ဘာကြောင့် ဆီးကျဉ်ရပါသလဲ ?

အမျိုးသမီး ငါးယောက်မှာ တစ်ယောက်နှုန်းခန့်က ဘ၀မှာ တစ်ကြိမ်တစ်ခါတော့ ဆီးကျဉ်တဲ့ဝေဒနာ ခံစားရဖူးမှာပါ။ အမျိုးသမီးတွေရဲ့ ဆီးထွက်ပြွန်ဟာ တိုတောင်းလွန်းတဲ့အတွက် ပိုးမွှားတွေက ဆီးလမ်းကြောင်းတစ်လျှောက်အတွင်း အလွယ်တကူ ၀င်ရောက်သွားနိုင်တာကြောင့်ပါ။ အောက်ပါတို့ဟာ ဆီးကျဉ်တာ အဖြစ်များတဲ့အကြောင်းရင်းတွေနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။

♥ လိင်ဆက်ဆံခြင်း
လိင်ဆက်ဆံတဲ့အခါမှာ ၀မ်း ဒါမှမဟုတ် မိန်းမကိုယ်အတွင်းက ဘက်တီးရီးယား ပိုးတွေက ဆီးထွက်ပိုက်ထဲကို အလွယ်တကူ ၀င်ရောက်သွားနိုင်တာကြောင့်ပါ။
#ဖြေရှင်းနည်း
လိင်ဆက်ဆံပြီး မိနစ် ၃၀ အတွင်းမှာ ဆီးသွားပါ။ လိင်မဆက်ဆံခင်နဲ့ လိင်ဆက်ဆံအပြီးမှာ မိန်းမကိုယ်နေရာနဲ့ အမျိုးသားရဲ့ လိင်အင်္ဂါနေရာတွေကို ဆေးကြော ရမယ်ဆိုတဲ့နည်းကတော့ မပြုလုပ်သင့်ပါဘူး။ ဘက်တီးရီးယားပိုးမွှားတွေ အပြောင်း အလဲဖြစ်ပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုမြင့်မားနိုင်တာကြောင့်ပါ။

♥ ၀မ်းချုပ်ခြင်း
ဝမ်းချုပ်တဲ့အခါမှာ ဆီးအိတ်ထဲက ဆီးကို ကုန်စင်အောင် ထုတ်ဖို့ ခက်ခဲသွားနိုင်တဲ့အတွက် ဆီးကျန်အတွင်းမှ ဘက်တီးရီးယားတွေ ပေါက်ဖွားနှုန်းက အလွန်များ ပြားသွားနိုင်တာကြောင့် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်သွားနိုင်ပါတယ်။ ၀မ်း ပျက်ဝမ်းလျှောဖြစ်တဲ့အခါမှာလည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ မြင့်မားပါတယ်။ မစင်က ဘက်တီးရီးယားတွေက ဆီးထွက်ပြွန်နဲ့ မိန်းမကိုယ်အတွင်း ၀င်ရောက်ဖို့ လွယ်ကူသွားတာကြောင့်ပါ။
#ဖြေရှင်းနည်း
ဝမ်းသွားပြီး တစ်သျှူးအသုံးပြုခဲ့ရင် အရှေ့မှ အနောက်သို့ သုတ်ပေးပါ။

♥ ဆီးချိုရောဂါမထိန်းနိုင်ခြင်း
ဆီးချိုရောဂါကို မထိန်းနိုင်ရင် သွေးတွင်းသကြားဓာတ်တွေ အလွန်မြင့်မားတဲ့ အတွက် ပိုလျှံနေတဲ့သကြားတွေက ဆီးထဲကို ရောက်ရှိသွားပါတယ်။ ဒီလိုဖြစ်တာဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အကောင်းဆုံးအနေအထားပါ။
#ဖြေရှင်းနည်း
ဆီးချိုမတက်အောင် တတ်နိုင်သမျှထိန်းပါ။

♥ ဆီးအောင့်ထားခြင်း
ဆီးမသွားဘဲ ခြောက်နာရီလောက် အောင့်ထားတာက ဆီးလမ်းကြောင်း ပိုးဝင် နိုင်ခြေ အလွန်မြင့်မားပါတယ်။ ဆီးအိတ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ပေါက် ဖွားဖို့အတွက် အချိန်အများကြီးရရှိသွားတာကြောင့်ပါ။
#ဖြေရှင်းနည်း
ခရီးထွက်ရင် ဆီးအောင့်မထားပါနဲ့။ လမ်းခရီးရပ်နားစခန်းမှာ ဆီးသွားချင်သည် ဖြစ်စေ၊ မသွားချင်သည်ဖြစ်စေ ဆီးသွားလိုက်ပါ။

♥ ရေဓာတ်မလုံလောက်ခြင်း
ရေများများသောက်တာက ရေငတ်ပြေရုံသာမက ဆီးလမ်းကြောင်းထဲမှာရှိနေတဲ့ ရောဂါပိုးတွေကို ရှင်းထုတ်ပြီးသား ဖြစ်သွားပါတယ်။

♥ သန္ဓေတားနည်း အသုံးပြုခြင်း
သန္ဓေတားနည်းအသုံးပြုတဲ့အတွက် ခန္ဓာကိုယ်အတွင်း ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်တာကြောင့် မိန်းမကိုယ်အတွင်း ဘက်တီးရီးယားတွေရဲ့ ပုံစံမှာ ပြောင်းလဲ သွားပြီး ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်နိုင်ပါတယ်။

♥ အမျိုးသမီးလစဉ်သုံးပစ္စည်း အသုံးပြုခြင်း
ဓမ္မတာလာစဉ်မှာ သင်အသုံးပြုတဲ့ အမျိုးသမီးလစဉ်သုံးပစ်္စည်းတွေက မသန့်ရှင်းခဲ့ရင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ မြင့်မားပါတယ်။
#ဖြေရှင်းနည်း
လစဉ်သုံးပစ္စည်းကို ခဏခဏ လဲပေးပါ။ ချည်သားအတွင်းခံဘောင်းဘီကိုသာ ၀တ်ဆင်ပါ။ ချွေးမစုပ်နိုင်တဲ့ နိုင်လွန်သားဘောင်းဘီတွေကြောင့် ထွက်ရှိလာတဲ့ အစိုဓာတ်တွေက ဘက်တီးရီးယားပေါက်ဖွားနှုန်း ပိုများစေနိုင်ပါတယ်။

♥ ကျောက်ကပ်ကျောက်တည်ခြင်း
ကျောက်ကပ်အတွင်း ကျောက်ရှိနေတာကြောင့် ဆီးသွားတဲ့လမ်းကြောင်းကို ပိတ်ဆို့နေတဲ့အတွက် ဆီးမထွက်နိုင်ဘဲ ဘက်တီးရီးယားတွေ ပွားများဖို့ အချိန်ပိုရရှိ သွားပါတယ်။
#ဖြေရှင်းနည်း
ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်သလို ကုသပါ။

♦ ဒေါက်တာခင်မိုးမိုး ♦

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *