မိမိကလေးငယ်၏ ကျန်းမာရေးအတွက် မိဘတို့ ပြုလုပ်သင့်သည့်အကြောင်းအရာများ

လမစေ့ကလေးငယ်တွေကို နှိပ်နယ်မှုပြုလုပ်ပေးတာက သူတို့ကျန်းမာရေးအတွက် အကျိုးများစွာရှိပြီး မျှော် မှန်းထားတဲ့ရက်ထက် ပိုမိုစောပြီး ဆေးရုံကနေ ဆင်းရနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ လမစေ့ကလေးငယ်တွေ ကို နှိပ်နယ်ပေးတဲ့ ကုထုံးကြောင့် သူတို့ရဲ့ ခုခံအားစနစ်တွေ သန်မာလာတာ၊ ဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်လာတာတွေ ဖြစ်လာပြီး ကျန်းမာရေးတွေ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်တယ်လို့ သိရပါတယ်။ ကလေးငယ်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ အ ထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဖိစီးမှုလျော့ကျအောင် ခြေဖဝါးကို နှိပ်ပေးပါ

ကလေးငယ်တွေ အီနေရင် မိဘတွေအနေနဲ့ သူတို့ရဲ့ ခြေဖဝါး ဒါမှမဟုတ် လက်ဖဝါးလေးတွေကို အသာအယာပွတ်တိုက်ပေးသင့်ပါတယ်။ ကလေး ငယ်တွေက ဒီ Reflexology ကို တုံ့ပြန်မှုအား ကောင်းပါတယ်။ ခြေဖဝါးကို အသာအယာနှိပ်ပေး တာကြောင့် ကလေးငယ်တွေ အလွယ်တကူ အိပ် ပျော်နိုင်တဲ့အတွက် နေ့စဉ်လုပ်နေကျအလုပ်တစ်ခု လိုမျိုး ပြုလုပ်ပေးသင့်ပါတယ်။

ပြုလုပ်နည်း
ခြေဖဝါးနွေးသွားအောင် သင့်လက်လေးနဲ့ အသာအယာပွတ်ပေးပါ။
ခြေဖဝါးကို တဖြည်းဖြည်း အသာအယာနှိပ်နယ် ရင်း ကလေးငယ်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပါ။
ကလေးရဲ့ ဖိစီးမှုတွေ လျော့ကျအောင် နေ့စဉ် အလုပ်တစ်ခုလို ပြုလုပ်ပေးပါ။

ကလေးငယ်ရဲ့ စိတ်ကျန်းမာရေးကောင်းမွန်အောင် သူတို့နဲ့ ထိတွေ့ပါ၊ ဂရုစိုက်ပါ


မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် မိမိကလေး ကို မိမိဂရုစိုက်ချင်မှာတော့ အမှန်ပါပဲ။ သိပ္ပံနည်းလမ်း အရလည်း မိဘတွေရဲ့ ထိတွေ့မှုနဲ့ ဂရုစိုက်မှုကိုများ များခံရတဲ့ကလေးငယ်တွေက အသက်ကြီးလာရင် စိတ်ကျန်းမာရေးပိုမိုကောင်းမွန်တယ်လို့ ထုတ်ဖော် ထားပါတယ်။ သူတို့ရဲ့ အာရုံကြောဆက်သွယ်မှုက အလွန် သန်မာတာကြောင့်ပါ။

ကလေးငယ်ရဲ့ ကျန်းမာရေးကောင်းမွန်အောင် နှိပ် ပေးပါ


အနှိပ်ခံတာက လူကြီးတွေအတွက် စိတ်ဖိစီးမှု လျော့ကျစေတာကြောင့် အသုံးများပါတယ်။ ကလေး ငယ်တွေမှာလည်း ဒီလိုတူညီတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေကို နှိပ်ပေးတာကြောင့် သူတို့မှာ လုံခြုံမှုအပြည့်အဝ ရရှိသလို လေထိုး၊ လေပွ၊ ဝမ်းချုပ်တာတွေ သက်သာ အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ် အနှိပ်ခံရတဲ့ လမစေ့ကလေးငယ်တွေက အရိုးနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

ပြုလုပ်နည်း
ကလေးငယ်ကို ပက်လက်သိပ်ထားပြီး ခေါင်း ကနေ ခြေဖဝါးအထိ သင့်လက်လေးနဲ့ အသာအယာ ပွတ်သပ်ကာ နှိပ်နယ်ပေးပါ။
ကလေးကို မှောက်လျက်ထားပြီး ခေါင်းကနေ ခြေဖဝါးအထိ နှိပ်ပေးပါ။
နှိပ်နယ်စဉ်မှာ ကလေးနဲ့ မျက်လုံးချင်းဆုံပြီး စကားပြောပေးပါ။
တစ်နေ့တာလုံးအတွက် အကြိမ်ကြိမ်ပြုလုပ် ပေးနိုင်ပါတယ်။
Baby Oil ဒါမှမဟုတ် ရနံ့ဆီ အနည်းငယ်ကို လိမ်းပြီး နှိပ်ပေးနိုင်ပါတယ်။

ကြွက်သားသန်မာဖို့အတွက် မိခင်ရဲ့ ရင်ဘတ်ပေါ် ကလေးကို မှောက်ထားပေးပါ


ဒီလိုအနေအထားက မိဘနဲ့ကလေးအတွက် ရင်းနှီးနွေးထွေးမှု ရရှိတာတစ်ခုတည်း မဟုတ်ပါဘူး။ ကလေးငယ်ရဲ့ ကြွက်သားသန်မာဖို့အတွက်ပါ ကူညီ နိုင်ပါတယ်။ ဒီလိုပြုလုပ်တဲ့အတွက် ကလေးငယ် ထိုင်ဖို့ ဒါမှမဟုတ် လေးဖက်သွားဖို့အတွက် အလွန် လွယ်ကူသွားနိုင်ပါတယ်။

ပြုလုပ်နည်း
မွေးမွေးချင်းမှာတောင် ပြုလုပ်ပေးနိုင်ပါတယ်။ သင့်ရင်ဘတ်ပေါ်မှာ ကလေးငယ်ကို ခေတ္တတင် ထားပါ။
တဖြည်းဖြည်း ရင်ဘတ်ပေါ်မှာ တင်ထားတဲ့ အချိန်ကို တိုးမြှင့်သွားပါ။
သင့်အနေနဲ့ ကလေးကို ရင်ဘတ် ပေါ်တင်ထား ချိန်မှာ သတိတော့ထားနေရပါမယ်။
ကလေးမှောက်ရမယ့်အချိန်ရောက်ရင် ကလေး က ကြမ်းပြင်ပေါ် အလွယ်တကူ မှောက်တတ်သွား ပါလိမ့်မယ်။
ကလေးခေါင်းမထောင်နိုင်သေးတဲ့အချိန်မှာ ကလေးရဲ့ ချိုင်းအောက်မှာ မျက်နှာသုတ်ပဝါလေးကို ခေါက်ပြီး ခံထားပေးရပါမယ်။

ကလေးငယ် စိတ်အေးချမ်းမှုရအောင် တုန်ခါသံနဲ့ သီချင်းသံတွေကို ပေးနား ထောင်ပါ

တုန်ခါသံတွေက ကလေးငယ်ငိုတဲ့အခါမှာ တိတ်အောင် ပြုလုပ်နိုင်ဖို့ အကောင်းဆုံးအသံဖြစ် ပါတယ်။ သီချင်းသံ အေးအေးလေးတွေကလည်း တူညီတဲ့ အကျိုးသက်ရောက်မှုရရှိပြီး ကလေးငယ် ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အလွယ်တကူ အိပ်ပျော်စေနိုင် ပါတယ်။ ဒါကြောင့် တုန်ခါသံတွေရရှိနိုင်တဲ့ အဝတ် လျှော်စက်၊ ဆံပင်ခြောက်စက်တွေက မိခင်တွေရဲ့ အသုံးဝင်ပစ္စည်းဖြစ်လာပါတယ်။

ပြုလုပ်နည်း
မွေးကင်းစကလေးထိုင်ခုံပေါ်မှာ ကလေးကို ထိုင်ခိုင်းပြီး အဝတ်လျှော်စက် နားမှာထားပါ။
ပြီးရင် အဝတ်လျှော်စက်ကို ဖွင့်လိုက်ပါ။

ကလေးငယ်အိပ်ပျော်အောင် ကလေးငယ် ကို ခေါ်ပြီး ကားထွက်စီးပါ


ကားရဲ့ ရွေ့လျားမှုက ကလေးငယ်တွေကို လွှဲသိပ်သလိုမျိုး ဖြစ်စေနိုင်ပါတယ်။ မိခင်ဝမ်းကြာ တိုက်ထဲ ရှိနေစဉ်မှာ မိခင်ရဲ့ လှုပ်ရှားမှုပြုလုပ်တဲ့အခါ ရရှိတဲ့ ခံစားမှုနဲ့ ဆင်တူတာကြောင့်ပါ။

ခြင်နဲ့ ပိုးကောင်ကိုက်တာတွေ အတွက် မုန့် ဖုတ်ဆော်ဒါ ကို အသုံးပြုပါ


မုန့်ဖုတ်ဆော်ဒါကို အနှစ်ပြုလုပ်ပြီး အကောင် ကိုက်ခံရတဲ့နေရာမှာ သုတ်လိမ်းပေးရင် နာကျင်မှုနဲ့ ယားနာတဲ့ဝေဒနာ သက်သာနိုင်ပါတယ်။ ဆော်ဒါမှာ ပါဝင်တဲ့ အယ်လ်ကာလီက အက်စစ်ကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ကျသွားစေနိုင်တာ ကြောင့်ပါ။

ပြုလုပ်နည်း
စားပွဲဇွန်း တစ်ဇွန်းစာ မုန့်ဖုတ်ဆော်ဒါကို ရေ အနည်းငယ်နဲ့ရောပြီး ပျစ်ပျစ် ရအောင်ဖျော်ပါ။
အဲဒီအနှစ်ကို အကောင်ကိုက်တဲ့ နေရာမှာ သုတ်လိမ်းပေးပါ။
ပြီးရင် ရေနွေးဆွတ်ထားတဲ့ ဂွမ်းစနဲ့ ပြန်သုတ် ပေးလိုက်ပါ။

ကလေးငိုတိုင်း နို့တိုက်ရမှာ မဟုတ်ပါ

မိဘအများစုက ကလေးငိုတိုင်း ဗိုက်ဆာတယ် လို့ထင်ပြီး နို့တိုက်ကျွေးတတ်ကြပါတယ်။ ဒီလိုပြု လုပ်တာကြောင့် အဝလွန်တဲ့ကလေးငယ်တွေ ဖြစ် လာနိုင်ပါတယ်။ ကလေးငိုတာက တစ်ခါတလေမှာ ဗိုက်ဆာတာကြောင့် မဟုတ်ဘဲ ပျင်းရိတာ၊ ပင်ပန်း လွန်းတာ ဒါမှမဟုတ် သက်သောင့်သက်သာမရှိတာ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးငိုနေရင်-
– သင်က သင့်ကလေးကို မကြာခင်ကမှ နို့တိုက် ထားတာဖြစ်နေရင် ကလေးငယ်နဲ့ စကားပြောပါ၊ ဆော့ပါ။
– ကလေးငယ်ကို ချီလိုက်ပြီး သူ့ကိုချော့ပါ။
– ကလေးငယ် သေးစိုနေရင် အနှီးလဲပေးလိုက်ပါ
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal