ရင်သွေးငယ်ကို သက်ရောက်မှုရှိနိုင်သည့် ကိုယ်ဝန်ဆောင်မိခင်တို့၏ အမူအကျင့်များ

လေ့လာမှုတစ်ခုအရ စိတ်ကျဝေဒနာနဲ့ စိုးရိမ်စိတ်များတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက လမစေ့ကလေးနဲ့ ပေါင်မပြည့်ကလေး မွေးနိုင်ခြေ အခွင့်အလမ်းပိုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အမူအကျင့်စရိုက်တွေကြောင့် မိမိမွေးလာမယ့်ကလေးမှာ အောက်ပါအတိုင်း သက်ရောက်မှုရှိနိုင်တဲ့အတွက် ဖော်ပြ ပေးလိုက်ပါတယ်။

ရန်ဖြစ်ခြင်း၊ ညည်းတွားခြင်း


ရန်ဖြစ်တာကြောင့် စိုးရိမ်စိတ်များတာ၊ စိတ် ဓာတ်ကျတာတွေဖြစ်ပေါ်လာပြီး ကလေးငယ်အတွက် ဒုက္ခရောက်နိုင်ပါတယ်။ သူ့ကြောင့် ကလေးငယ်ရဲ့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ခုခံ အားစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ။ ညည်းတွား တာကလည်း မိခင်အတွက် မကောင်းပါဘူး။ ခေါင်း ကိုက်တာ၊ ပျို့အန်တာနဲ့ အိပ်မပျော်တဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ
– များများအနားယူပါ။
– အိပ်ရေးဝအောင်အိပ်ပါ။
– တရားထိုင်ပါ။
– ဆရာဝန်နဲ့ ဆွေးနွေးပါ။
– လမ်းထွက်လျှောက်ပြီး လေကောင်း လေသန့်ရှူ လိုက်ပါ။

သကြားအစားများခြင်း

လေ့လာမှုအရ ကိုယ်ဝန်ဆောင်ကာလမှာ သကြားပမာဏ စားလွန်းတဲ့ မိခင်တွေကနေ မွေးဖွား လာတဲ့ကလေးတွေမှာ သင်ယူမှုနဲ့ မှတ်ဉာဏ်စွမ်းရည် ကျဆင်းတယ်လို့ သိရပါတယ်။
ဘာလုပ်သင့်သလဲ
– အချိုစာတွေ စားမယ့်အစား သစ်သီးဝလံ များများစားပါ။
– ဆော်ဒါ စားသောက်မှုကို လျှော့ချပါ။

စိတ်ထား အတက်အကျများခြင်း


ကိုယ်ဝန်ဆောင်ကာလမှာ စိတ်အပြောင်းအလဲ များတာက အဖြစ်များတဲ့ ပြဿနာပါ။ ပထမဆုံး အနေနဲ့ စိတ်လှုပ်ရှားတာဖြစ်ပြီး နောက်ပိုင်းမှာ စိတ်ဖိစီးတာတွေလိုမျိုးပါ။ မိခင်ကောင်းဖြစ်ပါ့မလား ဒါမှမဟုတ် ငွေရေးကြေးရေးအတွက် စိတ်ပူပန်နေရ မလားဆိုတဲ့ အတွေးတွေကို တွေးမိနေတာကြောင့်ပါ။ ဒီအပြောင်းအလဲတွေက မိခင်ရဲ့ ဇီဝရုပ်ဖြစ်စဉ် ဒါမှ မဟုတ် ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဦး နှောက်အပေါ်မှာ သက်ရောက်မှု ရှိသွားတဲ့ အတွက်ပါ။

ဘာလုပ်သင့်သလဲ
– အိပ်ရေးဝအောင် အိပ်ပါ။
– လမ်းထွက်လျှောက်ပြီး လေကောင်းလေသန့်ရှူပါ။
– တရားထိုင်ပါ။
– သူငယ်ချင်းမိတ်ဆွေတွေနဲ့ ရုပ်ရှင်သွားကြည့်ပါ။

ရေနွေးငွေ့ဖြင့် ရေစိမ်ချိုးပြီး အပန်းဖြေခြင်း


ကိုယ်ဝန်ဆောင်ကာလမှာ ပူလွန်းတဲ့ ရေနွေး ငွေ့နဲ့ ရေစိမ်ချိုးတာက စိတ်ဖြေလျှော့မှုရနိုင်ပေမယ့် ကလေးအတွက်တော့ မကောင်းပါဘူး။
ဘာလုပ်သင့်သလဲ
– ရေနွေးကန်ထဲမှာ ၁၀ မိနစ်ထက် ပိုပြီးမနေပါနဲ့။
– သင့်ခန္ဓာကိုယ်ရဲ့ အပူချိန်နဲ့ ညီမျှတဲ့ ကြက်သီး နွေးရေလောက်သာ အသုံးပြုပါ။
– ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပြီးမှသာ ရေနွေးနဲ့ ရေစိမ်ချိုးတာမျိုး ပြုလုပ်ပါ။

ငိုခြင်း

ကိုယ်ဝန်ဆောင်ကာလမှာ စိတ်အားငယ်ပြီး ငိုတာက ပုံမှန်အခြေအနေပါ။ ဒါပေမဲ့ အစာစားချင် စိတ်မရှိတာ၊ မိမိကိုယ်မိမိ အပြစ်မကင်းသလို ခံစား ရတာ၊ အိပ်လွန်းတာ၊ ဘာကိုမှ စိတ်ဝင်စားမှု မရှိဖြစ် နေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။

ဘာလုပ်သင့်သလဲ
– ဒီလက္ခဏာတွေ နှစ်ပတ်ထက်ကျော်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
– တခြားကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်မိခင် တွေနဲ့ စကားပြောပြီး သူတို့ရဲ့ နှစ်သိမ့်မှုကို ရယူပါ။

စိတ်ကယောင်ချောက်ချားဖြစ်ခြင်း


ကိုယ်ဝန်ဆောင်ကာလမှာ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်က အမြဲတမ်း အလွန်ရှုပ်ထွေးနေတတ် ပါတယ်။ တစ်ခါတလေ စိတ်ကယောင်ချောက်ချား တောင် ဖြစ်နိုင်ပါတယ်။

ဘာလုပ်သင့်သလဲ
– အကယ်၍ ဒီလက္ခဏာတွေ ရှိနေခဲ့ရင် ဆရာဝန် နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။

အိပ်စက်မှုပြဿနာဖြစ်ခြင်း

လေ့လာမှုတွေအရ အမျိုးသမီးတွေရဲ့ ၇၈ ရာခိုင်နှုန်းက ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်အချိန်တွေ ထက် အိပ်စက်မှုပြဿနာ ပိုဖြစ်တယ်လို့ သိရပါ တယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တာပါ။ အိပ်ရေးမဝတာကြောင့် မိခင်တွေက အလွန်ပင်ပန်း နိုင်ပါတယ်။ ဒါ့အပြင် ပျို့တာနဲ့ စိတ်ခံစားမှုမကောင်း တာတွေ ဖြစ်တတ်ပါတယ်။ လေ့လာမှုအရ တစ်ညကို ခြောက်နာရီထက်နည်းပြီး အိပ်တဲ့ ကိုယ် ဝန်ဆောင် မိခင်တွေမှာ ကလေးမွေးတဲ့အခါ အချိန်ကြာတတ် တယ်လို့ သိရပါတယ်။

ဘာလုပ်သင့်သလဲ
– အိပ်စက်ချိန်အတွက် အချိန်ဇယား ဆွဲထားပါ။
– တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့်လေ့ကျင့် ခန်း လုပ်ပေးပါ။
– နေ့လယ်ပိုင်းမှာ အရည်များများ သောက်ပေးပါ။
– အိပ်မပျော်ရင် အိပ်ပျော်ဖို့ အလွန်အမင်းမကြိုး စားပါနဲ့။ သင်ကြိုက်နှစ်သက်တဲ့ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာမျိုးတွေ ပြုလုပ်ပေးပါ။
– ဘယ်လိုအနေအထားက အိပ်စက်ဖို့ အကောင်း ဆုံးဖြစ်နိုင်သလဲဆိုတာကို ဆရာဝန်နဲ့ မေးမြန်းပါ။

လှုပ်ရှားမှုနည်းခြင်း၊ အဝလွန်ခြင်း


ကိုယ်ဝန်ဆောင်ကာလမှာ အလေးချိန်အလွန် တက်တာက မွေးဖွားရာမှာ ခက်ခဲတာ၊ ကလေးဖွံ့ဖြိုး မှုအတွက် အနှောင့်အယှက်ဖြစ်တာ၊ ကလေးမွေး ပြီးနောက် မိခင်မှာ အဝလွန်ပြီး ကျန်ရစ်ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်မှာ အဝလွန် တဲ့ပြဿနာတွေပါ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ လှုပ်လှုပ်ရှားရှားနေတာကြောင့် မိခင်နဲ့ ကလေး ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ
– ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပြုလုပ်သင့် တယ်လို့ ဆရာဝန်တွေက အကြံပေးထားပါတယ်။
– လမ်းလျှောက်ဖို့လည်း မမေ့ပါနဲ့။ လမ်းလျှောက် တာကြောင့် ဦးနှောက်ထဲ အောက်ဆီဂျင်ရောက်ရှိမှု ပိုများသွားနိုင်ပါတယ်။ ဒါက စိတ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

ကဖင်းအလွန်အမင်းစားသုံးခြင်း


ကိုယ်ဝန်ဆောင်ကာလမှာ ကဖင်းသောက်သုံးမှု ကို ကန့်သတ်ထားသင့်ပါတယ်။ ကဖင်းဟာ အချင်း ကနေတစ်ဆင့် သန္ဓေသားရဲ့ သွေးကြောထဲကို ဝင် ရောက်နိုင်တာကြောင့်ပါ။

ဘာလုပ်သင့်သလဲ
– တစ်နေ့ကို ကော်ဖီတစ်ခွက်ကနေ နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal