ဗီတာမင်အယူအဆမှားများ

သက်လတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကိုလေ့လာကြည့်တဲ့အခါမှာ လူဦးရေ ၂၄၀၀၀ လောက်မှာ ၈၈ ရာခိုင်နှုန်းသော အမျိုးသမီးတွေနဲ့ ၈၁ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ ဗီတာမင်အားဆေးတွေ သောက်ကြတာကို တွေ့ရပါတယ်။ အဲလိုသိရတာနဲ့အတူ ဒီဖြည့်စွက်စာတွေ၊ ဆေးတွေကို သောက်ပုံသောက်နည်းတွေ မှားနေတာကိုပါ တွေ့နေရပါတယ်။ ဘယ်လိုမှားတာလဲဆိုတော့ လိုတာထက် ပိုသောက်တာ၊ လျော့သောက်တာ၊ သောက်တဲ့အချိန်မှားနေတာ၊ အစာမစားခင်လား၊ စားပြီးမှလား မသေချာဘဲ ဆေးနဲ့တွဲမသောက်သင့်တဲ့ အစားစာတွေ၊ ဆေးတွေကိုပါ တွဲသောက်နေကြတာပါ။

 

နံပတ် (၁) တွေ့ရတဲ့အမှားတစ်ခုကတော့ ကိုယ်သောက်တဲ့ ဗီတာမင် dose အရမ်းနည်းနေတာပါ။ ဒီအာဟာရဓာတ်တွေ (ဗီတာမင်နဲ့သတ္တုဓာတ်) တွေဟာ အူလမ်းကြောင်းကနေ တစ်ခုကို စုပ်ယူမှုနှုန်းကို နောက်တစ်ခုက သွားဟန့်တားတတ်ပါတယ်။ ဥပမာ ဆိုရင် – သံဓာတ်ဟာ ဇင့်ဓာတ်စုပ်ယူမှုကို ပိတ်ပင်ဟန့်တားပါတယ်။ ဒါကြောင့် သံဓာတ်များများသောက်လေလေ၊ ကိုယ့်မှာ ဇင့်ဓာတ် လျော့နည်းလေလေပါပဲ။ ဒါဆိုရင် ဇင့်ဓာတ်ကို နည်းနည်းမဟုတ်ဘဲ တိုးသောက်သင့်ပါတယ်။ အကောင်းဆုံးကတော့ multivitamins အားဆေးတွေသောက်တဲ့အခါ နေ့စဉ်လိုအပ်ချက်တွေကို ၁၀၀ ရာခိုင်နှုန်းဖြည့်ပေးတဲ့ ပမာဏ (အာဟာရာဓာတ်ချို့တဲ့တာကို ကာကွယ်နိုင်တဲ့ level) လောက်မဟုတ်ဘဲ အူနံရံတွေက စုပ်ယူနှုန်းကို ပိတ်ပင်တာတွေအတွက်ပါ ပိုသောက်စေချင်ပါတယ်။

 

နံပတ် (၁)အမှားက သောက်တာနည်းတာဆိုရင် နံပတ် (၂) ကတော့ သောက်တာများတာပါပဲ။ ဥပမာပြောရရင် အသားအရေလှချင်တာနဲ့ ဗီတာမင် အီး၊ ဗီတာမင် အေကို အများကြီးသောက်ကြပါ တယ်။ ဒီလိုအများကြီးသောက်တာဟာ အရမ်းအန္တရာယ်များပါတယ်။ ဗီတာမင် အေကို ၃၀၀၀ IU ထက်ပိုသောက်ရင် အရိုးပွရောဂါဖြစ်လာပါလိမ့်မယ်။ ဗီတာမင် အီးလည်း အဲလောက်ထိများလာရင် အဆိပ်သင့်လာပါလိမ့်မယ်။ အသင့်တော်ဆုံးကတော့ ဗီတာမင် အေ 3000 IU ထက်ပိုမပါတဲ့(ရယ်တီနော နဲ့ ဘီတာကယ်ရိုတင်း တဝက်စီပါတဲ့)၊  ဗီတာမင်အီး 100 IU ထက်များတဲ့ အားဆေးမျိုးကို ရွေးခြယ်သောက်သုံးပါ။

 

နောက်တစ်ခုကတော့ တစ်နေ့သောက်တဲ့ အကြိမ်အရေအတွက်ပါ။ အများစုကတော့ တစ်နေ့ နှစ်ကြိမ်သော်လည်းကောင်း၊ သုံးကြိမ်သော်လည်းကောင်း သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒါလူတိုင်းနဲ့ အဆင်မပြေပါဘူး။ ကျွန်မတို့ ခန္ဓာကိုယ်မှာ သွေးတွင်းကအာဟာရဓာတ်တွေရှိ ပါသေးတယ်။ တချို့ ဗီတာမင်တွေက အဆီမှာပျော်ဝင်တာမို့ မနက်စာစားပြီးတဲ့အချိန်မှာ အားဆေးသောက်မယ်ဆိုရင် အူနံရံက စုပ်ယူအားအကောင်းဆုံးပါပဲ။ မဂ္ဂနီစီယမ်လို ဖြည့်စွက်ဆေးတွေသောက်မယ်ဆိုရင်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာမို့ အိပ်ခါနီးသောက်တာ ပိုကောင်းပါတယ်။ Magnesium glycinate နဲ့ magnesium malate  တခြား magnesium တွေထက်ပိုပြီး သက်ရောက်မှုကောင်းစေပါတယ်။

 

နံပတ် (၃)အမှားကတော့ သောက်တဲ့ ဗီတာမင်ဆေးပုံစံရွေးခြယ်တာပါ။ ဗီတာမင်ဆေးတွေက ပုံစံအမျိုးမျိုးနဲ့လာပါတယ်။ Tablets ဆေးပြား၊ Caplets ကပ်စူးပုံစံဆေးပြား၊ Capsules၊ Chewables ဝါးစားလို့ရတဲ့ပုံစံ၊ Softgels ၊ Liqyids ရည်၊ Powders အမှုန့် ဆိုပြီးပေါ့။ အဲဒီထဲမှာမှ ဆေးပြားတွေက ပျော်ဝင်မှုနှုန်းနည်းတာကြောင့် သိပ်မကောင်းဘူးဆိုရပါမယ်။ ပေါင်ဒါမှုန့်ပုံစံကတော့ အကောင်းဆုံးပါ။ စုပ်ယူမှုအားလည်းကောင်းပါတယ်။ ရေနဲ့ဖျော်သောက်လိုက်ရုံပါပဲ။ ၀ါးစားရတဲ့ဆေးပြားလေးတွေက လည်း ကောင်းတယ်ဆိုရပါမယ်။

 

နံပတ် (၄)အမှားကတော့ ကယ်လ်စီယမ်ဖြည့်စွက်ဆေးတွေ သောက်ကြတာပါ။ ကယ်လ်စီယမ်တွေ သောက်လို့ အရိုးကျိုးတာတာကို မကာကွယ်နိုင်တဲ့အပြင် heart attack ဖြစနိုင်ချေနဲ့ လေဖြတ်၊ လေဖြန်းနိုင်ခြေပါ မြင့်တက်စေပါသတဲ့။ ဒါကြောင့် ဖြည့်စွက်ဆေးတွေ သောက်မယ့်အစား ကယ်လ်စီ ယမ်ဓာတ်ကြွယ်စွာပါတဲ့ အစားသောက်တွေစားစေချင်ပါတယ်။ ဥပမာ – တစ်နေ့ နှစ်ကြိမ်လောက် နို့နဲ့ နို့ထွက်အစားစာတွေစားပေးတာမျိုးပေါ့။ ပန်းဂေါ်ဖီစိမ်း၊ အယ်လ်မွန်စေ့၊ အစိမ်းရောင်ဟင်းသီး ဟင်းရွက်၊ အရိုးပါဝါးစားနိုင်တဲ့ ငါးကလေးအပါဝင် ငါးအမျိုးမျိုး၊ ပဲ စတာတွေကို စားသုံးတာက ဖြည့်စွက်ဆေးတွေသောက်တာထက် ပိုဘေးကင်းစိတ်ချရပါတယ်။

 

နံပတ် (၅)အမှားက – ကိုယ်သောက်နေတဲ့ဆေးတွေက ဗီတာမင်ဓာတ်တွေကို ချို့တဲ့စေတာ မသိကြတာပါပဲ။ တချို့ဆေးတွေက အူလမ်းကြောင်းကနေ ဗီတာမင်ဓာတ်တစ်ခုခုစုပ်ယူတာကို သွားပိတ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် metformin ဆီးချိုဆေးသောက်တဲ့သူတွေမှာ ဗီတာမင် ဘီ ၁၂ ဓာတ် ချို့တဲ့တတ်ပါတယ်။ ဒါကြောင့် ရေရှည်စွဲသောက်နေသူတွေမှာ အာရုံကြောအားနည်း တာမျိုး ဖြစ်တတ်တာမို့ ဗီတာမင် ဘီ ၁၂ အနည်းဆုံး 200mcg လောက်ပါတဲ့ multivitamins အားဆေးနဲ ပြန်တွဲသောက်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဆေးတစ်ခုခု စွဲသောက်တော့မယ်ဆိုရင် တခြားဘယ်လို အားဆေးတွေ ထပ်ဖြည့်သောက်သင့်တယ်ဆိုတာ ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါလိမ့်မယ်။

 

မေတ္တာဖြင့်

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *