ဒီနွေအတွက် Calamine

ကယ်လမင်းပန်းရောင်ဆေးရည်ဆိုတာကို ငယ်ငယ်ကတည်းက အကျွမ်းတဝင်ရှိဖူးကြပါတယ်။ အရေပြားယားယံတာ အတွက် အလွယ်တကူလိမ်းနိုင်တဲ့ ဆေးရည်တစ်မျိုးဖြစ်ပါတယ်။ အကောင်ကိုက်တာ၊ ရေကျောက်ပေါက်တာ၊ ဝက်သက် ပေါက်တာ၊ နှင်းခူ၊ နေလောင်ဒဏ် စတာတွေကြောင့် အရေပြားယားယံတဲ့အခါ အသုံးပြုတာများပါတယ်။ နွေရာသီရဲ့ အပူရှိန်ကြောင့် မကြာခဏ ယားယံတတ်သူဆိုရင် ဆောင်ထားဖို့ လိုပါတယ်။

ဘယ်လိုအသုံးပြုရမလဲ –
– လေဘယ်မှာကပ်ထားတဲ့အညွှန်းအတိုင်း ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အသုံးပြုတာက အကောင်းဆုံး ရလဒ်ကို ပေးမှာပါ။
– အသုံးပြုမယ့် အရေပြားတစ်ဝိုက်ကို ဆပ်ပြာနဲ့ရေ အသုံးပြုပြီး အရင်သန့်စင်ပါ၊ ခြောက်အောင်သုတ်ပါ။ ပြီးမှ အသာအယာ လိမ်းပါ။
– ဆေးလိမ်းပြီးရင် လက်ကို ဆပ်ပြာနဲ့ ရေပြန်ဆေးပါ။
– အဝတ်အထည်ပွပွချောင်ချောင် ဝတ်ထားလို့ရပါတယ်၊ ဆေးလိမ်းပြီး အပေါ်က အရမ်းကျပ်တဲ့ အဝတ်တွေမဝတ်ပါနဲ့။ ကယ်လမင်းက အဝတ်တွေမှာ စွန်းထင်တတ်ပါတယ်။
– ဆေးပုလင်းကို အခန်းအပူချိန်အတိုင်း ထားရှိပါ၊ စိုစွတ်တဲ့နေရာ၊ နေရောင်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ မထားပါနဲ့။ ရေခဲသေတ္တာထဲမှာ ထည့်မသိမ်းပါနဲ့။
– ခုနစ်ရက်ကြာလို့မှ မသက်သာ၊ မပျောက်ကင်းရင် ဆရာဝန်ဆီသွားပြပါ။

ဘာတွေကိုသတိထားရမလဲ –
– ကယ်လမင်းလိုးရှင်းက အပေါ်ယံ အရေပြားမှာပဲ လိမ်းဖို့ ဖြစ်ပါတယ်။ လုံးဝ သောက်လို့ မရပါဘူး။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ မိန်းမအင်္ဂါ၊ စအိုမှာ စဉ်ခဲ့ရင် ရေ နဲ့ ပြန်ဆေးပါ။ – ကယ်လမင်းဆေးလိမ်းထားတဲ့နေရာကို နောက်ထပ်ဆေးတစ်မျိုး ထပ်မလိမ်းပါနဲ့။ ဆရာဝန်က ရောလိမ်းလို့ရတယ်လို့ပြောမှ လိမ်းပါ။- ကယ်လမင်းလိုရှင်းလိမ်းလိုက်မှ အင်ပြင်ထွက်တာ၊ အသက်ရှူခက်တာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနဲ့ လည်ချောင်းတစ်ဝိုက် ရောင်ရမ်းတာ ဖြစ်လာရင် အရေးပေါ်ကုသဖို့ ခံယူတာ၊ FDA ကို သတင်း ပို့တာတွေ လုပ်ဆောင်ပါ။

#ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *