ပရိုတင်းနှင့်ပတ်သက်သော အယူအဆအမှားများ

ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ သန်မာကြီးထွားဖို့ တစ်သျှူးတွေ ပြန်လည်ပြု ပြင်ဖို့နဲ့ အရိုးနု၊ အရေပြားနဲ့ သွေးတွေကို တည်ဆောက်နိုင်ဖို့အတွက် ခန်္ဓာကိုယ်က ပရိုတင်းကို လိုအပ်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်အတွက် အရေးကြီးပစ္စည်းဖြစ် တာကြောင့် ကျွန်မတို့အနေနဲ့ ပရိုတင်းကို ပမာဏတစ်ခုအထိ ရရှိဖို့ လိုအပ်ပါတယ်။ ပရိုတင်းနဲ့ပတ်သက်လာရင် တချို့တလေမှာ လွဲမှားတဲ့အယူအဆတွေ ရှိနေတတ်ကြ တာကြောင့် ပရိုတင်းကို လုံလုံလောက်လောက် မရရှိတတ်ကြပါဘူး။ အောက်ပါတို့ ဟာ ပရိုတင်းနဲ့ပတ်သက်တဲ့ အယူအဆအမှားတွေသာ ဖြစ်ပါတယ်။

အယူအဆအမှား (၁)
ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် ပရိုတင်းကို လျှော့စားဖို့ လိုအပ်ပါတယ်
ပရိုတင်းစားသုံးမှုကို လျှော့ချလိုက်တာနဲ့ သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိ ခိုက်သွားနိုင်ပါတယ်။ သင်ဟာ ကိုယ်အလေးချိန်ကို လျှော့ဖို့ ကြိုးစားနေသူဖြစ်ပြီး ပရိုတင်းလုံလုံလောက်လောက် မစားသုံးခဲ့ရင် သင့်အလေးချိန်လျှော့ချတဲ့စီမံချက် ကလည်း ခက်ခဲနိုင်ပါတယ်။ သင်ရဲ့ ခန္ဓာကိုယ်၊ အရပ်အမောင်းနဲ့ အလေးချိန်အချိုး အစားပေါ်မှာ မူတည်ပြီး ပရိုတင်း ဘယ်လောက်ပမာဏစားသုံးရမယ်ဆိုတာကို အာဟာရဆိုင်ရာ ဆရာဝန်က ညွှန်ပြပေးနိုင်ပါတယ်။

အယူအဆအမှား (၂)
ပရိုတင်း စားသုံးမှုများတာက ကျောက်ကပ်ရောဂါဖြစ်စေပါတယ်
ပရိုတင်းကို အလွန်အကျွံစားသုံးတာက နဂိုကျောက်ကပ်ရောဂါအခံရှိသူတွေ မှာသာ ကျောက်ကပ်ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် သင့်မှာ ကျောက်ကပ် ဒါမှ မဟုတ် အသည်းရောဂါရှိနေတယ်ဆိုရင် စားရမယ့် ပရိုတင်းပမာဏကို ဆရာဝန်နဲ့ မေးမြန်းပါ။

အယူအဆအမှား (၃)
သက်သတ်လွတ်စားသမားတွေက ပရိုတင်းကို လုံလုံလောက်လောက် မရနိုင်ပါဘူး
သက်သတ်လွတ်စားသူတွေအတွက်လည်း ပရိုတင်းရရှိနိုင်တဲ့အစားအစာတွေ အများကြီးရှိပါတယ်။ တိုဟူး၊ ပဲနီလေး၊ မြေပဲ၊ ဆင်ခေါင်းပဲ၊ ကုလားပဲခြမ်း၊ ပဲဝါလေး၊ အာလူးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ပရိုတင်းများစွာ ပါဝင်ပါတယ်။ သင့်အနေနဲ့ သင်စားတဲ့အစားအစာတွေထဲမှာ ပရိုတင်းပါဝင်တဲ့အစားအစာတွေဖြစ် ဖို့ ဒါတွေကို သတိပြုပြီး ရွေးချယ်စားသုံးပါ။

အယူအဆအမှား (၄)
လူတိုင်း ပရိုတင်းအားဖြည့်ဆေးကို မှီဝဲဖို့ လိုအပ်ပါတယ်
ပရိုတင်း ပြည့်ပြည့်၀၀ရရှိနေသူတွေအတွက် ပရိုတင်းအားဖြည့်ဆေးကို အမှန်တကယ်တော့ မလိုအပ်ပါဘူး။ သင့်အတွက် ပရိုတင်းပမာဏ ဘယ်လောက် လိုအပ်လဲဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ပရိုတင်းလိုအပ်ချက်က တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ အသက်အရွယ်၊ ကျားမ၊ အလုပ်အ ကိုင်နဲ့ ဘ၀နေထိုင်မှုပုံစံကို အခြေခံပြီး ကွဲပြားသွားနိုင်ပါတယ်။

အယူအဆအမှား (၅)
ပရိုတင်းရဲ့အဓိကတာဝန်က ကြွက်သားတွေ တည်ဆောက်ဖို့သာ ဖြစ်ပါတယ်
ပရိုတင်းမှာ အမိုင်နိုအက်စစ်တွေ ပေါကြွယ်ဝစွာ ပါဝင်တဲ့အတွက် သူတို့ကို ကြွက် သားတွေမှာသာ တွေ့မြင်ရတာ မဟုတ်ပါဘူး။ အရိုး၊ အမွေးအမှင်၊ အရွတ်နဲ့ အဆစ် တွေအတွက်လည်း အသုံးဝင်ပါတယ်။ သွေးတွင်း မကောင်းတဲ့ကိုလက်စထရော (LDL) နဲ့ ကောင်းတဲ့ကိုလက်စထရော (HDL) ပါဝင်မှုအဆင့်ကလည်း သွေးတွင်းမှာ ရှိနေတဲ့ပရိုတင်း ပါဝင်မှုပမာဏပေါ်မှာ မူတည်ပါတယ်။ ပရိုတင်းဟာ ခုခံအားစနစ်ကို သန်မာစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့လည်း ကူညီနိုင်ပါတယ်။ ပြော ရမယ်ဆိုရင် ပရိုတင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးကြီးပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *