ပန်းချီအနုပညာကပေးတဲ့ ကျန်းမာရေးကောင်းကျိုး

ပန်းချီအနုပညာဆိုတာဟာ လောကကြီးကို အလှဆင် ပေးဖို့ အထူးလိုအပ်တဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။ အ ဆောက်အအုံဆောက်တာကအစ အဝတ်အစားဝတ်တာအ ဆုံး ပန်းချီမျက်စိမရှိရင် လှမှာမဟုတ်ပါဘူး။ ပန်းချီအနုပညာ လိုက်စားသူတွေမှာရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး တွေကတော့ –

(၁) ဦးနှောက်လုပ်ဆောင်မှုကောင်းစေတယ်
ပန်းချီအနုပညာဟာ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးမှုတွေ အများဆုံးအသုံးပြုရပါတယ်။ ဒါဟာ ညာဘက်ဦးနှောက်ကို အလုပ်လုပ်စေပါတယ်။ ပန်းချီတစ်ခု ဖန်တီးတဲ့အခါမှာ ဘာ ပြီးရင် ဘာလုပ်မယ်၊ ကျိုးကြောင်းဆက်စပ်တွေးရတာလည်း ရှိပါတယ်၊ ဒါဟာ ဘယ်ဘက်ဦးနှောက်ကို အလုပ်လုပ်စေပါ တယ်။ ဒါကြောင့် ပန်းချီပညာဟာ ဦးနှောက်နှစ်ဖက်စလုံးကို အလုပ်လုပ်စေပြီး စွမ်းဆောင်ရည်ကို မြင့်စေပါတယ်။

(၂) မှတ်ဉာဏ်ကောင်းစေတယ်
ပန်းချီအနုပညာလိုက်စားသူတွေဟာ မှတ်ဉာဏ် ကောင်းမွန်လေ့ရှိပါတယ်။ အတိတ်မေ့ရောဂါနဲ့ စိတ်ကစဥ့် ကလျားရောဂါရှိသူတွေမှာ ပန်းချီပညာအသုံးပြုတဲ့ ကုသ ရေးကို ဆောင်ရွက်ရာမှာ ထူးခြားတဲ့တိုးတက်မှုရှိတယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ပန်းချီဆွဲတာ၊ ဆေးရောင်ခြယ်တာဟာ ဦးနှောက်တွင်းဆဲလ်သစ်တွေဖြစ် ပေါ်ဖို့ အားပေးတယ်လို့ဆိုပါတယ်။

(၃) အာရုံစူးစိုက်နိုင်စွမ်းကောင်းစေတယ်
ပန်းချီအနုပညာရှင်တွေအနေနဲ့ သူတို့အလုပ်လုပ်တဲ့ အခါ ရာနှုန်းပြည့် အလုပ်အပေါ်ကို အာရုံစူးစိုက်ရပါတယ်။ ဒီလိုမျိုး အာရုံစူးစိုက်တဲ့အလေ့အကျင့် ရှိသွားတာကြောင့် တစ်ခုခုဆိုရင်လည်း အသေးစိတ်ကို သေချာအာရုံစူးစိုက်နိုင် စွမ်းကောင်းသူတွေဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုကိုဖြေဖျောက်နိုင်တယ်
စိတ်ဖိစီးမှု ကြုံလာရင် ပန်းချီပညာကိုအသုံးပြုပြီး ဖြေ ဖျောက်နိုင်ပါတယ်။ ပန်းချီအနုပညာဖန်တီးတဲ့အခါ ဦးနှောက် တွင်း စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်၊ ဒိုပါမင်း၊ အင်ဒို ဖင်စတဲ့ ဟော်မုန်းတွေထွက်စေလို့ စိတ်ဖိစီးတာ၊ စိတ်လှုပ်ရှား တာတွေကို သက်သာစေပါတယ်။

(၅) လက်ချောင်းကြွက်သားတွေ သန်မာစေတယ်
ပန်းချီအနုပညာတစ်ခုဖန်တီးတဲ့အခါ အထောက်အကူ ပြုပစ္စည်းတွေ(ခဲတံ၊ မီးသွေး၊ စုတ်တံ)ကိုကိုင်တွယ်ပြီး လိုအပ် သလိုအသုံးပြုရတာကြောင့် လက်ချောင်းကြွက်သားတွေကို သန်မာစေပြီး မျက်လုံးနဲ့ လက်ထိန်းချုပ်မှု(Eye-hand Coordination)ကို ကောင်းမွန်လာစေပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal