ဒီနွေမှာ ရေသွားကူးမယ်ဆိုရင် …

နွေရာသီလို ပူပြင်းတဲ့ရာသီဥတု ရောက်လာပြီဆိုရင် ဘယ်သူမဆို ရေထဲ ဆင်းကူးချင်စိတ်ပေါက်လာကြမှာပါ။ ရေမကူးတတ်တဲ့သူဆိုရင်တောင် ရေထဲမှာ သွားကစားချင်စိတ်ပေါ်မိမှာပါ။ ယောက်ျားလေးတွေအတွက်ကတော့ ရေထဲဆင်းမယ်ဆိုရင် ဘောင်းဘီတို၊ တီရှပ်နဲ့ တန်းဆင်းလို့ရနိုင်တာကြောင့် သိပ်ပြီး ဦးနှောက်ခြောက်စရာတော့ မလိုပါဘူး။ မိန်းကလေးအတော်များများကတော့ ရေသွားကူးဖို့ဆိုရင် ခေါင်းစ၊ ခြေဆုံး ပြင်ဆင်တတ်ကြပါတယ်။ ဒီအတွက် ရေသွားကူးမယ့် ပျိုမေတို့ ဦးနှောက်မခြောက်စေဖို့ ရေကူးဝတ်စုံ ရွေးချယ်နည်းနဲ့ Beauty Tips တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ရေကူးဝတ်စုံရွေးချယ်မယ်ဆိုရင် –
– မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် အချိုးအစားက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
– ကိုယ်နဲ့ ဘယ်လို ရေကူးဝတ်စုံတွေက အလိုက်ဖက်ဆုံး ဖြစ်မလဲဆိုတာ အလွယ်တကူသိနိုင်ဖို့က သင့်ခန္ဓာကိုယ်ရဲ့ ပုံပန်းသဏ္ဍန်ကို အရင်ဆုံး သိအောင် ဆန်းစစ်ကြည့်ရပါမယ်။
– ယေဘုယျအားဖြင့် ခန္ဓာကိုယ် အချိုးအစားမှာ inverted triangle (တြိဂံဇောက်ထိုးပုံသဏ္ဍန်)၊ triangle (တြိဂံပုံသဏ္ဍန်)၊ rectangle (လေး ထောင့်ပုံသဏ္ဍန်)၊ circle (စက်ဝိုင်းပုံသဏ္ဍန်) ဆိုပြီး ရှိပါတယ်။
– နောက်တစ်ချက်ကတော့ သင့်အသားရောင်ကိုဆောင်တဲ့ အရောင်ကို ဦးစားပေးရွေးချယ်ပါ။

တြိဂံဇောက်ထိုးပုံသဏ္ဍန်
– ပခုံး ဒါမှမဟုတ် ရင်ဘတ်က တင်ပါးထက် ပိုကျယ်နေတယ်ဆိုရင် တြိဂံဇောက်ထိုးပုံသဏ္ဍန် ခန္ဓာကိုယ် အချိုးအစားလို့ ပြောနိုင်ပါတယ်။
– သူနဲ့ လိုက်ဖက်မယ့် ရေကူးဝတ်စုံက ခန္ဓာကိုယ် အောက်ပိုင်းမှာ Volume ထည့်ပေးဖို့ပါ။
– ဒါမှ ခန္ဓာကိုယ်အချိုးအစား ညီတဲ့ အသွင်နဲ့ ပိုလှစေမှာပါ။
– ဒီအတွက် အောက်ပိုင်းမှာ အပွင့်၊ အဆင် ကြီးတာမျိုး၊ ကားတဲ့ စကတ်မျိုးကို ရွေးချယ်ပါ။

တြိဂံပုံသဏ္ဍန်
– သူက ပခုံးတွေ၊ ရင်ဘတ်တွေထက် တင်က ပိုကားနေတာမျိုးပါ။
– သင့်အောက်ပိုင်းကို ပိုသွယ်တယ်လို့ ထင်မြင်စေတဲ့ အသွင်ရဖို့ဆိုရင် ပုံကျတဲ့ အင်္ကျီလည်ဟိုက်မျိုးနဲ့ ရင်ဘတ်တစ်ဝိုက်မှာ အလှဆင်ထားတာများတဲ့ ရေကူးဝတ်စုံ ဒီဇိုင်းမျိုးကို ရွေးချယ်ပါ။

လေးထောင့်ပုံသဏ္ဍန်
– ပခုံးနဲ့ တင်ပါးရဲ့ အကျယ်က တူညီနေတတ်ပြီး ထင်ရှားသေးသွယ်တဲ့ ခါး မရှိတဲ့ ခန္ဓာကိုယ်အချိုးအစားကို ခေါ်ပါတယ်။
– သူ့အတွက်က ခါးနေရာကောက်ကြောင်း ပေါ်လွင်တဲ့ ရေကူးဝတ်စုံမျိုး ရွေးချယ်ရပါမယ်။
– ခါးတစ်ဝိုက်ပေါ်လွင်စေတဲ့ ထောင့်ဖြတ်မျဉ်း၊ ခါးစည်း စတာတွေပါဝင်တဲ့ ရေကူးဝတ်စုံမျိုးကို ရွေးချယ်ပါ။

စက်ဝိုင်းပုံသဏ္ဍန်
– ခါးက ပခုံးနဲ့ တင်ပါးထက် ပိုတုတ်နေတယ်ဆိုရင် စက်ဝိုင်းပုံသဏ္ဍန်ခန္ဓာကိုယ်အချိုးအစားလို့ ပြောနိုင်ပါတယ်။
– ဒီအတွက် အောက်ပိုင်းသွယ်ပြီး ခါးသေးတဲ့ အသွင်ရဖို့ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။
– လှပတဲ့ အင်္ကျီလည်ဟိုက်ပုံစံ၊ High back၊ ဒေါင်လိုက်အကွက်ပါတာ (Vertical Color Blocks)၊ Diagonal Prints ပါတာတွေ ဦးစားပေး ရွေးဝတ်ပါ။

ဘယ်မှာရေသွားကူးမှာလဲ –
ရေသွားကူးတာက ကမ်းခြေမှာလား၊ ရေကူးကန်မှာလားပေါ်မူတည်ပြီး Beauty Tips တွေ ကွဲသွားပါတယ်။

Beauty Tips
– ကမ်းခြေမှာ ရေသွားကူးမယ့်သူတွေ အတွက်က ပင်လယ်ဆားငံရည်နဲ့ နေရောင်ရဲ့ ဒဏ်တွေကို ထိတွေ့ရနိုင်ပါတယ်။
– ကမ်းခြေမှာ ရေသွားကူးမယ့် ပျိုမေတွေအတွက် နံပါတ်တစ်အရေးကြီးဆုံးကတော့ အသားအရေ မပျက်စီးအောင် SPF ပါတဲ့ နေလောင်ကာခရင်မ် လိမ်းဖို့ပါ။ Chemical Sunscreen ဆိုရင် ရေမကူးခင် နာရီဝက်အလိုကတည်းက လိမ်းထားပြီး နှစ်နာရီခြားတစ်ခါ ထပ်လိမ်းပေးဖို့ လိုပါတယ်။
– နောက်ပြီး အသားအရေထိန်းသိမ်းဖို့ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်စာတွေ သောက်သုံးပေးပါ။
– ကမ်းခြေမှာ ရေကူးတဲ့အခါ ဆားငန်ရေတွေကြောင့် ဆံကေသာ ပျက်စီးမှု မဖြစ်အောင် Leave-in Conditioner တွေ ကြိုလိမ်းပေးထားပါ။ သူက ဆံကေသာကို နေရောင်ဒဏ်ကနေရော၊ ရေစိုတဲ့ အခါ ကြိုးပြတ်လွယ်တဲ့ဒဏ်ကိုရော ကာကွယ်ပေးနိုင်ပါတယ်။
– ရေကူးကန်မှာ ရေကူးမယ့်သူတွေအတွက် Swim Cap ဝတ်ဆင်ရင် ဆံကေသာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ မဝတ်ချင်တဲ့သူတွေ အတွက်လည်း ဆံကေသာထိခိုက်မှုကနေ ကာကွယ်ဖို့ Leave-in Conditioner လိမ်းပေးနိုင်ပါတယ်။
– ရေကူးကန်မှာထည့်လေ့ရှိတဲ့ ကလိုရင်းနဲ့ မတည့်သူတွေဆိုရင် အရေပြားယားယံတာ၊ အနီအဖု၊ အပိမ့်ထွက်တာ ဖြစ်တတ်ပါတယ်။ Chlorine rash လို့ ခေါ်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် ဒိုင်ဖန်ဟိုက်ဒရာမင်းပါဝင်တဲ့ လိမ်းဆေးလိမ်းပေးပါ။
– ရေကူးကန်မှာရေကူးပြီးရင် ရေပြန်ချိုးပါ။ ကလိုရင်းပါဝင်တဲ့ လိုးရှင်းတွေ မလိမ်းပါနဲ့။
– ရေမကူးခင်မှာနဲ့ ရေကူးပြီးတဲ့အခါ ရေနံဂျယ်လီလိမ်းပေးပါက အယားသက်သာနိုင်ပါတယ်။ မသက်သာရင် အရေပြား ပြန်လည် ကောင်းမွန်တဲ့အထိ ရေကူးတာကို ခဏနားပြီး ကလိုရင်းနဲ့ ထိတွေ့မှုမရှိအောင် နေပါ။

Safety Tips
– Indoor မှာထက် Outdoor မှာ ရေကူးရတာကို လူအတော်များများ ပိုပြီး နှစ်သက်လေ့ရှိပါတယ်။
– Outdoor ဆိုတဲ့အခါ ကမ်းခြေတွေ အပြင် မြစ်၊ ချောင်း၊ ရေတံခွန်တွေမှာပါ ရေကူးတတ်ကြပါတယ်။ ဒီအခါမှာ သတိထားရမှာက ရေထဲမှာ ပါဝင်နေနိုင်တဲ့ ဒြပ်ပေါင်းတွေပါ။ အခန့်မသင့်ရင် အရေပြား ယားယံတာ၊ မျက်စိထဲ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။
– မျက်လုံးထဲ infection မဝင်အောင် ဆိုရင် googles တွေ တပ်ဆင်နိုင်ပါတယ်။
– နားထဲရေဝင်ပြီး ပိုးပေါက်ပွားတာ မဖြစ်အောင်ဆိုရင်လည်း ရေကူးတဲ့အခါတပ်တဲ့ ear plugs တွေ တပ်ဆင်သွားပါ။
– ဘယ်မှာပဲ ရေသွားကူးကူး၊ ရေကူးပြီးတာနဲ့ ချက်ချင်း ရေကူးဝတ်စုံချွတ်ပြီး ဆပ်ပြာနဲ့ ရေချိုးသန့်စင်ပါ။ ဒါက ပေါက်ဖွားနိုင်တဲ့ ပိုးမွှားတွေကို ကာကွယ်ပြီး ဖြစ်မှာပါ။
– နောက်တစ်ချက်က ရေမကူးခင် မိနစ် ၃၀ အလိုမှာ ရေအဝသောက်ထားပါ။ ရေကူးတဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။
– ရေကူးပြီးတဲ့အခါ အရေပြား ခြောက်သွေ့အက်ကွဲတာတွေ ဖြစ်တတ်လို့ အစိုဓာတ်ထိန်းခရင်မ်များများ ပြန်လိမ်းပေးဖို့ လိုအပ်ပါတယ်။

♥ #Darliko (Mahidol University) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *