ရွှဲရွှဲစိုမယ့် သင်္ကြန်မှာ လည်လည် ထွက်မယ်ဆိုရင် . . .

သင်္ကြန်ရောက်တော့မယ်ဆိုရင် လူကြီးတွေရော၊ လူငယ်တွေရော ပျော်ကြတာ ထုံးစံပါ။ သင်္ကြန်မှာ အပြင်ကို ထွက်လည်မှ မဟုတ်ပါဘူး၊ တချို့က တရားစခန်းဝင်မယ်၊ တချို့က ခရီးထွက်ကြမယ်၊ လူငယ်တွေကလည်း လျှောက်လည်မယ်၊ တချို့ကျတော့လည်း အိမ်မှာပဲ အပြည့်အဝ အနားယူကြမယ်ဆိုပြီး ရည်ရွယ်ချက် ကိုယ်စီနဲ့ပေါ့။ ဒီဆောင်းပါး အတိုလေးမှာတော့ သင်္ကြန်မှာ အပြင်ထွက်လည်မယ့် လူငယ်တွေရော၊ လူကြီးတွေအတွက်ပါ သိထားသင့်တာလေးတွေ ရေးပေးလိုက်ပါတယ်။ 

Tips to Remember

 သင်္ကြန်ကို မြန်မာမှုနဲ့ ထိန်းသိမ်းကြဖို့ အရက်သေစာ သောက်စား မူးယစ်နေလို့ မသင့်တော်ပါဘူး။ သင်္ကြန်နွေကလည်း ပူတာကြောင့် ရေဓာတ်ခန်းခြောက်တာ မဖြစ်အောင် အရက်သေစာ သောက်စားတာကို လျှော့ပါ။

 နွေပူပူသင်္ကြန်မှာ သင်္ကြန်ကားနဲ့ လျှောက်လည်မယ့်သူတွေရှိရင် အသားအရေ မပျက်စီးဖို့ SPF (Sun Protection Factor) ၃၀ နဲ့ အထက် ပါဝင်တဲ့ နေလောင်ကာခရင်မ်ကို အပြင်မထွက်ခင် နာရီဝက်အလို ကတည်းက လိမ်းသွားပါ။ တစ်နာရီ၊ တစ်နာရီခွဲ၊ နှစ်နာရီခြား တစ်ခါ ထပ်လိမ်းပေးပါ။

 အဝတ်အစား ဝတ်တဲ့အခါ ရေစိုမှာဖြစ်လို့ အရောင်ဖျော့တာတွေ ဝတ်ရင် သတိထားပါ။ တစ်နေကုန် ရေစိုမခံနိုင်ဘူး၊ အအေးမိမှာစိုးရိမ်တယ်ဆိုရင် မိုးကာဂျက်ကက်အင်္ကျီတွေ ဆောင်သွားပါ။

 မိန်းကလေးတွေအနေနဲ့ သင်္ကြန်မှာ ရေစိုမှာ ဖြစ်တာကြောင့် မိတ်ကပ်တွေ အထူကြီးမလိမ်းတာ ကောင်းပါတယ်။ ရေနဲ့ မိတ်ကပ်တွေရောသွားပြီး မညီမညာ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ နေလောင်ကာခရင်မ်တော့ မလိမ်းမဖြစ် လိမ်းသွားသင့်ပါတယ်။

 သင်္ကြန်လျှောက်လည်တဲ့အခါ အဖိုးတန် လက်ဝတ်ရတနာတွေ ဝတ်မသွားပါ နဲ့။ သင်္ကြန်ရေရော၊ ဆပ်ပြာရည်တွေပါ ရောသွားရင် ချောထွက်ပြီး အကုန်ကျ ပျောက်သွားနိုင်ပါတယ်။

 သင်္ကြန်မှာ လျှောက်လည်ဖို့ ဖိနပ် ရွေးတဲ့အခါ ရေစိုခံပြီး ရေတွေခိုမနေနဲ့ ဖိနပ်မျိုး ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ ရေတွေ အောင်းဝင်နေပြီး ပြန်မထွက်နိုင်တဲ့ ရှုးဖိနပ်တွေဆိုရင် ခြေထောက်ရေနူးပြီး နာလာတာ၊ ထုံကျင်တာ၊ ရောင်ရမ်းတာ ဖြစ်စေတဲ့အပြင် အသားတစ်သျှူးတွေ သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာ ကို Trench Foot လို့ ခေါ်ပါတယ်။

 မယူမဖြစ်မို့ ဖုန်းနဲ့ ပိုက်ဆံ ယူဆောင်သွားမယ်ဆိုရင် ရေလုံတဲ့ ဇစ်နဲ့ အိတ်ထဲ သေချာထည့်ယူသွားပါ။ အိတ်ကို ချည်ထားတဲ့ ကြိုးက ပြတ်ကျတတ်တာကိုလည်း သတိထားပါ။

 မော်တော်ဆိုင်ကယ်နဲ့ သင်္ကြန် လျှောက်လည်တဲ့သူတွေကိုတွေ့ရင် ရေနဲ့ ပြင်းပြင်းထန်ထန် လှမ်းမပက်မိပါစေနဲ့။ ဒါဟာ သူတို့ကို မတော်တဆ ထိခိုက်မှုတွေ ဖြစ်စေတတ်ပါတယ်။

 ကလေးငယ်တွေ၊ သံဃာတော်တွေ၊ အဘိုး၊ အဘွားတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ရေမပက်ပါနဲ့။

 အရမ်းပြင်းတဲ့ pressure ပိုက်တွေနဲ့ ရေတွေထိုးပြီး မပက်ပါနဲ့၊ အသားအရေတွေ လန်စေနိုင်ပါတယ်။ မျက်လုံးကို ထိရင်လည်း မျက်စိ ကန်းနိုင်ပါတယ်။ ရေမပြင်းတဲ့ ရေပြွတ်သေနတ်၊ ဖလား၊ ရေပုံးတွေနဲ့ပဲ အန္တရာယ်ကင်းကင်း ထိခိုက်မှု မရှိအောင် ကစားပါ။

 သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေအတွက် ပျော်ရွှင်စရာအားလပ်ရက်ဖြစ်ပါတယ်။ လူတိုင်း ပျော်ချင်ကြတာမို့ အကျီစားသန်တာ၊ လူတစ်ဖက်သား မကြိုက်တာ မလုပ်မိပါစေနဲ့။

#Darliko (Mahidol University)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *