ဒီရောဂါတွေရှိနေရင်ဖိနပ်ဘယ်လိုရွေးချယ်မလဲ…

တချို့ရောဂါအခြေအနေတွေက ဖိနပ်သေချာ ရွေးချယ်ဖို့ လိုပါတယ်။ ဖိနပ်က ခြေထောက်ကျန်းမာရေးအပေါ်များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် လှတာထက် သက် သောင့်သက်သာ ဖြစ်ဖို့ကို အဓိက ရွေးချယ်ရပါတယ်။

(၁) ဆီးချိုရောဂါရှိရင်
သင်ဟာ ဆီးချိုရောဂါရှိသူဆိုရင် ခြေထောက်ကို အထူး သတိထားဖို့လိုပါတယ်။ ခြေထောက်ကို သေချာသန့်ရှင်း ခြောက်သွေ့အောင်ထားပါ။ ဒေါက်မြင့်ဖိနပ်တွေကို ရှောင်တာ အကောင်းဆုံးဖြစ်ပါတယ်။ အရမ်းကျပ်တဲ့ ဖိနပ်တွေ မစီးပါနဲ့။ သင်စီးတဲ့ဖိနပ်က လမ်းလျှောက်တိုင်းမှာ သင့်ခြေထောက်ကို သက်သောင့်သက်သာဖြစ်စေဖို့ Sole ပါတဲ့ ရှူးဖိနပ်မျိုးရွေး ချယ်ပါ။

(၂) အဆစ်အမျက်ရောင်ရောဂါရှိရင်
သင်ဟာ အဆစ်အမျက်ရောင်ရောဂါရှိသူဆိုရင် သင့် အတွက် သက်သောင့်သက်သာဖြစ်တဲ့ ဖိနပ်တစ်စုံကို အတော် ရှာရခက်နိုင်ပါတယ်။ ခြေနင်းပြားပျော့ပြီး အလေးချိန်ပေါ့တဲ့ ဖိနပ်မျိုးဖြစ်ရပါမယ်။ ခြေထောက်ကို ဝန်မပိ၊ ဒဏ်မဖြစ်စေတဲ့ ဖိနပ်မျိုးရွေးချယ်ပါ။

(၃) ခြေထောက်ဖောရောင်တတ်သူဖြစ်ရင်
သင့်ခြေထောက်၊ သင့်ခန္ဓာကိုယ်အောက်ပိုင်းက ဖော ရောင်တတ်သူဆိုရင် ခြေထောက်နဲ့ ကွက်တိ ဖြစ်တဲ့ဖိနပ်မျိုး ရှာရခက်ပါတယ်။ ဖိနပ်စီးတဲ့အခါလည်း ခက်၊ ပြန်ချွတ်တဲ့အခါ လည်း ခက်ခဲနိုင်ပါတယ်။ ခြေထောက်ဖောရောင်တတ်သူဖြစ်ရင် ခြေကုပ်မြဲစေတဲ့ အထိန်းကြိုးသိုင်းပါတဲ့ ဖိနပ်မျိုးရွေးချယ်ပါ။ အလွယ်တကူ ချော်မလဲစေနိုင်တဲ့ ဖိနပ်မျိုး ဖြစ်ဖို့လိုပါတယ်။

(၄) တုံ့ပြန်လွယ်တဲ့ခြေထောက်ဖြစ်ရင်
တချို့လူတွေမှာ ဖိနပ်ပြုလုပ်ထားတဲ့ သားရေနဲ့ ဓာတ် မတည့်တာမျိုးဖြစ်တတ်ပါတယ်။ ဒီအခါ ခြေထောက်မှာ အလာ ဂျီတွေ ထလာစေပါတယ်။ ဒီလိုဖြစ်လာရင် ခြေထောက်နဲ့ ထိ တွေ့တဲ့နေရာက သားရေမဟုတ်တဲ့ ဖိနပ်မျိုးရွေးချယ်ပါ။ အလာဂျီအရမ်းမဆိုးရွားရင် ခြေအိတ်ကို တစ်ထပ်ခံပြီး ဝတ် ကြည့်ပါ။ ခြေထောက်အရေပြား ခြောက်တတ်သူမှာလည်းအလာ ဂျီဖြစ်တတ်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ခြေထောက်ကို သေချာသန့်စင်ပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းအိပ်ပါ။

ဖိနပ်တွေကို သေချာသိမ်းဆည်းပါ
ဖိနပ်တွေကို ထိန်းသိမ်းတဲ့နေရာကလည်း အရေးကြီးပါတယ်။ ဘီရိုထဲကို ဖိနပ်တွေဒီတိုင်းပစ်ထည့်ထားမျိုး မလုပ်ပါနဲ့။ နေ ရောင်နဲ့လည်း တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ မသိမ်းပါနဲ့။ အရောင် မှိန်ပြီး ပျက်စီးလွယ်စေပါတယ်။ ဖိနပ်တစ်ရံနဲ့တစ်ရံ ကြားမှာ လည်းနေရာအလွတ် အနည်းငယ်ထားပြီး သိမ်းဆည်းပါ။

Darliko 

Post Author: Good Health Journal