နနွင်းစားသုံးတာကြောင့် ကျောက်တည်နိုင်ပါသလား

နနွင်းဟာ သူ့မှာပါဝင်တဲ့ကာကူမင်ဆိုတဲ့ဒြပ်ပေါင်းကြောင့် ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရှိတယ်လို့ ဂုဏ်သတင်းကျော်စောလျက်ရှိပါတယ်။ ဒါပေမဲ့ လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားပုံဟာ နနွင်းအပါအဝင်အားလုံးအတွက် အကျုံး ဝင်နေပါတယ်။ နနွင်းကို အလွန်အကျွံစားသုံးတာကြောင့် အောက်ပါဆိုးကျိုးတွေ ရရှိနိုင်တယ်ဆိုတာ ဘယ်သူမှမျှော်လင့်မိမှာမဟုတ်ပါဘူး။

သွေးယိုစိမ့်နိုင်ခြေမြင့်မားခြင်း
နနွင်းဟာ သွေးခဲမှုဖြစ်စဉ်ကို နှေးကွေးနိုင်ပါတယ်။ ဒါကြောင့် သွေးယိုစီးမှုပြဿ နာရှိသူတွေမှာ အညိုအမည်းစွဲတာနဲ့သွေးယိုစိမ့်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ရရှိ နိုင်ပါတယ်။ နနွင်းက တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်ပြီး အလွန်အကျွံသွေးယိုစိမ့် နိုင်ပါတယ်။
ကာကွယ်နည်း
သင့်မှာ သွေးခဲမှုပြဿနာဖြစ်ပေါ်နေရင် ဒါမှမဟုတ် သွေးကျဲဆေးသောက်နေရရင် နနွင်းကို အသုံးမပြုပါနဲ့။

သည်းခြေကျောက်ဖြစ်နိုင်ခြင်း
နနွင်းမှာ ဩဇဲလိတ်ပမာဏ များစွာပါဝင်ပါတယ်။ ဒီဩဇဲလိတ်ကတော့ သည်း ခြေကျောက်တည်နိုင်ခြေ မြင့်မားတဲ့ ဒြပ်ပေါင်းပါ။
ကာကွယ်နည်း
သင့်မှာ သည်းခြေကျောက်ပြဿနာရှိနေရင် နနွင်းစားသုံးမှုကို ရပ်တန့်လိုက်ပါ။

သွေးဖိအားကျဆင်းနိုင်ခြင်း
သွေးဖိအားကျဆင်းတဲ့ဂုဏ်သတ္တိကတော့ သွေးတိုးရောဂါရှိသူတွေအတွက် အသုံးဝင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံမှီဝဲခဲ့ရင် သွေးဖိအား အလွန်အမင်းကျဆင်း သွားနိုင်ပါတယ်။
ကာကွယ်နည်း
သွေးဖိအားကျဆင်းဖို့ ဆေးမှီဝဲနေရရင် နနွင်းရှောင်ပါ။

ကျောက်ကပ်ကျောက်တည်နိုင်ခြေ မြင့်မားခြင်း
နနွင်းကို ပမာဏများစွာမှီဝဲတာက ကျောက်ကပ်ကျောက်တည်နိုင်ခြေ မြင့်မားပါ တယ်။ သူ့မှာ ပါဝင်တဲ့ ဩဇဲလိတ်တွေကြောင့်ပါ။ ဩဇဲလိတ်တွေက ကယ်လ်စီယမ်နဲ့ ပေါင်းစပ်ပြီး ကယ်လ်စီယမ်ဩဇဲလိတ်ကျောက်တွေဖြစ်သွားပါတယ်။
ကာကွယ်နည်း
သင့်မှာ ကျောက်ကပ်ပြဿနာရှိရင် နနွင်းရှောင်ပါ။

ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်တို့ မစားသုံးသင့်ခြင်း
မေရီလင်းဆေးတက္ကသိုလ်ရဲ့ အဆိုအရ နနွင်းကို ဟင်းချက်ရာမှာ အသုံးပြုမှသာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တရာယ်ကင်းတယ်လို့ သိရပါတယ်။ ကျွန်မတို့ မြန်မာအယူအဆမှာတော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကလေးမီးဖွားအပြီးမှာ မီးတွင်းကာလမှာ သားအိမ်အမြန်ကျက်အောင် နနွင်းသောက်ရတယ်၊ နနွင်းလိမ်းရ တယ်လို့ သိထားကြပါတယ်။ အနောက်တိုင်းဆေးပညာအယူအဆအရတော့ ကိုယ်ဝန် ဆောင်ကာလနဲ့ နို့တိုက်မိခင်ဘဝမှာ နနွင်းကို ခေတ္တခဏရှောင်ကြဉ်ရမယ်လို့ အကြံ ပေးထားကြပါတယ်။ နနွင်းရဲ့ သွေးယိုစိမ့်နိုင်တဲ့ဂုဏ်သတ္တိကြောင့် မီးဖွားအပြီး သွေး သွန်တာမျိုးမဖြစ်ရအောင်ပါ။ ဒါ့အပြင် နနွင်းက မိခင်နို့ကတစ်ဆင့် ကလေးဆီ ရောက် နိုင်တဲ့အတွက် ကလေးအသားဝါရောဂါနဲ့ ခွဲခြားရခက်ခဲနိုင်တာကြောင့်လို့ ဆိုပါတယ်။
ကာကွယ်နည်း
ကိုယ်ဝန်ဆောင်ကာလနဲ့ ကလေးနို့တိုက်နေစဉ်အတွင်း နနွင်းရှောင်ပါ။

အစာအိမ်ပြဿနာဖြစ်နိုင်ခြင်း
နနွင်းကို အဆစ်ရောင်ရောဂါ ဒါမှမဟုတ် အဆစ်ကိုက်ဝေဒနာအတွက် အလွန် အကျွံမှီဝဲခဲ့ရင် အစာအိမ်ရောဂါရရှိနိုင်ပါတယ်။ သင့်အနေနဲ့ အစာမကြေတာ ဒါမှ မဟုတ် ဗိုက်အောင့်ဝေဒနာခံစားနေရရင် နနွင်းကို အသုံးမပြုသင့်ပါဘူး။ နနွင်းကို သတ်မှတ်ထားတဲ့ပမာဏ ၄၀၀ မီလီဂရမ်- ၃ ဂရမ်ထက် များပြားပြီး ရက်ရှည်စားသုံး ခဲ့ရင် အစာမကြေတာနဲ့ ရင်ပူနာဝေဒနာတွေ ခံစားရနိုင်ပါတယ်။
ကာကွယ်နည်း
နနွင်းကို သတ်မှတ်ထားတဲ့ပမာဏသာ မှီဝဲပါ။

ဝမ်းပျက်ခြင်းနှင့် ပျို့ခြင်း
နနွင်းကို အားဖြည့်ဆေးအနေနဲ့ မှီဝဲခဲ့ရင် ဝမ်းပျက်တာ၊ အန်တာ စတဲ့ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်က အစာအိမ်အူလမ်းကြောင်းကို ထိခိုက် နိုင်လို့ပါ။
ကာကွယ်နည်း
နနွင်းကို အကန့်အသတ်နဲ့သာ စားသုံးပါ။ သင့်မှာ အထက်ဖော်ပြပါလက္ခဏာ ရှိရင် နနွင်းစားသုံးမှုကို ရပ်တန့်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

ဓာတ်မတည့်မှုဖြစ်နိုင်ခြင်း
တချို့လူတွေက နနွင်းလိမ်းရင် ယားယံတာက နနွင်းမှာပါဝင်တဲ့ ကာကူမင်နဲ့ ဓာတ်မတည့်တာကြောင့်ပါ။ နနွင်းကြောင့် အဖုအပိမ့်တွေဖြစ်တာ၊ အသက်ရှူမဝတာ တွေ ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တာက နနွင်းကို လိမ်းတာကြောင့် ဖြစ်နိုင်သလို စားသုံးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကာကွယ်နည်း
အဝါရောင်ရှိတဲ့အစားအစာ စားသုံးလို့ ဓာတ်မတည့်မှုဖြစ်နေရင် နနွင်းကို ရှောင်ပါ။

သံဓာတ်ချို့တဲ့နိုင်ခြင်း
လေ့လာမှုအများအပြားအရ နနွင်းမှာပါဝင်တဲ့ဒြပ်ပေါင်းဟာ သံဓာတ်နဲ့ ပေါင်းစပ် မှုဖြစ်ပြီး ခန္ဓာကိုယ်က အစားအစာမှ သံဓာတ်ကို စုပ်ယူနိုင်စွမ်းလျော့နည်းသွားတဲ့ အတွက် သံဓာတ်ချို့တဲ့ရတာဖြစ်ပါတယ်။
ကာကွယ်နည်း
သင့်မှာ သံဓာတ်ချို့တဲ့နေရင် နနွင်းရှောင်ပါ။ နနွင်းမစားသုံးခင်မှာ သွေးထဲက သံဓာတ်ပမာဏကို စစ်ဆေးပါ။

ခွဲစိတ်မှုပြုလုပ်စဉ် အန္တရာယ်ရှိနိုင်ခြင်း
နနွင်းက သွေးခဲမှုဖြစ်စဉ်ကို တားမြစ်နိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အတွက် ခွဲစိတ်ခန်းဝင် ရမယ့်လူနာတွေအနေနဲ့ မမှီဝဲသင့်ပါဘူး။
ကာကွယ်နည်း
လူနာတွေအနေနဲ့ မခွဲစိတ်ခင် တစ်ပတ်ကနေ နှစ်ပတ်အလိုမှာ နနွင်းကို လုံး၀ ရှောင်ကြဉ်သင့်ပါတယ်။
အချို့ဆေးဝါး၊ အချို့ဆေးဖက်ဝင်အစားအစာများနှင့် ဓာတ်ပြုနိုင်ခြင်း
နနွင်းဟာ အောက်ပါဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။
– သွေးကျဲဆေးများ
– အစာအိမ်အက်စစ်ကို လျော့ကျစေနိုင်သော ဆေးဝါးများ
– ဆီးချိုရောဂါကုသဆေးများ
– ငရုတ်ကောင်းနှင့် ချင်း
နနွင်းကို အိမ်တိုင်းအိမ်တိုင်းက အသုံးပြုနေကြတဲ့အတွက် အထက်ပါဆိုးကျိုး တွေရှိတာကြောင့် သင်ချက်ပြုတ်မယ့်အစားအစာထဲမှာ ထည့်သွင်းအသုံးမပြုဘဲနဲ့ တော့ မနေပါနဲ့။ သူ့မှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ များစွာရှိတာမို့ အသင့် အတင့်တော့ စားသုံးပါ။ အထက်ဖော်ပြပါ ပြဿနာတွေ သင့်မှာရှိရင်တော့ နနွင်းစား သုံးမှုကို ခဏရပ်တန့်ပြီး ဆရာဝန်ရဲ့ အကြံဉာဏ်ကို ရယူပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal