မိဘများနှင့် ကျောင်းသားများသိရှိစေရန် စာမေးပွဲကာလအတွက် Tips!

အတန်းတင်စာမေးပွဲကြီး စစ်တဲ့အချိန်ကာလဟာ မိဘနဲ့ ကျောင်းသားတွေအနေနဲ့ တစ်နှစ်တာလုံးအတွက် စိတ်ဖိစီးမှုအများဆုံးအချိန်ပါ။ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်ရတာတွေ၊ မိဘတွေက မိမိကလေးကို ဖြစ်စေချင်လွန်းတဲ့စိတ်ဆန္ဒတွေကြောင့် ကျောင်းသားတွေမှာ
လိုအပ်တာထက် ပိုပြီး စိတ်ဖိစီးမှုများနေတတ်ကြပါတယ်။ တစ်နှစ်တာလုံး ကြိုးစားထားသမျှဟာ နာရီပိုင်းလောက်စစ်ဆေးခံရရုံနဲ့ ကလေးတွေရဲ့ ဘ၀ပြောင်းလဲသွားနိုင်ပါတယ်။ ဒီအချိန်မှာ ကလေးတွေမှာ စိုးရိမ်စိတ်တွေ၊ ဖိစီးမှုတွေ သိပ်များလွန်းနေရင် ကလေးတွေရဲ့
လေ့လာထားသမျှစာတွေဟာ စာမေးပွဲချိန်အတွင်း ထင်သလောက် ဖြေနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် သူတို့ရဲ့ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးတောင် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကလေးမိဘတွေနဲ့ ကလေးတွေ စာမေးပွဲအချိန်ကာလအတွင်း သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိဘများအတွက် Tips

♦  မိမိကလေးကို စာကျက်နေစဉ်အတွင်းမှာ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့နည်းအောင် ထားပေးရပါမယ်။
♦  စာမေးပွဲကာလအတွင်းမှာ မိဘတွေက ကလေးတွေကို အေးအေးဆေးဆေး စာကျက်နိုင်အောင် ဆိတ်ငြိမ်တဲ့နေရာမှာ တစ်ယောက်တည်း သီးသန့်ထားထားပေးလေ့ရှိပါတယ်။ သင့်ကလေးတွေအနေနဲ့ စိတ်ငြိမ်ပြီး စာပေါ်မှာ အာရုံစူးစိုက်ဖို့ လိုအပ်ပေမယ့်
အချိန်အကြာကြီး တစ်ယောက်တည်းထားဖို့တော့ မသင့်တော်ပါဘူး။ သူ့အနေနဲ့ အချိန် တစ်နာရီလောက် ကစားချင်တယ်ဆိုရင် ပေးကစားလိုက်ပါ။
♦  ဒီအချိန်မှာ သင့်ကလေးငယ်နေတဲ့အခန်းက ရှုပ်ပွနေရင် သူ့ကို မဆူလိုက်ပါနဲ့။ နဂိုကတည်းက စာမေးပွဲအတွက် စိတ်ဖိစီးမှုရှိနေတဲ့အထဲ ဘယ်အကြောင်းကြောင့်နဲ့မှ ဖိစီးမှု ထပ်မပေးပါနဲ့တော့။
♦  ကလေးတွေအပေါ်မှာ မိဘတွေရဲ့ ဖိအားမရှိရင်တောင်မှ သူ့ဟာသူ စာမေးပွဲအရှိန်နဲ့ အလိုလို ဖိစီးမှုရှိနေပြီးသား ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်ချက် ပိုပြင်းထန်လာအောင် အားပေးပါ။ စာမေးပွဲဆိုတာ ဘ၀တစ်ခုလုံးရဲ့ အဆုံးအဖြတ်မဟုတ်ဘူးဆိုတာကို
နားလည်အောင် ရှင်းပြပေးပါ။
  မိမိကလေးနဲ့အတူ တရားထိုင်ပါ။ ကလေး ဘာစားလဲ၊ ဘယ်လောက်အနားယူလဲဆိုတာကို မျက်ခြည်မပြတ် စောင့်ကြည့်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆာပြေစာတွေ ကျွေးပါ။
  အိပ်ချိန် လုံလုံလောက်လောက်ဖြစ်အောင် တိုက်တွန်းပါ။
♦  မိမိကလေးကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး မပြောပါနဲ့။ ကလေးတစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတဲ့အရာချင်း မတူပါဘူး။ တစ်နေရာမှာ တခြားလူတွေထက် လျော့ကျနေပေမယ့် တခြားတစ်နေရာမှာ ထူးချွန်ကောင်း ထူးချွန်နိုင်ပါလိမ့်မယ်။ သင့်ကလေး
ဝါသနာပါရာကို လေ့လာပြီး မြေတောင်မြှောက်ပေးပါ။

ကျောင်းသူကျောင်းသားများအတွက် Tips

♦  ကလေးတွေအနေနဲ့ စိတ်ဖိစီးမှုအနည်းငယ်ရှိပြီး စိုးရိမ်စိတ်များနေတာက ပုံမှန်ပါပဲ။
  ကလေးတွေအနေနဲ့ သူတို့လုပ်ဆောင်ချက်ကို အကောင်းဆုံးဖြစ်စေချင်ကြမှာပါ။ ဒါပေမဲ့ စိတ်ဖိစီးမှုများလွန်းတာက စာမေးပွဲဖြေဆိုတဲ့အချိန်မှာ မကောင်းပါဘူး။ ကျက်ထားတဲ့စာတွေကို မေ့သွားနိုင်သလို သင်္ချာဖြေဆိုရာမှာလည်း ခက်ခဲတဲ့ပုစ္ဆာတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာ မဟုတ်တော့ပါဘူး။
  ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားပါ။  အိပ်ချိန်ရအောင် ယူပါ။ တချို့ကျောင်းသားတွေက မအိပ်ဘဲ စာမေးပွဲခန်းရောက်ခါနီးအထိ စာကျက်နေတတ်ကြတာက ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ စာတွေ ရောထွေးသွားနိုင်ပြီး စာမေးပွဲခန်းထဲမှာလည်း
အိပ်ငိုက်နိုင်ပါတယ်။
♦  မိမိဝါသနာပါရာ (ဥပမာ သီချင်းဆိုတာလိုမျိုး)ကို ခေတ္တခဏ ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်တာကြောင့် စာကျက်တဲ့အခါမှာ ငြီးစီစီဖြစ်မနေတော့ပါဘူး။
  အမှတ်ကောင်းတယ်ဆိုတိုင်း အလုပ်ကောင်းကောင်းရနိုင်မယ်လို့ မဆိုလိုပါဘူး။ တချို့လူတွေက အမှတ်မကောင်းပေမဲ့လည်း လုပ်ငန်းခွင်မှာ ချမ်းသာသွားကြသူတွေ အများကြီးရှိပါတယ်။
  သင့်အနားမှာ သင်တိုင်ပင်နိုင်တဲ့ မိဘတွေ၊ မောင်နှမတွေ ရှိကြပါတယ်။ ဖိစီးမှုများတဲ့အခြေအနေတွေမှာ သူတို့က သင့်ကို ကောင်းကောင်းအကြံပေးနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *