တန်ဖိုးထားမှုချင်း တူဖို့ လိုတယ်

ခုဆိုရင် ချစ်သူများနေ့က နီးလာပါပြီ။ ဒီလိုနေ့မျိုးက တကယ်တော့ ချစ်သူများနေ့ဆိုတဲ့အတိုင်း ချစ်ကြခင်ကြသူများရဲ့နေ့ပါ။ သမီးရည်းစားတွေ ကတော့ ချောကလက်ပေးကြ၊ ပန်းစည်း ပေးကြနဲ့ ရိုမန်တစ်ဆန်ကြတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့ဆီက လူငယ် တွေကြားမှာတော့ ပြဿနာလေးတွေ ရှိတတ်တယ်။ ဒီနေ့မှာ အချစ်သင်္ကေတ အဖြစ် အတူနေကြတာမျိုးရှိတယ်။ ဒီအထိက ထားလိုက်ပါဦး၊ နှစ်ဦးသဘော တူတယ်၊ နောက်ဆက်တွဲ ပြဿနာဖြစ် မလာအောင်၊ ကိုယ်ဝန်မရ၊ ရောဂါမကူးအောင် ကာကွယ်နိုင်တယ်ဆို အထွေ အထူး ငြင်းခုန်မပြောလိုပါဘူး။ ပြောလို တာက အလိုမတူတဲ့အခါတွေမှာ ဘယ် လိုလုပ်မလဲဆိုတာပါပဲ။ ကောင်လေးက အတူနေချင်တယ်၊ ကောင်မလေးက လက်မခံဘူး၊ အဲဒီမှာ ကောင်လေးက အတင်းတောင်းဆိုတယ်၊ သူ့ကိုတကယ် ချစ်ကြောင်းကို သူ့ဆန္ဒလိုက်လျောပြီး သက်သေပြပါပေါ့၊ ကောင်မလေးက ဘေးကျပ်နံကျပ် ဖြစ်လာတယ်။ ဒီလို အခြေအနေမျိုးမှာ ရှိနေတဲ့ စုံတွဲတွေအတွက် ဒီဆောင်းပါးလေး ရေးလိုက်ရပါတယ်။

ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြ မယ်။ ကောင်လေးတစ်ယောက်မှာ သူ့ချစ်သူကောင်မလေးရှိတယ်၊ ခေတ်လူငယ်တွေပီပီ မကြာမကြာလည်း အတူနေဖြစ်ကြတယ်ပေါ့။ ပြဿနာက ဘာလဲ ဆိုတော့ တန်ဖိုးထားမှုချင်း မတူကြတာပဲ။ ဒီလိုအတူနေတာက ကောင်လေးအတွက်တော့ သာမန်ပဲ၊ ထားသမျှရည်းစားတိုင်းနဲ့ သူဒီလိုပဲနေတယ်။ ဘာဘာညာညာ ဖြစ်မလာအောင်တော့ ကာကွယ်တယ်ပေါ့။ ဒါပေမဲ့ ကောင်မလေးအတွက်ကျ အဲဒီလိုမဟုတ်ဘူး၊ ဒီကောင်လေးက ရည်းစားဦး။ တကယ်လည်း သူ့ကိုချစ် တယ်။ ဘ၀တစ်သက်စာ လက်တွဲဖို့ ဆုံး ဖြတ်ထားတယ်။ ဒီတော့ သူက အတူ နေဖို့ တောင်းဆိုလာတဲ့အခါမှာလည်း သူ့စိတ်ကမပါပေမယ့် ခွင့်ပြုလိုက်တာ ပေါ့။ တစ်ဘ၀စာ ရည်ရွယ်ထားတာကိုး။ ကောင်လေးကလည်း အစပိုင်းတော့ ဂုဏ်တွေယူနေတာပေါ့လေ၊ ကောင် မလေးရဲ့ ပထမဆုံးလူက သူဖြစ်နေတယ် ဆိုပြီး။

နောက်ကျတော့ ပြဿနာတက်လာ ရော။ ဘာလဲဆိုတော့ ကောင်မလေးက လက်ထပ်ဖို့ ပြောလာတာ။ သူကလည်း အပျော်တွဲနေတာတော့ မဟုတ်ပေမယ့် လက်ထပ်ဖို့တော့ မစဉ်းစားထားရသေး ဘူး။ ဒီခေတ်ကြီးမှာ လက်ထပ်တယ်ဆို တာက ထင်သလောက် မလွယ်ဘူးလေ။ အဲဒါနဲ့ သူလည်း အင်တင်တင် ဖြစ်သွား တယ်။ အဲဒီမှာတင် ကောင်မလေးက ဒီကောင်လေးကို တာဝန်မယူတတ်တဲ့လူ ဆိုပြီး စွပ်စွဲပါလေရော။ ဟုတ်တယ်လေ၊ သူ့မှာတော့ တစ်ဘ၀စာ ရည်ရွယ်ပြီး ခွင့်မပြုသင့်တာတွေ ခွင့်ပြုထားတာကိုး။ ကောင်လေးဘက်က ကြည့်တော့လည်း အဲ့လိုတွေ အိမ်ထောင်ပြုဖို့အထိ ရည် ရွယ်ပြီး အတူနေတာ မဟုတ်ဘူး၊ သူ့ အတွက်က သာမန်လို့ပဲ သဘောထား တာကိုး။ အရင်တွဲခဲ့တဲ့ ကောင်မလေးတွေ နဲ့ကလည်း ဒီလိုပဲ။ သဘောထားမတိုက် ဆိုင်လို့ ပြတ်မယ်ဆိုတော့လည်း နှစ်ဦး သဘောတူ ပြတ်လိုက်ကြတာပဲ။ ဒီလို တာဝန်ယူတာတွေ ဘာတွေ မပါလာဘူး။ ဒီကောင်မလေးနဲ့ကျမှ ဖြစ်လာတာ။ အဲဒါ နဲ့ နောက်ဆုံးတော့လည်း လက်ထပ်ဖြစ် သွားကြတယ်ပေါ့လေ။ မဖြစ်လို့သာ လက်ထပ်လိုက်ရပေမယ့် အဆင်သင့် လည်း မဖြစ်သေးတဲ့အပြင် နှစ်ဦးသား အချစ်ရေးမှာလည်း အနည်းအပါး အဆင်မပြေ ဖြစ်သွားတယ်။ ယုံကြည်မှု ပျက်စီးသွားတယ်ပေါ့။

ဆိုတော့ ဒီအဖြစ်အပျက်လေးကို ကြည့်လိုက်ရင် ဘယ်သူမှားလဲ စဉ်းစား ကြည့်ပါ။ ကောင်မလေး မှားတာလား ဆိုတော့လည်း မမှားဘူး။ ကောင်လေး ကကော သူစွပ်စွဲသလို ကာမလိမ်လည်ရ ယူမှု မြောက်တာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ တကယ်တမ်း ပြဿနာက ဘယ်မှာရှိနေတာလဲဆိုတော့ အပျို စင်ဘ၀တို့၊ လိင်ဆက်ဆံမှုတို့နဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားမှုချင်း မတူလို့ ဖြစ်ရတာပဲ။

အပျိုစင်ဘ၀နဲ့ ပတ်သက်လို့ ဆွေးနွေးမယ်ဆို အများကြီးဆွေးနွေးစရာ ရှိတယ်။ အမြင်အမျိုးမျိုး ကွဲပြားတယ်။ တချို့က မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အပျိုစစ် မစစ်နဲ့ တိုင်းတာတယ်။ ဒီလိုမျိုး ခံယူထားတဲ့ မိန်းကလေးနဲ့၊ သာမန်လိုပဲ သဘောထားထားတဲ့ ယောကျာ်းလေးတို့ ကြိုက်မိတယ်၊ အတူနေလိုက်တယ်ဆိုရင် ယောကျာ်းလေးအတွက်က ဘာမှမဖြစ်ဘူး ဆိုပေမယ့် မိန်းကလေးအတွက်ကျ တန်ဖိုးမဲ့သွားသလို ခံစားရတော့မှာ။ ငါ ဒီကောင်လေးနဲ့ လက်ထပ်မှ ငါ့အရှက် ငါ့ဂုဏ်သိက္ခာ ရှိတော့မယ်လို့ တွေးနေတော့မှာ။ အဲဒီမှာများ သဘောထားချင်း မတိုက်ဆိုင်လို့ ပြတ်မယ်ပြောကြည့်၊ ဘယ်လိုမှ ရတော့ မယ်မဟုတ်ဘူး။ ကာမလိမ်လည်ရယူမှု ဆိုပြီး အတိုင်မခံရရင်တောင် ဒီမိန်းကလေးဟာ ကိုယ့်အတွက်နဲ့ တစ်သက်လုံး စိတ်ဒဏ်ရာရတော့မှာ။ စဉ်းစား ကြည့်၊ အဲဒါက ကိုယ့်နှမသာဆို လက်ခံနိုင်ပါ့မလား။

တချို့မိန်းကလေးကျ ဒီလို လိင်ဆက်ဆံတာဟာ လက်ထပ်တာနဲ့ ဘာမှ မဆက်စပ်ဘူး။ ဒီလိုအတူနေလိုက်တာ လက်ထပ်ဖို့ ရည်ရွယ်ထားလို့လည်း မဟုတ်သလို၊ တန်ဖိုးမဲ့သွားပြီတွေ ဘာတွေလည်း ထူးပြီးခံစားမနေဘူး။ ကောင်လေးကို သူ့လက်မထပ်မှာစိုးလို့ အရိပ် တကြည့်ကြည့်နေနေဖို့ဝေးလို့၊ သူက တောင် စဖြတ်ချင်ဖြတ်သွားဦးမှာ။

နောက်တစ်ခု ယောက်ျားလေးတွေ ကြားထဲမှာလည်း ဒီအပျိုစင်ဘ၀နဲ့ ပတ်သက်လို့ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြဘူး။ တချို့က ကိုယ်လည်း လူပျိုစစ်တယ်၊ မရှုပ်မပွေဘူး။ မိန်း ကလေးကိုလည်း အပျိုစစ်စစ်ပဲ သူ လက်ထပ်ချင်တယ်။ ဒါမျိုး ကိုယ်ကျင့် သိက္ခာ စောင့်ထိန်းသူတွေလည်းရှိတယ်။

သဘောထားသေးသိမ်တဲ့ ယောက်ျားလေးတွေကတော့ ကိုယ်သာ နေချင်သလိုနေမယ်၊ ရတဲ့ မိန်းကလေးကျ အပျိုစစ်မှကြိုက်တယ်။ ကိုယ်သာ ရှေ့မှာ ရှိချင်ရှိခဲ့မယ်၊ မိန်းကလေးအတွက်ကျ ကိုယ်က ပထမဆုံးဖြစ်ချင်တယ်။

အောက်တန်းကျတဲ့ ယောက်ျား တွေဆိုရင်တော့ အပျိုစင်ဘ၀ကို ရလိုက်ပြီဆိုတာနဲ့ အရပ်တကာလည် ကြွားပြီး လျှောက်ပြောတော့တာ။ အဲ့လိုရယူပြီးတာနဲ့ တန်ဖိုးမထားတော့ဘဲ နောက်တစ်ယောက်ကို ပြောင်းရော။ အဲဒီကောင်မလေးမှာ ရှိလာမယ့် နောက်ချစ်သူကို လည်း ခပ်ရိုင်းရိုင်းတွေသုံးနှုန်းပြီး စော်ကားတတ်သေးတယ်။ ဒီလိုလူတွေလည်း ရှိတယ်။ အောက်တန်းအကျဆုံးကတော့ ဒါကို ဓာတ်ပုံတို့၊ ဗီဒီယိုတို့မှတ်တမ်းတင် ထားပြီး အရှက်ခွဲမယ်ဆိုပြီး အကျပ်ကိုင် ခြိမ်းခြောက်တဲ့သူတွေပါပဲ။

အဲ၊ ဒီလိုအပျိုစစ်မစစ်ထက် ကိုယ်နဲ့ အဆင်ပြေပြေ လက်တွဲနိုင်ဖို့ကိုပဲ ဦးစားပေးစဉ်းစားတဲ့ ခေတ်ဆန်ဆန်လူပျို တွေလည်း ရှိပြန်သေးတယ်။

ဒါကြောင့် ဒီလိုအတူနေတဲ့ကိစ္စအပေါ် ဘယ်လိုခံယူထားသလဲ ဆိုတာကို တစ်ယောက်နဲ့တစ်ယောက် သိထားဖို့ လိုတယ်။ ကောင်လေးရော ကောင်မလေးရောက ဒါကို သမီးရည်းစားဘ၀ရဲ့ သာမန်အစိတ်အပိုင်းတစ်ခုလိုပဲ သဘောထားတယ်ဆိုရင်တော့ ပြီးရောပေါ့။ နောက်ဆက်တွဲပြဿနာတွေ ပါမလာ အောင်သာ ကာကွယ်ကြ။

အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ယောက်ျားလေးတွေအနေနဲ့ စောင့်ထိန်းရပါလိမ့်မယ်။ မဟုတ်ရင် ကိုယ့်အတွက်လည်း လူမှုရေးပြဿနာတွေ ရှိလာနိုင်သလို၊ ကောင်မလေးအတွက်လည်း မကောင်းဘူး။ ကိုယ့်နှမသာဆိုရင်လို့တွေး ပြီး အတင်းအကျပ်တောင်းဆိုတာမျိုးတွေ ရှောင်ကြဉ်သင့်တယ်။

စိတ်တွေတအားပြင်းလာရင် တစ်နေရာရာမှာ ထွက်ပေါက်ပေးသင့်တယ်။ ကိုယ့်ကို မလိုက်လျောလို့ဆိုပြီး ပြဿနာတွေရှာတာ၊ စိတ်ဒုက္ခပေးတာတွေ မလုပ်သင့်ဘူး။

နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာကိုလည်း သိထားဖို့ လိုသေးတေယ်။ အပျိုစစ်တာ မစစ်တာ လုံးဝကို ဂရုမစိုက်ဘူး၊ စစ်လည်း ဂုဏ်မယူဘူး၊ မစစ်လည်း ဘာမှမဖြစ်ဘူးဆိုလည်းရှင်းတယ်။ ဒါပေမဲ့ အပျိုစစ်စစ်မှ တန်ဖိုးထားတယ်၊ ဒါမှမဟုတ်လည်း ကိုယ့်ရှေ့မှာ ရှိနှင့်ခဲ့သမျှကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတာမျိုး ကြိုက်တယ်ဆိုရင်တော့ ကိုယ့်ကောင်မလေးနဲ့ သေချာ ဆွေးနွေး။ မဟုတ်လို့ နောက်မှပြန်သိရတယ်ဆိုရင် ယောက်ျားတစ်ယောက်အနေနဲ့ တနုံ့နုံ့နဲ့ ခံစားနေရလိမ့်မယ်။

တကယ်တော့ ဒီလိုအပျိုလူပျိုဘ၀တို့၊ လိင်ဆက်ဆံတဲ့ကိစ္စတို့နဲ့ ပတ်သက်ရင် ဘယ်သူမှန်တယ် မှားတယ် ပြောမရ ပါဘူး။ ကိုယ့်တန်ဖိုးထားမှုနဲ့ကိုယ်ပဲ။ ဒါပေမဲ့ ယောက်ျားလေး မိန်းကလေး ချစ်သူနှစ်ဦးကြားမှာတော့ တန်ဖိုးထားမှုချင်း တူဖို့လိုတယ် ဆိုတာလေး သိထား ရမယ်။ မဟုတ်ရင် နှစ်ဦးသားဆက်ဆံရေးမှာ ကိုယ်တိုင်ရော၊ မိန်းကလေးအတွက်ပါ စိတ်ထိခိုက်စရာတွေ၊ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်တန်ဖိုးထားမှုကို တစ်ယောက်သိအောင်လုပ်ပါ၊ ပြီးရင် ညှိနှိုင်းပါ၊ အတင်းအကျပ် ဘာကိုမှမပြုမူဘဲ တစ်ယောက်ကိုတစ်ယောက် လေးစားပေးပါလို့ ဒီဆောင်းပါးလေးကတစ်ဆင့် ပြောလိုပါတယ်။

♦ ဒေါက်တာဖြိုးသီဟ
Good Health Journal 680

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *