ဇက်ကြောတက်တတ်သူများအတွက် သက်သာနိုင်မည့် နည်းလမ်းများ

♥ တင်းနစ်ဘောလုံးဖြင့် နှိပ်နည်း


♦ ပြုလုပ်နည်း
☺ လက်တစ်ဖက်နဲ့ တင်းနစ်ဘောလုံးကို ဆုပ်ကိုင်ပြီး အောက်ခြေဇက်ကြောနေရာမှ စတင်ကာ အပေါ်အောက်၊ ဘေးတစ်ဖက်တစ်ချက် သို့ ပုံမှာပြထားတဲ့အတိုင်း နှိပ်ပေးပါ။
☺ တင်းနေတဲ့နေရာတွေမှာ စက္ကန့် ၂၀-၃၀ ခန့် ဖိအား ပိုပေးထားပါ။ ပြီးမှ ဖိအားပြန်လျှော့ပြီး ဘောလုံးကို ဆက်လှိမ့်ပေးပါ။

♦ အကျိုးကျေးဇူး
တင်းနစ်ဘောလုံးဟာ ဇက်ကကြွက်သားကို ဖိအားပေးနိုင်တာကြောင့် သင့်ဇက်တင်းမာပြီး တောင့်တင်းနေတာတွေ သက်သာသွားကာ အရင်လိုမျိုး ဇက်လှုပ်ရှားမှု ပြန်လည်ရရှိနိုင်ပါတယ်။

♥ ခန္ဓာကိုယ်ကို လေးပုံစံကွေးခြင်း

♦ ပြုလုပ်နည်း
☺ မှောက်လျက်အိပ်ပြီး လက်နှစ်ဖက်ကို ဘေး မှာကပ်ထားပါ။
☺ သင့်ခြေဖနောင့်က တင်ပါးနားရောက်အောင် ဒူးခေါင်းကိုကွေးပါ။
☺ သင့်လက်နှစ်ဖက်နဲ့ ခြေချင်းဝတ်တွေကို ဆုပ် ကိုင်ထားပါ။
☺ အသက်ရှူသွင်းပြီး သင့်ခြေဖနောင့်ကို မိုးပေါ် ရောက်အောင် မြှောက်လိုက်စဉ်မှာ ခန္ဓာကိုယ် အပေါ်ပိုင်းက မြေကြီးပေါ်က ကြွတက်လာရပါ မယ်။
☺ ဒီအနေအထားအတိုင်း ၁၀ စက္ကန့်နေပါ။
☺ အသက်ရှူထုတ်ပြီး မှောက်လျက်ပြန်အိပ်ပါ။

♦ အကျိုးကျေးဇူး
လက်ပြင်ကုန်းနေသူတွေပြုလုပ်ဖို့ အထူး သင့်တော်ပါတယ်။ ရင်ဘတ်အရှေ့ကြွက်သားနဲ့ ပခုံး ကြွက်သားတွေ သန်မာတောင့်တင်းစေနိုင်တာမို့ ပခုံးမတ်သွားနိုင်ပါတယ်။

♥ ကုလားအုတ် ပုံစံအနေအထား

♦ ပြုလုပ်နည်း
☺ ဒူးအနည်းငယ်ကားပြီး ဒူးထောက်ကာ ထိုင်ပါ။
☺ သင့်လက်နှစ်ဖက်ကိုနောက်ပစ်ပြီး လက်ဖဝါး နှစ်ဖက်ကို တင်ပါးပေါ်မှာ တင်ထားပါ။

☺ ခန္ဓာကိုယ်အပေါ်ပိုင်းကို နောက်ဘက်သို့ ကော့ချလိုက်ပြီး သင့်လက်နှစ်ဖက်နဲ့ ခြေဖဝါး ကို ပုံမှာပြထားတဲ့အတိုင်း ထိထားလိုက်ပါ။
☺ ဒီအနေအထားအတိုင်း ၃၀-၆၀ စက္ကန့်နေပါ။
☺ မူလအနေအထားကိုပြန်နေပါ။

♦ အကျိုးကျေးဇူး
ဇက်ကြောတောင့်တင်းတာ သက်သာပြီး လှုပ် ရှားမှု ပြန်လည်ကောင်းမွန်နိုင်ပါတယ်။

♥ မြွေဟောက်ပုံစံ အနေအထား

♦ ပြုလုပ်နည်း
☺ ခြေထောက်ကိုဆန့်တန်းပြီး မှောက်လျက် အိပ်ပါ။
☺ သင့်လက်နှစ်ဖက်ကို ကြမ်းပြင်မှာထောက် ထားပါ။
☺ အသက်ရှူသွင်းပြီး လက်နှစ်ဖက်ကို ဆန့်တန်း ကာ ရင်ကော့ပြီး ခေါင်းမော့လိုက်ပါ။
☺ ဒီအနေအထားအတိုင်း ၁၅-၃၀ စက္ကန့်နေပြီး အသက်ရှူထုတ်ကာ မူလအတိုင်းပြန်နေပါ။

♦ အကျိုးကျေးဇူး
လည်ပင်းအရှေ့ကြွက်သားတွေကိုဆွဲဆန့် ပေးပြီး ပခုံးကြွက်သားတွေနဲ့ တည့်မတ်စေနိုင်တဲ့အတွက် ခါးကျောရိုးအကွေးအဆန့်ကို သဘာဝအတိုင်း ပြန်လည်ရရှိနိုင်ပါတယ်။

♥ မေးစေ့လေ့ကျင့်ခန်း

♦ ပြုလုပ်နည်း
☺ မတ်မတ်ထိုင်ပြီး သင့်လက်ချောင်းတွေကို မေးစေ့မှာ ပုံပါအတိုင်းတင်ထားပါ။
☺ မျက်စိကရှေ့တည့်တည့်ကို ကြည့်နေပြီး သင့် လက်ချောင်းနဲ့ မေးစေ့ကို လည်ပင်းဘက်သို့ ဖိချပါ။ ဦးခေါင်းနောက်ပိုင်းက ကြွက်သား တွေ ဆွဲဆန့်သလိုဖြစ်တဲ့အထိ ဖိချရပါမယ်။
☺ ၅ စက္ကန့်ထားပြီး မူလနေရာပြန်ထားပါ။
☺ ၁၀ ကြိမ် ထပ်မံ ပြုလုပ်ပါ။

♦ အကျိုးကျေးဇူး
ဦးခေါင်းနဲ့ ကျောရိုးတည့်မတ်စေတာမို့ နောက်ကျောရိုးပေါ်မှာ ဖိအားသက်ရောက်မှု လျော့ နည်းစေတဲ့အပြင် ဇက်ကြောတက်တာလည်း သက် သာနိုင်ပါတယ်။

♥ အခန်းထောင့်ဆွဲဆန့်လေ့ကျင့်ခန်း

♦ ပြုလုပ်နည်း
☺ အခန်းထောင့်တစ်နေရာကို မျက်နှာမူပြီး သင့် ခြေထောက်က နံရံနဲ့ နှစ်ပေခွာပြီး မတ်တတ် ရပ်ပါ။
☺ သင့်လက်မောင်းနှစ်ဖက်ကို ပုံပါအတိုင်း နံရံနဲ့ ကပ်ထားပါ။ တံတောင်ဆစ်က ပခုံးထက် အ နည်းငယ် နှိမ့်ထားရပါမယ်။
☺ ရင်ဘတ်နဲ့ ပခုံးနေရာ ဆွဲဆန့်တဲ့အနေအထား ရောက်တဲ့အထိ ကိုယ်ကို နံရံထောင့်ဘက်ကပ် လာပါ။
☺ ဒီအတိုင်း ၃၀- ၆၀ စက္ကန့်ထားပြီး မူလနေရာ ပြန်နေပါ။

♦ အကျိုးကျေးဇူး
လည်ပင်းကြွက်သားတွေ သန်မာပြီး ဇက် ကြောတက်တာနဲ့ ပခုံးတောင့်တာ သက်သာနိုင်ပါတယ်။

♥ လည်ပင်းဆွဲဆန့် လေ့ကျင့်ခန်းများ


♦ ပြုလုပ်နည်း
☺ မေးစေ့ကို ရင်ဘတ်ဆီသို့ရောက်လာအောင် ဖြည်းဖြည်းချင်း နှိမ့်ချပါ။
☺ ဒီအနေအထားအတိုင်း ၁၅ စက္ကန့်ထားပြီး ဦးခေါင်း ပြန်မော့ပါ။
☺ ပြီးရင် ဦးခေါင်းကို နောက်ဘက်သို့ လှန်ပြီး ၁၅ စက္ကန့်ထားပါ။
☺ အရှေ့ကွေး ၁၀ ကြိမ်နဲ့ အနောက်လှန် ၁၀ ကြိမ်စီ ပြုလုပ်သွားပါ။
☺ ဘယ်ဘက်နားရွက်က ဘယ်ဘက်ပခုံးဘက်သို့ ဦးတည်ပြီး ဦးခေါင်းကို ဘယ်ဘက်သို့ စောင်း ချပါ။
☺ ဒီအတိုင်း ၃၀ စက္ကန့်ထားပြီး မူလနေရာ ပြန် ထားပါ။
☺ နောက်တစ်ဖက်ကိုပြောင်းလုပ်ပါ။
☺ တစ်ဖက်စီအတွက် ၁၀ ကြိမ်စီပြုလုပ်ပါ။

♦ အကျိုးကျေးဇူး
ကြွက်သားတင်းမာတာနဲ့ လည်ပင်းနေရာမှာ နာကျင်ကိုက်ခဲတာတွေ သက်သာပြီး Alignment မှန်စေပါတယ်။

♥ ဖုန်းအကြည့်များတာကြောင့် ဇက်ကြောမတက်အောင်

♦ ဖုန်းကို မျက်စိနဲ့ တစ်တန်းတည်းထားပြီးကြည့်ပါ
ခေါင်းငုံ့ပြီး ဖုန်းကြည့်မယ့်အစား ဖုန်းနဲ့ မျက် လုံး တစ်တန်းတည်းရှိနေပါမှ နားရွက်နဲ့ ပခုံး တ ဖြောင့်တည်းရှိနိုင်ပြီး ဇက်ကျောရိုးအနေအထား ပုံ မှန်ရနိုင်မှာပါ။

♦ မိနစ် ၂၀-၃၀ ကြာတိုင်း ခဏနားပါ
ဖုန်းကြည့်ချိန် မိနစ် ၂၀- ၃၀ ကြာတိုင်း ဖုန်း ကြည့်တာ ခဏရပ်ထားပြီး လမ်းထလျှောက်တာ၊ လည်ပင်းဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာမျိုးပြုလုပ် ပါ။

♦ သင်ရဲ့ ကိုယ်ဟန်အနေအထားကို အမြဲတမ်းအာရုံ စိုက်ပါ
ဖုန်းအသုံးပြုနေစဉ်အတွင်း သင်ရဲ့ကိုယ်ဟန် အနေအထားမှန်ကန်ရဲ့လားဆိုတာကို မကြာခဏ ဆန်းစစ်ကြည့်ပါ။

♦ တတ်နိုင်သလောက် လက်နဲ့မကိုင်ထားပါနဲ့
ဖုန်းကို အောက်ငိုက်စိုက်ပြီး ကြည့်တာကို ရှောင်ရှားရမယ့်အပြင် လက်နဲ့မကူဘဲ အသုံးပြုနိုင် အောင် တတ်နိုင်သမျှ ပြုလုပ်ရပါမယ်။ စာရိုက်မယ့် အစား အသံ Message ပေးထားတာ၊ Blue tooth အသုံးပြုပြီး ဖုန်းပြောတာမျိုးတွေကို ပြုလုပ်ပါ။

♥ ဒေါက်တာခင်မိုးမိုး

#Photo by https://brightside.me/

Post Author: Good Health Journal