများအပြားအရ ဆရာဝန်အများစုက အမျိုးအစား 3C ရောဂါကို အမျိုးအစား(၂)နဲ့ မှားယွင်းကာ ကုသမှုပေးနေကြပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ်လုပ်တဲ့ဆဲလ်တွေကို ဖျက်ဆီးပစ်လိုက်တာကြောင့် ဖြစ်ပြီး များသောအားဖြင့် ကလေးဘ၀ ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ်ကနေ စတင်ဖြစ်ပေါ်လာတတ်ပါတယ်။ အင်ဆူလင်နဲ့ ကုသဖို့ လိုအပ်ပါတယ်။ အမျိုးအစား(၂) ဆီးချိုကတော့ မုန့်ချိုအိတ်က ခန္ဓာကိုယ်က လိုအပ်သလောက် အင်ဆူလင်ကို ထုတ်လုပ်မပေးနိုင်တာကြောင့် ဖြစ်ပြီး များသောအားဖြင့် အ၀လွန်တာနဲ့ ဆက်စပ်နေကာ လူလတ်ပိုင်းအရွယ်နဲ့ သက် ကြီးပိုင်းအရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ အမျိုးအစား 3C ဆီးချိုရောဂါကတော့ မုန့်ချိုအိတ်ကင်ဆာဖြစ်တာ ဒါမှမဟုတ် မုန့်ချိုအိတ်ခွဲစိတ်ကုသမှုခံယူထားတာကြောင့် မုန့်ချိုအိတ်ပျက်စီးသွားတဲ့အတွက် ဖြစ်လာတာပါ။

လေ့လာမှုအများအပြားအရ အမျိုးအစား 3C ဆီးချိုရောဂါက အင်ဆူလင်နဲ့ ကုသဖို့ လိုအပ်တဲ့အပြင် အစာခြေအင်ဇိုင်းတွေကိုပါ မှီဝဲဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ပိုပြီးအံ့သြဖို့ ကောင်းတာက အမျိုးအစား(၁) ဆီးချိုရောဂါရှင်အသစ် တစ်ရာခိုင်နှုန်း တွေ့တိုင်း 3C အမျိုး အစား ရောဂါရှင်အသစ်က ၁.၆ ရာခိုင်နှုန်း တွေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 3C ဆီးချိုအမျိုးအစားရောဂါရှိသူတွေက အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေထက် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာက နှစ်ဆပိုများတဲ့အပြင် အင်ဆူလင် လိုအပ်ချက်က ငါးဆမှ ဆယ်ဆအထိ ပိုရှိပါတယ်။

ဒါကြောင့် ရောဂါအမျိုးအစား မှားယွင်းပြီး သတ်မှတ်မိတာက ရောဂါကုသရာမှာ ထိရောက်မှုနည်းတဲ့အပြင် အချိန်ကုန် လူပန်းပြီး ငွေကုန်ကြေးကျများနိုင်ပါတယ်။

♥   ရွှေမိုး  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *