ဓမ္မတာသွေးမမှန်ဘူးလို့ ထင်နေပါသလား

ဓမ္မတာလာတာကို ပြဿနာတစ်ခုလို့ ထင်နေပါသလား။ အမှန်မှာတော့ ဓမ္မတာ မလာမှသာ ပြဿနာအကြီးကြီးဖြစ်နေတာပါ။ ဓမ္မတာ တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၂၈ ရက်ကြာရမယ်လို့ သတ်မှတ်ထားပေမယ့် ၃၅ ရက်အထိ ကြာနိုင်သလို ၂၁ ရက် တစ်ကြိမ်လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေအားလုံးကို ပုံမှန်လို့ သတ်မှတ်ပါတယ်။

ဓမ္မတာမမှန်တာက ဘာကိုဆိုလိုပါသလဲ
ဓမ္မတာရက်စောပြီး လာတာ၊ ရက်နောက်ကျပြီးလာတာကို ဓမ္မတာမမှန်ဘူးလို့ ပြောလို့ မရပါဘူး။ သင့်အနေနဲ့ အပျိုဖော်ဝင်ခါစ ပထမဆုံးဓမ္မတာလာတဲ့အချိန် ဒါမှမ ဟုတ် သွေးဆုံးခါနီးအသက် ၄၀-၅၀ ကျော်အရွယ်တွေမှာ ဓမ္မတာ ရက်စောလာတာ၊ နောက်ကျလာတာတွေ ဖြစ်တတ်ပါတယ်။
ဓမ္မတာစက်ဝန်းပုံမှန်ဖြစ်နေပြီးမှ ရုတ်တရက် ရက်နောက်ကျသွားတာ၊ စောသွား တာတွေကိုမှ ဓမ္မတာမမှန်တာလို့ ခေါ်ဆိုနိုင်တာပါ။ သင့်အနေနဲ့ အမှန်တကယ် ဓမ္မတာစက်ဝန်းပုံမှန်မဟုတ်တာ သေချာမှသာ ကုသဖို့အတွက် စဉ်းစားရမှာပါ။

ဓမ္မတာမမှန်ခြင်းဆိုသည်မှာ
အောက်ပါလက္ခဏာတွေဟာ ဓမ္မတာမမှန်တာကို ဖော်ပြနေတဲ့ အရေးကြီးတဲ့ လက္ခဏာတွေပါ။

– ငါးညှီနံ့ရခြင်း
သင်ရဲ့ မိန်းမကိုယ်က ငါးညှီနံ့ထွက်နေတယ်ဆိုရင် ဘက်တီးရီးယားတွေ ပေါက် ဖွားမှုများပြားနေတဲ့အခြေအနေပါ။ မိန်းမကိုယ်အတွင်း ရောဂါပိုးဝင်ရောက်နေတာဖြစ် တဲ့အတွက် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ ဓမ္မတာ မမှန်ရတာရဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။

– ဓမ္မတာရက် အလွန်စောခြင်း သို့မဟုတ် ရက်အလွန်နောက်ကျခြင်း
ဓမ္မတာစက်ဝန်းက တစ်လနဲ့ တစ်လကြား ၂၁ ရက်နဲ့ ၃၅ ရက်အတွင်းရှိနေရင် ပုံမှန်အခြေအနေလို့ ခေါ်ပါတယ်။ သင်ရဲ့ ပုံမှန်လာနေကျရက်မှာ မလာဘဲ အလွန် စောပြီး လာတာ ဒါမှမဟုတ် အလွန်နောက်ကျပြီး လာတာက ဓမ္မတာမမှန်တာပါ။

– ဓမ္မတာလာရက် နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်း
ပုံမှန်အားဖြင့် ဓမ္မတာလာရက်ဟာ ၃-၈ ရက်အတွင်းရှိကြပြီး ပျမ်းမျှ ငါးရက် လောက်ကြာတတ်ကြပါတယ်။ သင်ရဲ့ ဓမ္မတာလာရက်က တစ်ပတ်ထက် ကျော် နေရင် ဒါမှမဟုတ် သုံးရက်အောက် နည်းနေရင် ဓမ္မတာမမှန်တာဖြစ်နေပါပြီ။

– ဓမ္မတာသွေးများလွန်းခြင်း
နောက်ဆုံးအနေနဲ့ ဓမ္မတာလာတာက ပုံမှန်လာနေတဲ့သွေးပမာဏထက် အလွန် အကျွံများနေမယ်ဆိုရင် ဓမ္မတာမမှန်ဘူးလို့ ခေါ်ဆိုနိုင်ပါတယ်။ သင်ရဲ့ လစဉ်သုံးပစ္စည်း တွေကို တစ်နာရီခြား တစ်ကြိမ် လဲလှယ်နေရတာ၊ ဒါမှမဟုတ် သွေးတုံးသွေးခဲတွေ ပါလာတာမျိုးတွေဖြစ်နေတတ်ပါတယ်။

ဓမ္မတာမမှန်ခြင်း၏ အခြားလက္ခဏာများ
အထက်ပါလက္ခဏာတွေအပြင် အောက်ပါအခြေအနေတွေဖြစ်ပေါ်နေရင် လည်း ဓမ္မတာမမှန်ဘူးလို့ သတ်မှတ်ပါတယ်။
သုံးလဆက်တိုက်ရာသီသွေးမပေါ်ခြင်း
– စိတ်ခံစားချက်အပြောင်းအလဲများခြင်း
– ဓမ္မတာလာစဉ် အလွန်အမင်းဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
– ဓမ္မတာစက်ဝန်း တစ်လနဲ့တစ်လကြား ဘောင်းဘီသွေးစက်ကျတတ်ခြင်း
ဘာကြောင့်ဓမ္မတာမမှန်ရပါသလဲ
– အမျိုးသမီးတွေမှာ ဓမ္မတာမမှန်ရတဲ့အဓိကအကြောင်းရင်းက ဟော်မုန်းညီညွတ် မျှတမှုမရှိတာကြောင့်ပါ။ မမျိုးဥအိမ်အတွင်း ရေအိတ်ရှိတဲ့ရောဂါ (PCOS)ကြောင့် ဟော်မုန်းညီညွတ်မျှတမှုမရှိနိုင်တော့ပါဘူး။
– ဘာစားစား ပြန်အန်တဲ့ရောဂါ (Bulimia or Anorexia) ရှိသူတွေမှာ ဓမ္မတာ သွေးမပေါ်တာ၊ ဓမ္မတာလာရက် နည်းလွန်းတာတွေဖြစ်ပြီး ဓမ္မတာမမှန်တတ်ပါဘူး။
– အားကစားအလွန်အကျွံလုပ်တဲ့အမျိုးသမီးတွေကလည်း ဓမ္မတာမမှန်တတ်ပါ ဘူး။ တချို့လတွေမှာ ဓမ္မတာမလာတဲ့အထိ ဖြစ်တတ်ပါတယ်။
– စိတ်ဖိစီးမှုများလွန်းတာ၊ စိတ်ဓာတ်ကျဝေဒနာခံစားရတာတွေကြောင့်လည်း ဓမ္မ တာမမှန်တတ်ပါဘူး။
– သန္ဓေတားဆေးကို ပုံမှန်မှီဝဲသူ ဒါမှမဟုတ် သားအိမ်တွင်း ပစ္စည်းထည့်ထားသူ တွေမှာလည်း ဓမ္မတာမမှန်တတ်ကြပါဘူး။
ဓမ္မတာမမှန်တာက ကြောက်စရာမဟုတ်ပါဘူး။ ကုသလို့ ရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အထက်ဖော်ပြပါလက္ခဏာတွေရှိနေရင် သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ကုသမှု ခံယူပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal