ပုံမှန်ဖြစ်သော ကလေးငယ်တို့၏ စိတ်တိုစရာကောင်းသောအမူအကျင့်များ

မိဘတိုင်းက မိမိကလေးအသက် နှစ်နှစ်အရွယ်လောက်မှာဖြစ်တတ်တဲ့ စိတ်တိုစရာကောင်းတဲ့ အမူအကျင့် တွေကို ကြုံကြရမှာပါ။ ဒီအခါမှာ မိဘတွေအနေနဲ့ မိမိကလေးတွေကပဲ ဆိုးသွမ်းနေသလား၊ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခုများရှိနေသလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါက စိုးရိမ်စရာလား၊ ပုံမှန်အခြေအနေလား၊ ဘယ်လိုဖြေ ရှင်းရမလဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အမြဲတမ်းငြင်းဆန်နေခြင်း

ငြိမ်ပြီး လိမ္မာနေတဲ့ကလေးငယ်က ရုတ်တရက် မိဘခိုင်းတာကို ငြင်းဆန်နေတာပါ။ သူတို့ကြိုက်နှစ် သက်တဲ့အရာကိုတောင်မှ ငြင်းပယ်တတ်ပါတယ်။

ဘာကြောင့် ဖြစ်သလဲ
ဒီပြဿနာက ကလေးနှစ်နှစ်ခွဲကနေ သုံးနှစ် အကြားအရွယ်တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးတွေက သူတို့ဘာသာသူတို့ ပြုလုပ်နိုင်တယ် လို့ ထင်မှတ်နေတာကြောင့်ပါ။ သူတို့က မိသားစုထဲ မှာ တစ်စိတ်တစ်ဒေသအနေနဲ့ အရေးပါချင်တာ ကြောင့်လည်းပါပါတယ်။

ဘာပြုလုပ်ရမလဲ
အတတ်နိုင်ဆုံး သည်းခံပါ။ ကလေးငယ်တွေရဲ့ ဆန္ဒတွေကို မချိုးနှိမ်ပါနဲ့။ သူတို့ဘာသာသူတို့ ဆုံး ဖြတ်ချက်ချခိုင်းပြီး သူတို့ဘာသာ လုပ်တတ်ကိုင်တတ် အောင် လေ့ကျင့်ပေးပါ။ မူကြိုသွားဖို့ အဝတ်အစားကို သူတို့ဘာသာသူတို့ ရွေးရင်လည်း ရွေးချယ်ပါစေ။ ဒီနည်းလမ်းကို ပြုလုပ်ပေးပါမှ ကလေးက သင့်ကို ပိုမိုယုံကြည်အားကိုးလာပြီး သူတို့ကိုယ်သူတို့ ယုံ ကြည်မှုလည်း ပိုမိုရှိလာပါလိမ့်မယ်။

မေးခွန်းတစ်ခုတည်းကို ထပ်ကာထပ်ကာ မေးမြန်းခြင်း

ကလေးငယ်က မေးခွန်းတစ်ခုတည်းကို ထပ် ကာထပ်ကာ မေးနေတာက သင်ရဲ့တုံ့ပြန်မှုကို သူက သိချင်နေတာကြောင့်ပါ။ တစ်ခါတလေမှာ ကလေးရဲ့ မေးခွန်းကို အဖြေပေးထားပေမယ့် သူတို့ဘာကို မကျေမနပ်ဖြစ်နေလဲဆိုတာ မိခင်တွေက နားမလည် နိုင်လောက်အောင် ဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် စိတ်ရှည်တတ်တဲ့မိခင်တွေတောင်မှ စိတ်မရှည်နိုင် ဖြစ်ရတတ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ
ထပ်ကာထပ်ကာမေးမြန်းတာက ဒီစကားလုံးကို ဘယ်အချိန်နဲ့ ဘယ်အခါမှာ သုံးသလဲဆိုတာကို မှတ် မိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ စကားလုံးတစ်ခုရဲ့ အဓိပ္ပာယ်က အခြေအနေနဲ့ အချိန်အခါပေါ် မူတည် ပြီး ပြောင်းလဲတတ်တယ်ဆိုတာကိုလည်း သင်ယူနေ တဲ့သဘောပါ။ ဒါ့အပြင် ကလေးက အသံအတက် အကျ၊ လေယူလေသိမ်းတွေကိုလည်း သင်ယူနေ တာပါ။

ဘာပြုလုပ်ရမလဲ
ထပ်ကာထပ်ကာ ပြောဆိုတာက ကလေးငယ် တွေ စကားပြောတတ်ဖို့ အထောက်အပံ့ကောင်း တစ်ခုပါ။ ကလေးမေးတာတွေကို စိတ်ရှည်လက် ရှည်နဲ့ ပြန်ဖြေပေးပါ။ အချိန်တစ်ချိန်ကျရင် ထပ်ကာ ထပ်ကာမေးမြန်းတဲ့အကျင့်တွေ ပျောက်သွားပါလိမ့် မယ်။ သူထပ်ကာထပ်ကာမေးမြန်းတဲ့အကျင့်ကို စိတ် မရှည်ဘဲ အော်ငေါက်မိရင် ကလေးတွေအတွက် ရေ ရှည်မှာ ပြဿနာဖြစ်နိုင်ပါတယ်။

ညဘက် မကြာခဏ တစ်ရေးနိုးတတ်ခြင်း

ကလေးငယ်တစ်ယောက်ရဲ့ ညအိပ်ရာဝင်ချိန်နဲ့ မနက်အိပ်ရာထချိန်က တစ်သမတ်တည်းရှိပေမယ့် တစ်ခါတလေမှာ ရုတ်တရက် မနက် ၃ နာရီလောက် မှာ အိပ်ရာကနိုးထနေပြီး ငိုနေတတ်ပါတယ်။ ဒါမျိုး မကြာခဏဖြစ်နေရင် ဒီအကျင့်ကို ဖျောက်ဖျက်ဖို့ ခက်ခဲသွားနိုင်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ
အိပ်စက်မှုပြဿနာက များသောအားဖြင့် စိတ် ခံစားချက်ကြောင့်နဲ့ နေ့ခင်းပိုင်းမှာ အတွေ့အကြုံ သစ်တွေ ရရှိထားတာကြောင့် ဖြစ်တာများပါတယ်။ ကလေးငယ်တစ်ယောက် မအိပ်တာက ညနေ ပိုင်းမှာ စိတ်ခံစားချက်ပြင်းပြင်းထန်ထန် ကြုံတွေ့ ထားရတာကြောင့်ပါ။ တစ်ခါတစ်ရံမှာ စွမ်းရည် အသစ်တစ်ခုကြောင့် စိတ်လှုပ်ရှားလွန်းရင်လည်း ညဘက်တစ်ရေးနိုးတတ်ပါတယ်။ ကလေးစိတ် ရောဂါကုဆရာဝန်တွေက ကလေးငယ်တွေအနေနဲ့ ဒီလိုစွမ်းရည်အသစ်တစ်ခုကို ကြိုးစားပြီး ပြုလုပ် နေရရင် အိပ်ချင်နေတာတောင်မှ မအိပ်ဘဲ ပြုလုပ် နေတတ်တယ်လို့ ဆိုပါတယ်။

ဘာပြုလုပ်ရမလဲ
ကလေးငယ်ကို စွမ်းရည်အသစ်တစ်ခု သင်ပေး မယ်ဆိုရင် မနက်ပိုင်းမှာသာ သင်ပေးပါ။ ကလေးဟာ ညဘက်ကို မအိပ်ချင်သေးဘူးဆိုရင် အတင်းမသိပ် ပါနဲ့။ သူတို့နဲ့ အတူတူကစားပေးပါ။ မိနစ်အနည်းငယ် ကြာလာလို့ သူတို့အိပ်ငိုက်လာကာမှ အိပ်ရာဝင် ခိုင်းပါ။

သင့်ပြောစကားကို နားမထောင်ခြင်း

သင့်အနေနဲ့ မနက်ပိုင်းမှာ သင့်ကလေးကို မူကြိုကျောင်းပို့ရင်းနဲ့ အလုပ်သွားချင်နေပေမယ့် ကလေးတွေက မနက်စာကို လွှင့်ပစ်တာ၊ လျှောက် ပြေးတာနဲ့ သွားမတိုက်တာလိုမျိုးတွေ ကြုံဖူးပါ သလား။
ဘာကြောင့်ဖြစ်သလဲ
စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေရဲ့အလိုအရ ကလေးငယ်ရဲ့ ဆိုးသွမ်းတာတွေက သင့်ကို သူနဲ့ အတူ ကစားစေချင်တာကြောင့် လမ်းကြောင်းနေ တာလို့ သိရပါတယ်။ ကလေးငယ်တွေအနေနဲ့ ကစား တာက ကမ္ဘာကြီးအတွင်းမှာ ဖြစ်ပျက်နေတာကို လေ့လာဖို့ အဓိကလမ်းကြောင်းပါ။ ကလေးတွေက စွမ်းအင်အပြည့်နဲ့ အိပ်ရာကနိုးထလာတဲ့အတွက် သင်ဖြစ်စေချင်တိုင်း မဖြစ်လာတာနဲ့ သူတို့ကို မအော်ငေါက်ပါနဲ့။

ဘာပြုလုပ်ရမလဲ
သင်ရဲ့ အချိန်ဇယားကို အနည်းငယ်ပြန်ပြင် လိုက်ပါ။ မနက်ပိုင်းကို ခါတိုင်းထက် ပိုစောစောထပြီး ကလေးနဲ့ ကစားလိုက်ပါ။ ဒီလိုမှ အဆင်မပြေသေး ရင်တော့ ကလေးကို ၁၅-၂၀ မိနစ်လောက်ပေး ကစားပြီးမှ သင်ဖြစ်စေချင်တာကို လုပ်ခိုင်းတာပါ။

အကြောင်းမရှိဘဲ ငိုခြင်း

မနေ့က သင်အလုပ်များနေလို့ သင့်ကလေးငြိမ် အောင် ကာတွန်းကားကို သုံးနာရီလောက်ကြာကြာ ဖွင့်ထားပေးခဲ့ပြီးမှ ဒီနေ့မှာ ကလေးက ကာတွန်းကား ကြည့်ချင်တာကို မကြည့်ရလို့ငိုပြီး သောင်းကျန်းနေ တာကို ကလေးဆိုးတယ်ဆိုပြီး ဒဏ်ပေးတာမျိုး ပြုလုပ်မိပါသလား။

ဘာကြောင့်ဖြစ်သလဲ
ကလေးတွေက သူတို့စိတ်ဝင်စားတဲ့အရာတွေ အတွက် ချမှတ်ထားတဲ့ ဥပဒေကို အမြဲတမ်း သတိရ နေတတ်ပြီး သူတို့က အခြေအနေတွေ ပြောင်းလဲတာ ကို နားမလည်တတ်ပါဘူး။ ဒါကြောင့် သင်အရင်နေ့ က သူတို့ကို စိတ်ကျေနပ်အောင် ပြုလုပ်ထားတဲ့ အရာတွေကို နောက်တစ်နေ့မှာ မရရှိခဲ့ရင် သူတို့ စိတ်ကျေနပ်မှုမရှိကြတော့တာပါ။

ဘာပြုလုပ်သင့်သလဲ
အကန့်အသတ်ထားမယ်ဆိုရင်လည်း (ဥပမာ တီဗီကြည့်ချိန်၊ ဖုန်းနဲ့ကစားချိန်) တစ်သမတ်တည်း သတ်မှတ်ထားရပါမယ်။ အလုပ်ရှုပ်လို့ မိမိအလုပ် အေးအေးဆေးဆေး လုပ်နိုင်အောင် လွှတ်ပေးတာ မျိုး၊ အလုပ်မရှုပ်တဲ့အချိန်ကျမှ သူတို့လိုချင်တာက မသင့်တော်တဲ့အတွက် ပေးမလုပ်တော့တာမျိုးတွေ မလုပ်ပါနဲ့။
ပစ္စည်းများကို ပစ်ပေါက်ခြင်း

သင့်ကလေးငယ်တွေက ခဲတံ၊ ကစားစရာ အစ ရှိတာတွေကို လွှင့်ပစ်တတ်ပါတယ်။ သူတို့ရဲ့ ချိုလိမ် ကိုတောင်မှ ကြမ်းပြင်ပေါ်ကိုပစ်ချပြီး သင်က သူတို့ ကို ပြန်ကောက်မပေးမချင်း ငိုတတ်ကြပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ
ကလေးငယ်တွေဟာ ရုတ်တရက် စိတ်ထဲမှာ ဖြစ်ပေါ်လာတာတွေကို ပြုလုပ်တတ်တဲ့အကျင့်ရှိပြီး သူတို့ရဲ့ ဦးနှောက်က ကောင်းစွာမဖွံ့ဖြိုးသေးတဲ့ အတွက် ဒါကို သူတို့မထိန်းချုပ်နိုင်ပါဘူး။
ဒါ့အပြင် ပစ္စည်းတွေကို လွှင့်ပစ်တာက ကလေးငယ်တွေအနေနဲ့ သူတို့ရဲ့လှုပ်ရှားမှုစွမ်းရည် အတွက် အလေ့အကျင့်ပြုလုပ်နေတာပါ။
ကလေးငယ်တွေက ပစ္စည်းတစ်ခုကို လွှင့်ပစ်တဲ့ အခါ ဖြစ်ပေါ်လာမယ့်အကျိုးနဲ့အကြောင်း ဆက်စပ်မှု ကိုလည်း လေ့လာနေတာပါ။ (ဥပမာအားဖြင့် လွှင့် ပစ်လိုက်တာကြောင့် ပစ္စည်းအောက်ကို ပြုတ်ကျသွား တာ)

ဘာပြုလုပ်သင့်သလဲ
ဘယ်ပစ္စည်းက လွှင့်ပစ်သင့်သလဲ၊ ဘယ်ပစ္စည်း ကို မလွှင့်ပစ်သင့်ဘူးလဲဆိုတာ သေချာရှင်းပြပါ။ နှစ်နှစ်အရွယ် ကလေးတစ်ယောက်က ဒါကို နား လည်နေပါပြီ။

အစာစားချင်စိတ်မရှိခြင်း

သင့်ကလေးငယ်ဟာ အရင်တုန်းက ဘာအစား အစာကိုပဲကျွေးကျွေး စားတတ်ပေမယ့် အခုနောက် ပိုင်း သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာဖြစ်နေရင် တောင်မှ အစာစားဖို့ငြင်းဆန်နေတတ်ပါတယ်။ သူတို့ပန်းကန်ထဲမှာ သူတို့စားဖို့ ထည့်ထားတဲ့အစား အစာတွေကိုလည်း ချန်ထားတတ်ကြပါတယ်။

ဘာကြောင့်ဖြစ်သလဲ
အစာစားချင်စိတ် လျော့ကျနေတာက သွား ပေါက်တာ၊ ကစားချင်စိတ်ပြင်းပြနေတာ ဒါမှမဟုတ် ပင်ပန်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ အစားအစာ အသစ်တွေကို ကျွေးတဲ့အခါမှာလည်း ကလေးရဲ့ စားသောက်မှုပုံစံ ပြောင်းလဲသွားနိုင်တယ်လို့ ကလေး အထူးကုဆရာဝန်တွေရဲ့ လေ့လာမှုအရ သိရပါ တယ်။ ကလေးတွေက သူတို့စားနေကျအစားအစာ ကိုသာ ကြိုက်နှစ်သက်ကြပြီး အစားအစာအသစ် တွေကို ငြင်းဆန်တတ်ကြတာက သဘာဝပါပဲ။ အဲဒါ ကိုမှ အတင်းအကျပ်ကျွေးနေမယ်ဆိုရင် အခြေအနေ ပိုမိုဆိုးရွားဖို့ပဲ ရှိလာပါလိမ့်မယ်။

ဘာပြုလုပ်သင့်သလဲ
ကလေးမစားချင်ရင် အတင်းမကျွေးပါနဲ့။ အသက်နှစ်နှစ်ပြည့်တဲ့ကလေးတွေက သူတို့ဗိုက် တင်းနေတယ်ဆိုတာကို နားလည်ကြပါတယ်။ အစား အစာအသစ်ကို နည်းနည်းစီသာ ဖြည်းဖြည်းချင်း ကျွေးသွားပါ။
အမြဲတမ်းဂျီကျနေတတ်ခြင်း

ကလေးတွေ ရုတ်တရက်ဂျီကျ လာရင် မိခင်တွေက ဘာလုပ်ရမှန်းမသိ ဖြစ်လာတတ်ပါတယ်။ အစကတော့ သူတို့လိုချင်တာမရလို့ ငိုယိုရင်းနဲ့ သူတို့ ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့တာပါ။ လူအများရှေ့ရောက်ရင် ပိုဆိုးပါတယ်။ တစ်ခါတလေကျရင် သူတို့ကို အငိုတိတ် အောင်ပြုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ
စိတ်ခံစားချက်ပြင်းထန်တာ၊ ပင် ပန်းနွမ်းနယ်နေတာ၊ ဗိုက်ဆာနေတာတွေ ကြောင့် ဖြစ်တတ်ပါတယ်။ လူကြီးတွေက စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပေမယ့် ကလေးငယ်တွေရဲ့ ဦးနှောက်တွေက ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့အတွက် မထိန်း ချုပ်နိုင်သေးတာပါ။

ဘာပြုလုပ်သင့်သလဲ
ကလေးငယ်တွေကို ဒီလိုဂျီကျနေ လို့ သူတို့ကို ပိုပြီးဂရုစိုက်နေမှာ မဟုတ် ဘူးဆိုတာ သိအောင်ရှင်းပြပါ။ ကလေးငို ချင်နေပါစေ၊ သူတို့ဘာသာသူတို့ တိတ် အောင် အချိန်တစ်ခုပေးလိုက်ပါ။

Bonus Tips

စိတ်ခံစားချက်ပြင်းထန်တဲ့ကလေးငယ်တွေကို ဘယ်လိုထိန်းချုပ်မလဲ

အမေရိကန်မှ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ စာအကျယ်ကြီးဖတ်ပြ တာက ကလေးငယ်တွေရဲ့ စိတ်ခံစား ချက်ပေါ်မှာ သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ဒီလေ့လာမှုအရ မိဘတွေ က မိမိကလေးငယ်တွေကို စာဖတ်ပြတဲ့ အခါမှာ ကလေးငယ်တွေရဲ့ အလိုမကျမှု တွေကလည်း လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေ ပုံပြင်နား ထောင်တာက သူတို့ရဲ့စိတ်ခံစားချက်နဲ့ အပြုအမူကို ထိန်းချုပ်နိုင်စွမ်းနဲ့ တိုက် ရိုက်ဆက်စပ်မှုရှိတာကြောင့်လို့ ဆိုပါ တယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal