မီးနေသည်တို့စားသုံးသင့်သည့် အစားအစာများ

မွေးကင်းစကလေးမိခင်တွေဟာ ကလေးမွေးထားရတဲ့အရှိန်ကြောင့် စွမ်းအင်တွေ ကုန်ခန်းနေကြတဲ့အပြင် ကလေးကြောင့် အိပ်ရေးပျက်တာ၊ ကလေးကို နို့တိုက်ရတာ၊ ကလေးကို ဂရုစိုက်ရတာတွေကြောင့် စွမ်းအင်အပြည့်အဝရရှိနိုင်မယ့်အစားအစာတွေ ကို စားသုံးဖို့လိုအပ်ပါတယ်။ ရှေးလူကြီးတွေကတော့ မီးနေသည်တွေကို အခြောက် အခြမ်းနဲ့ဟင်းခါးရည်သာ တိုက်လေ့ရှိပါတယ်။ ဒီနည်းလမ်းက ဗီတာမင်နဲ့အာဟာရ တွေအပြည့်အဝမရနိုင်တဲ့အတွက် ကလေးရောမိခင်မှာပါ အာဟာရချို့တဲ့နိုင်ပါတယ်။ ဒါကြောင့် မီးနေသည်တို့ စားသုံးသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်စွပ်ပြုတ်ရည်
ကလေးမွေးပြီးစကာလမှာ ခန္ဓာကိုယ်က ချွေးထွက်လွန်းတတ်ကြပါတယ်။ ဒါက ခန္ဓာကိုယ်က ဟော်မုန်းအတက်အကျတွေကို ထိန်းညှိနေရတာကြောင့်ပါ။ ချွေးထွက် များတဲ့အတွက် ရေဓာတ်အပြည့်အဝပြန်လည်ရရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မိခင် နို့တိုက်တဲ့အတွက်ကြောင့်လည်း နို့မတိုက်တဲ့ အမျိုးသမီးတွေထက် ရေကို ပိုမို သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ရရှိဖို့ ကြက်စွပ်ပြုတ်ရည်ကို သောက်သုံး တာက အသင့်တော်ဆုံးပါ။ ကြက်စွပ်ပြုတ်ရည်က ရေကို အပြည့်အဝရရှိတဲ့အပြင် ချွေးထွက်များတာကြောင့် ကုန်ဆုံးသွားတဲ့ဓာတ်ဆားတွေကိုလည်း ပြန်လည်ဖြည့် တင်းပေးနိုင်ပါတယ်။ ထမင်းမစားချင်ရင် ခေါက်ဆွဲကို ကြက်စွပ်ပြုတ်ရည်ထဲထည့် ကာ စားသုံးနိုင်ပါတယ်။

အငန်ဓာတ်အနည်းငယ်ပါဝင်သော ခရက်ကာဘီစကစ်
အငန်ဓာတ်ပါဝင်တဲ့ ခရက်ကာဘီစကစ်တွေက ကာဗိုဟိုက်ဒရိတ်ရရှိနိုင်တဲ့အ ပြင် ချွေးထွက်များတာကြောင့် ကုန်ဆုံးသွားတဲ့ဓာတ်ဆားတွေကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် ခရက်ကာက ကိုယ်ဝန်ဆောင်ကာလအတွင်း ပျို့ အန်တာကိုလည်း သက်သာစေနိုင်ပါတယ်။

စွန်ပလွံသီး
လေ့လာမှုတစ်ခုအရ ကလေးမွေးပြီးပြီးချင်း စွန်ပလွံသီးစားသုံးသူတွေက သွေး ဆုံးရှုံးမှု သိသိသာသာလျော့နည်းနိုင်တယ်လို့ သိရပါတယ်။ စွန်ပလွံသီးမှာ သကြား ဓာတ်တွေ ပါဝင်တဲ့အတွက် မီးနေသည်တွေစားသုံးရင် စွမ်းအင်အမြန်ပြန်လည်ပြည့် ၀နိုင်ပါတယ်။ ဒါ့အပြင် ကလေးကို မိခင်နို့တိုက်နေစဉ်အတွင်းမှာလည်း မိခင်နို့ ကောင်းမွန်စွာ ထွက်ရှိနိုင်ပါတယ်။

အုတ်စပါးနှင့် သစ်သီး
မီးနေသည်တွေက ဝမ်းချုပ်တတ်ကြပါတယ်။ ဒါကြောင့် အမျှင်ဓာတ်များစွာ ပါဝင်တဲ့အစားအစာကို ရွေးချယ်ရပါမယ်။ အုတ်စပါးမှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်တဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ရရှိနိုင်ပါတယ်။ အုတ်စပါးကို သစ်သီးခြောက် ဒါမှမဟုတ် သစ်သီးတွေနဲ့ ရောစပ်ပြီး စားသုံးပေးရင် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အာဟာရဓာတ်တွေ ပြည့်ဝနိုင်တဲ့အပြင် ဝမ်းလည်း ပျော့သွားနိုင်ပါတယ်။ နို့ထွက် လည်း ကောင်းမွန်နိုင်ပါတယ်။

အမဲသားခြောက်၊ ကြက်သားကြော်၊ ငါးကြော်
ကလေးမွေးပြီးစသူတွေမှာ သွေးဆုံးမှုရှိတာက ပုံမှန်အခြေအနေပါ။ အမျိုးသမီး အများစုက ရက်သတ္တပတ်လောက် သွေးဆင်းတတ်ကြပြီး တစ်ခါတစ်ရံမှာ တစ်ပတ် ကျော်တဲ့အထိ သွေးဆင်းတတ်ကြပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့တာနဲ့ သွေးအား နည်းရောဂါတွေဖြစ်ပေါ်တတ်ကြပြီး နို့ကောင်းကောင်းမထွက်တော့ပါဘူး။ ဒီလိုသံ ဓာတ်ချို့တဲ့သွေးအားနည်းရောဂါမဖြစ်အောင် အမဲသားခြောက်၊ ကြက်သားကြော်၊ ငါးကြော်တွေကို ပြန်လည်စားသုံးပေးရပါမယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal