မှန်ကန်သော Diet Plan ရွေးခြယ်ခြင်း

Diet လို့ပြောလိုက်တာနဲ့ တော်တော်များများက ဝိတ်ကျအောင်စားတာ၊ ပိန်အောင်စားတာလို့ပဲထင် နေကြပါတယ်။ တကယ်တော့ Diet ဆိုတာ အဲဒီထက်အများကြီးပိုပါတယ်။ Dietting can make you thinner or fatter ဆိုပါသတဲ့။ ဒါကြောင့် Diet လုပ်တာဟာ ဝတဲ့သူကိုလည်း ကိုယ်ရည်စစ်စေပြီး ပိန်တဲ့သူကိုလည်း ပြည့်ဖြိုးစေပါတယ်။ Diet ထက်စာရင် Balanced Diet လို့သုံးတာက ပိုပြည့်စုံမယ်ထင်ပါတယ်။ Diet ရဲ့အဓိက ရည်ရွယ်ချက်က ကိုယ်အလေးချိန်ကိုထိန်းပြီး (Maintaining Body Weight) ကျန်းမာတဲ့ဘဝကို ရစေဖို့ (Healthy Life) ပဲဖြစ်ပါတယ်။ ကျွန်မတို့ခန္ဓာကိုယ်တွင်းက ဆဲလ်တွေ၊ အစိတ်အပိုင်းအင်္ဂါတွေဟာ အလုပ်လုပ် ဖို့အတွက် စွမ်းအင်လိုပါတယ်။ မပျက်စီးမထိခိုက်ဖို့အတွက် ရောဂါတွေကနေ ကာကွယ်ထားဖို့လိုပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရဓာတ်တွေလိုပါတယ်။ အဲဒီလိုအပ်တဲ့ စွမ်းအင်တွေ၊ ဗီတာမင်၊ သတ္တု ဓာတ်တွေနဲ့ အသားဓာတ်တွေကို မှန်ကန်တဲ့ Balanced Diet ကနေရရှိနိုင်ပါတယ်။ ဒီအတွက် မှန်ကန်တဲ့ Diet Plan လေးနဲ့ စားဖို့အရေးကြီးတယ်ပြောကြတာပေါ့။ကျန်းမာချင်တယ်၊ အသက်ရှည်ချင်တယ်၊ လှချင်တဲ့ဆိုရင် တော့ Diet Plan လေးနဲ့စားပါလို့ တိုက်တွန်းချင်ပါတယ်။

Diet Plan တစ်ခု ကိုယ့်ဘာသာ စလုပ်တော့မယ်ဆိုရင် အချက်သုံးချက်ကို ဂရုစိုက်ဖို့လိုပါတယ်။

(၁) ချက်ပြုတ်ပြင်ဆင်ပုံ – ကိုယ်စားမယ့်အစားစာကို ဘယ်လိုချက်ပြုတ်ပြင်ဆင်သလဲဆိုတာက Diet အပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ ဥပမာပြောရရင် Brococli ဆိုတဲ့ ပန်းဂေါ်ဖီစိမ်းကို ပြုတ်လိုက်မယ် ဆိုရင် သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ လျော့နည်းပျက်စီးသွားတတ်ပါတယ်။အလားတူပဲ။ ကြက်သားကို Muscle Growth အတွက်စားတဲ့အခါမှ ပြုတ်ပြီးစားရင်တော့ အသားဓာတ်အပြည့်အဝရရှိပြီး ကြော်စားလိုက်တဲ့ အခါမှာ ကိုလက်စထရောတွေ၊ fat တွေဟာ သုံးဆမြင့်တက်သွားပါတယ်။ အာလူးကို ဖုတ်စားတဲ့အခါမှာလည်း အခွံကို မခွာဘဲစားတာက အခွံမှာပါတဲ့အာဟာရဓာတ်တွေကို ရရှိစေနိုင်မှာပါ။ ဒါကြောင့် Diet အတွက် ပြင်ဆင် တဲ့အခါ ပြီးလွယ်စီးလွယ်မဟုတ်ဘဲ သေချာဂရုစိုက်ပြင်ဆင်စေချင်ပါတယ်။

(၂) ပမာဏ – တစ်နေ့ကို ဘယ်လောက်စားမှာလဲ။ တစ်ခါစားရင်ဘယ်နှကြိမ်စားမှာလဲ ဆိုတာတစ်ခါ တည်း ဆုံးဖြတ်ထားရပါမယ်။ အကောင်းဆုံးကတော့ ကိုယ်စားမယ့်အစားစာကို ကယ်လိုရီတွက်ချက်ပြီးစားပါ။ လူတစ်ယောက်တစ်နေ့တာ လိုအပ်တဲ့ကယ်လိုရီပမာဏကို ဖော်ပြရရင် –

လှုပ်ရှားမှုရှိတဲ့နေထိုင်မှုပုံစံ         လှုပ်ရှားမှုနည်းတဲ့နေထိုင်မှုပုံစံ

အမျိုးသမီး                          – ၁၂၀၀ ကယ်လိုရီ                 – ၁၅၀၀ ကယ်လိုရီ

အမျိုးသား                           – ၁၅၀၀ ကယ်လိုရီ                 – ၁၈၀၀ ကယ်လိုရီ

ကိုယ်အလေးချိန်တက်ချင်တဲ့ မိန်းကလေးတွေနဲ့ Gym ကစားတဲ့မိန်းကလေးတွေဆိုရင်တော့ ယောက်ျားလေး တွေနည်းတူ ကယ်လိုရီစားပေးရပါမယ်။ ဒါ

(၃) အရည်အသွေး – အစားစာလတ်ဆတ်သန့််ရှင်းမှု ရှိ၊ မရှိကလည်း အာဟာရဓာတ်တွေကို သက် ရောက်မှုရှိပါတယ်။ ရယ်ဒီမိတ်အသင့်စား အစားစာတွေ၊ ပြုပြင်စီမံထားတာတွေ (ဥပမာ – ဝက်ဥချောင်း)၊ တာ ရှည်ခံဆေးတွေသုံးထားတာတွေက ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် အမှန်တကယ်လိုအပ်တဲ့အာဟာရဓာတ် တွေကိုလည်း ပြည့်ပြည့်ဝဝမပေးနိုင်ပါဘူး။ ဒါကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ အစားစာမျိုးကို ရွေးခြယ်စီမံဖို့က လည်း အရေးကြီးပါတယ်။

 

ဒါတွေအပြင် Balanced Diet မျှတတဲ့အစာအာဟာရဖြစ်ဖို့အတွက်ဆိုရင် တစ်နေ့သုံးကြိမ်တော့ ပြည့် အောင် စားပေးရပါမယ်။ မနက်စာဖြစ်ဖြစ်၊ နေ့လယ်စာဖြစ်ဖြစ် စားတဲ့အခါမှာ အစာအုပ်စု သုံးခုစလုံးမျှတပါဝင် အောင်စားပေးရပါမယ်။ မနက်စာကတော့ အရေးအကြီးဆုံးပေါ့။ လူ့ဦးနှောက်ဟာ ကာဗိုဟိုက်ဒရိတ်ကို လောင် စာအဖြစ်အသုံးပြုပြီးမှ အလုပ်လုပ်တာပါ။ ညဘက်အိပ်ချိန်တွေမှာဆို တခြားအစိတ်အပိုင်းတွေက နားရင်နားပေ မဲ့ ဦးနှောက်ကတော့ တောက်လျှောက်အလုပ်လုပ်နေတဲ့အတွက် မနက်ရောက်တဲ့အခါ သူ့ရဲ့လောင်စာက ကုန် လုနီး နည်းပါးနေပါပြီ။ ဒီအချိန်မှာ လိုအပ်တဲ့အာဟာရကို ပြန်မဖြည့်ပေးနိုင်ဘူးဆိုရင် ဦးနှောက်ဟာ ပင်ပင်ပန်း ပန်းအလုပ်လုပ်ရပြီး ရေရှည်မှာ မှတ်ဥာဏ်တွေကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ မနက် (၁၀) နာရီထက် နောက်ကျပြီး မနက်စာကို မစားသင့်ပါဘူး။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေဖို့အတွက် မနက်စာကို ပြည့် ပြည့်ဝဝစားပေးရပါမယ်။ မနက်စာမစားတဲ့အခါ ကျမတို့ ခန္ဓာကိုယ်က ပင်ပင်ပန်းအလုပ်လုပ်ရတဲ့အတွက် ဖိစီးမှု (stress) ဖြစ်ပြီး corticosteroids ဆိုတဲ့ဟော်မုန်းထွက်ပါတယ်။ အဲဒီဟော်မုန်းဟာ အဆီတွေကို ဗိုက်မှာစုစေတာ (central deposition of fat) ကြောင့် မနက်စာမစားတဲ့သူတွေဟာ ဗိုက်ပူအဆီထူကြပါလိမ့်မယ်။

 

အဆီတွေကိုတော့ Limit နဲ့စားရင် အန္တရာယ်မဖြစ်နိုင်ပါဘူး။ ကျန်းမာရေးနဲ့သင့်လျော်တာကတော့ ဟင်းရွက်ဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ငါးကြီးဆီ နဲ့ ထောပတ်သီးမှာပါတဲ့ အဆီတွေဖြစ်ပြီး စားသုံးပေးဖို့ လိုအပ် ပါတယ်။ ထောပတ်သီးကို ညစာအနေနဲ့စားပေးရင် ဝမ်းဗိုက်ကအဆီတွေကျပြီး ချပ်ရပ်လှပစေပါတယ်။

 

အသက်ကြီးပိုင်းတွေမှာဆိုရင်တော့ ဇီဝဖြစ်စဉ်တွေဟာ ပိုနှေးသွားပြီး လူငယ်တွေလောက်လည်း စွမ်းအင်သုံးဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ Muscel Breakdown တွေများတဲ့အတွက် ကြွက်သားတွေ ကြုံလှီ (Muscle wasting) တာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်တွေကိုလျော့စားပြီး အသား၊ ငါးနဲ့ အသီးအရွက်ကို ပိုစားစေချင်ပါတယ်။ အသီးအရွက်တွေမှာ ရောဂါကိုကာကွယ်ပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတာကြောင့် များများစားပေးရင် ရောဂါကင်းဝေးပြီးကျန်းမာမှာဖြစ်ပါတယ်။

 

Non-communicable Diseases လို့ခေါ်တဲ့ ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ရောဂါတွေထဲမှာ သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ရောဂါတွေပါဝင်ပါတယ်။ ဒီရောဂါတွေဟာ ကိုယ်နေထိုင်စားသောက်တဲ့ပုံစံကြောင့်ဖြစ်ရတဲ့ ရောဂါမျိုးတွေပါ။ တစ်မျိုးဖြစ်ပြီဆိုရင်လည်း ကျန်တဲ့နှစ်မျိုးက အလိုလိုဝင်လာတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါ တွေမဖြစ်လာအောင် ကာကွယ်မယ်ဆိုရင်ဖြစ်ဖြစ်၊ ဖြစ်နေရင်လည်း ထိန်းချုပ်ချင်ရင်ဖြစ်ဖြစ် Life Style Modification ဆိုတဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပြုပြင်ခြင်းနည်းနဲ့ လုပ်လို့ရပါတယ်။ ဘယ်လိုတွေ စားရမလဲဆိုတော့ Starchy Carb နဲ့ Sugary Carb ဆိုပြီး ကာဗိုဟိုက်ဒရိတ်နှစ်မျိုးထဲက starchy ကာဗိုဟိုက် ဒရိတ်တွေ (ကစီဓာတ်ပိုတဲ့) ကို ပိုစားပေးသင့်ပါတယ်။ အချိုဓာတ်ကဲတဲ့ sugary carbohydrate တွေက သွေးတွင်းသကြားဓာတ် ကို မြင့်တက်စေပြီး အဆီတွေအဖြစ်လည်း ပြောင်းလဲသိုလှောင်ထားတတ်လို့ပါ။

 

အသီးအရွက်တွေစားတဲ့အခါမှာလည်း အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ အဖြူရောင်၊ အပြာရောင် စုံလင်အောင်စားပေးဖို့လိုပါတယ်။ အသားဓာတ်ကိုတော့ white meat နဲ့ red meat နှစ်မျိုးရှိတဲ့အနက် red meat တွေက ကျန်းမာရေးအတွက် သိပ်မသင့်လျော်ပါဘူး။ red meat တွေကရတဲ့ အဆီက white meat တွေကရတဲ့အဆီလို မကောင်းပါဘူး။ ဒါကြောင့် white meat တွေဖြစ်တဲ့ ငါးအမျိုးမျိုး၊ ကြက်သား၊ ဘဲသားတွေကို စားပေးသင့်ပါတယ်။

 

ကျမတို့ ကိုယ်တွင်းမှာ ညနေ ၅ နာရီ ၆ နာရီလောက်ဆိုရင် Cholesterol Synthesis ဆိုတဲ့ အဆီထုတ်တဲ့ ဖြစ်စဉ်ဟာ သူ့အလိုလို ပုံမှန်ဖြစ်ပါတယ်။ ဒါကြောင့် ညပိုင်းတွေမှာ အစားများများစားထားရင် အဆီထုတ်ဖို့ ကုန်ကြမ်းများများပေးသလိုဖြစ်ပြီး ဗိုက်တွေ၊ ပေါင်တွေမှာ အဆီပိုတွေ စုနေပါတော့တယ်။ ဗိုက်ချပ်ချင်တယ်ဆိုရင်တော့ ညနေပိုင်း ၆ နာရီမတိုင်မီ စားတာမျိုး၊ ညစာကို အသီးအရွက်၊ အသားငါးတွေ စားတာမျိုး၊ ကိုလက်စထရောနဲ့ အဆီနည်းမယ့်အစားစာစားတာမျိုးပဲ လုပ်သင့်ပါတယ်။

 

များသောအားဖြင့် နွားနို့သောက်ရင် အဆီတက်မှာ ကြောက်နေကြပါတယ်။ နို့မှာပါတဲ့အဆီကြောင့် နှလုံးကို ထိခိုက်မှာစိုးကြပါတယ်။ တကယ်က နို့ တစ်ခွက်မှာ အကြမ်းအားဖြင့် Total Fat 2.4 g(3%), Cholesterol 12 mg(4%), Total Carbohydrate 12 g,Protein 8 g လောက်ပဲပါတာမို့  အဆီတက်မှာ မကြောက်ပါနဲ့ ။ သိပ်တိကျချင်ရင်တော့ low fat milk ရွေးသောက်ပါ။ နို့ ဗူးမှာ ပါဝင်တဲ့ ကယ်လိုရီတွေ၊ အဆီတွေ၊ ပရိုတင်းတွေကိုဖတ်ကြည့်ပြီးမှ ဝယ်တဲ့အကျင့်လုပ်ပါ။ ညဘက် နို့ ပူပူလေးသောက်ရင် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ အိပ်ရေးပျက်ရင် ဗိုက်ခေါက်တွေ ထွက်လာမှာလည်း စိုးရတယ်လေ။ 

 

ကျန်းလည်းကျန်းမာချင်တယ်၊ လှလည်းလှချင်တယ်ဆိုရင် မှန်မှန်ကန်ကန် စားသောက်တတ်ဖို့က သိပ်အရေးကြီးပါတယ်။ Diet နဲ့ပတ်သက်ပြီး အယူအဆတွေ မှားနေလို့လည်း မဖြစ်ပါဘူး။ တကယ် Diet လုပ်ပြီး စားသောက်တော့မယ်ဆိုရင် မဖြစ်နိုင်တဲ့ အစားစာတွေ plan ချနေရင်တော့ ကိုယ်လည်း စားနိုင်မှာ မဟုတ်တဲ့အတွက် အောင်မြင်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် အဓိကပြောချင်တာကတော့ အစားမစားဘဲ နေဖို့ မလိုပါဘူး။ စားလို့ ရပါတယ်။ မနက်ပိုင်း၊ နေ့ လယ်ပိုင်းတွေမှာ ဝအောင်စားပြီး ညနေပိုင်းကို လျော့စားစေချင်ပါတယ်။ ပြီးရင်တော့ ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ လမ်းလျှောက်တာဖြစ်ဖြစ်၊ အားကစားတစ်ခုခုဖြစ်ဖြစ်၊ ယောဂနဲ့ gym ဖြစ်ဖြစ် လိုက်စားမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိနိုင်မှာ အသေချာပါပဲ။

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *