လက်ပြင်ကုန်းပြီးကိုယ်နေဟန်အနေအထားမမှန်ကန်လို့စိတ်ညစ်နေလား

ကိုယ်နေဟန်ထား မှန်ကန်တဲ့လူ တစ်ယောက်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့အသွင် ဖြစ်ပေါ်နေတဲ့အပြင် အရိုးအဆစ်နဲ့ ကြွက်သားတွေရဲ့ ကျန်းမာရေးကို လည်း အကျိုးများစွာ သက်ရောက်စေနိုင်ပါတယ်။ မတ်တတ်ရပ်နေတဲ့အခါ ကျောကတစ်ဖြောင့်တည်းဖြစ်နေပြီး နားကနေ ပခုံး၊ တင်ပါးဆုံ၊ ဒူးနဲ့ ခြေမျက်စိဟာ မျဉ်းတစ်ဖြောင့်တည်း ဖြစ်နေတယ်ဆိုရင် မှန်ကန်တဲ့ ကိုယ်နေဟန်ထားရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဘာတွေဖြစ်နိုင်သလဲ
ကိုယ်နေဟန်ထားမမှန်ရင် နာတာ ရှည် နောက်ကျောအောင့်တာ၊ ခါးနာတာ၊ လည်ပင်းကျီးပေါင်းတက်တာ၊ ခြေ ထောက်၊ ဒူးခေါင်းနဲ့ တင်ပါးဆုံမှာ ဒဏ် ရာရတာ၊ ခေါင်းကိုက်တာ၊ မောပန်းနွမ်း နယ်တာ၊ ကြွက်သားအားနည်းတာ၊ အ သက်ရှူရခက်ခဲတာ၊ အစာခြေ လမ်း ကြောင်းမှာ ရောဂါဖြစ်တာစတာတွေ ဖြစ် ပေါ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ
ရုံးမှာ အထိုင်များတဲ့အလုပ် လုပ်ရ တာ၊ အချိန်ကြာကြာ ဖုန်းပြောတာ၊ စာတို ပေးပို့တာ၊ မထတမ်းဂိမ်းဆော့တာ၊ ကား၊ လေယာဉ်၊ ရထားစီးနေစဉ်မှာ ကိုယ်ကို ကုန်းထားတတ်တာ၊ လေးလံလွန်းတဲ့ ကျောပိုးအိတ်တွေ၊ ပိုက်ဆံအိတ်တွေ လွယ်တတ်တာ၊ ငယ်စဉ်က လည်ပင်း၊ ပခုံးနဲ့ ကျောရိုးမှာ ဒဏ်ရာ ရဖူးတာ၊ ကွန် ပျူတာရှေ့မှာ တစ်နေကုန် အလုပ်လုပ်ရ တာ၊ ခြေထောက်တွေ အားနည်းတာ၊ အရပ်ရှည်လွန်းတာ၊ စိတ်ဖိစီးမှုများတာ တွေကြောင့် ကိုယ်က ရှေ့ကို ကုန်းလာ တတ်ပြီး မိမိကိုယ်တိုင်တောင် သတိမပြု မိခင် ကိုယ်နေဟန်ထား မမှန်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဘယ်လိုပြုပြင်မလဲ
၁။ ကြိုးကို စိတ်ကူးပါ
မျက်နှာကြက်ကနေ ကျလာတဲ့ ကြိုးတစ်ချောင်းက ခေါင်းကို အပေါ်သို့ ညင်ညင်သာသာ ဆွဲထားတယ်လို့ စဉ်း စားပြီးနေပါ။ ခေါင်းက ကိုယ်ရှေ့ကိုထွက် ပြီး လက်ပြင်ကုန်းနေတာကို ပြုပြင်ပေး နိုင်ပါလိမ့်မယ်။

၂။ ဓာတ်ပုံရိုက်ပါ
ကိုယ်နေဟန်ထား ပေါ်လွင်အောင် ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပရင့်ထုတ်ပြီး အလွန်တကူ မြင်နိုင်တဲ့နေရာတွေမှာ ကပ် ထားပါ။ ခါးကို မတ်မတ်ထားပြီး ကိုယ်နေ ဟန်ထား မှန်မှန်နေမိအောင် ကိုယ့်ကိုယ်ကို ပြန်ပြီး သတိပေးမိသား ဖြစ်အောင် မကြာခဏ ကြည့်ပေးပါ။

၃။ ခေါင်းငုံ့ပြီး လမ်းမလျှောက်ပါနဲ့
စာအုပ်အထူကို ခေါင်းပေါ်တင်ပြီး ပြုတ်မကျအောင် ထိန်းပြီး လမ်းလျှောက် လေ့ကျင့်တာမျိုးလုပ်ပါ။

၄။ မတ်မတ်ထိုင်ပါ
ခါးကို မတ်မတ်ထား၊ ပခုံးကို ဖွင့်ပြီး ထိုင်ပါ။ အထိုင်များတဲ့ အလုပ်လုပ်ရရင် သင့်အရပ်၊ အလေးချိန်နဲ့ ကိုက်ညီအောင် ဒီဇိုင်းထုတ်ထားတဲ့ ထိုင်ခုံမျိုးကို အသုံးပြု ပါ။ အဲဒီလို ထိုင်ခုံမျိုး ရှာမရနိုင်ခဲ့ရင် နောက်မှီထိုင်ဖို့အတွက် ခေါင်းအုံး သေး သေးလေးတစ်လုံးကို ခါးနောက်မှာ ထား ပြီး ထိုင်ပါ။

၅။ ကွန်ပျူတာကို နေရာရွှေ့ပါ
ကွန်ပျူတာထားတဲ့အနေအထား မ မှန်ကန်တာကြောင့်လည်း ကိုယ်နေဟန် ထားကို ပျက်စေပါတယ်။ မော်နီတာကို မျက်လုံးနဲ့ တစ်ပြေးညီ တစ်တန်းတည်းမှာ ထားပါ။ တံတောင်နဲ့ လက်ကောက်ဝတ် ဟာ ကီးဘုတ်ပေါ်မှာ ၉၀ ဒီဂရီ ရှိနေပါ စေ။ လက်ကဖြောင့်နေရင် သင်က ကွန် ပျူတာနဲ့ အရမ်းဝေးလွန်းနေပြီး၊ တံ တောင်နဲ့ လက်ကောက်ဝတ်အနေအထား က ၉၀ ဒီဂရီထက် ပိုနေပြီဆိုရင်လည်း ကွန်ပျူတာနဲ့ အရမ်းကပ်လွန်းနေပြီးခန္ဓာ ကိုယ်က ရှေ့ကို ကုန်းလွန်းနေပြီဆိုတာ သတိပြုပါ။

၆။ လှုပ်ရှားဖြစ်အောင်နေပါ
အထိုင်များတာကလည်း ခန္ဓာကိုယ် ဟန်အနေအထားကို ပုံမမှန်ဖြစ်စေနိုင်ပါ တယ်။ တစ်နေ့လုံး တစ်တောက်လျှောက် လုံး ထိုင်နေတာမျိုး မလုပ်ဘဲ ခဏနားပြီး ဟိုဟိုဒီဒီ လမ်းလျှောက်တာမျိုးတွေ၊ ဖုန်းပြောတဲ့အခါ ထိုင်မပြောဘဲ လမ်း လျှောက်ပြီးပြောတာမျိုးတွေ၊ ရေထ သောက်တာမျိုးတွေ၊ အကြောလျှော့လေ့ ကျင့်ခန်းမျိုး ခဏလောက် ထလုပ်တာမျိုး တွေ ပြုလုပ်ပေးပါ။

၇။ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ဖို့ အတွက် ဗိုက်ဖောင်းတဲ့အထိလေကို အဝရှူလိုက်ပါ။ စက္ကန့်အနည်းငယ် လောက်အသက်အောင့်ထားပါ။ အသက် ကို ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်ပါ။ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ဖို့ တကူး တက အချိန်ပေးစရာ မလိုသလို နေရာ ရွေးနေစရာလည်း မလိုပါဘူး။ ဘယ်လို နေရာမှာဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်း တောင် သတိရတိုင်း ပြုလုပ်ပေးမယ်ဆို ရင် စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့နဲ့ ကိုယ်နေဟန်ထားကို ကောင်းမွန်စေဖို့ အထောက်အကူ များစွာဖြစ်ပါတယ်။

၈။ ခြေဗလာနဲ့ လမ်းလျှောက်ပါ
မြက်ခင်းပြင်ပေါ်၊ သဲသောင်ပြင်ပေါ် နဲ့ မြေကြီးပေါ်တွေမှာ ခြေဗလာနဲ့ မကြာ ခဏ လမ်းလျှောက်ပေးတာက ကြွက် သားတွေကို ပြေလျော့စေပြီး ကိုယ်နေ ဟန် အနေအထားကိုလည်း မှန်ကန်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

၉။ ဒေါက်မြင့်ဖိနပ်တွေ ရှောင်ပါ
အရမ်းမြင့်လွန်းတဲ့ ဒေါက်ချွန် ဖိနပ် တွေ စီးတာက ကိုယ်အလေးချိန် တစ်ခု လုံး ဖနောင့်ပေါ်ကို သက်ရောက်စေတဲ့အ တွက်ကိုယ်နေဟန်ထားကို ပျက်စီးစေနိုင် ပါတယ်။ ဖိနပ်အမြင့် စီးချင်တယ်ဆိုရင် တော့ အရှေ့အနောက် တစ်ပြေးညီမြင့်တဲ့ ဖိနပ်တွေကို စီးပေးနိုင်ပါတယ်။

၁၀။ ပက်လက် အိပ်ပါ
အိပ်စက်တဲ့အနေအထားကလည်း ကိုယ်နေဟန် အနေအထားပေါ်ကို များ စွာ သက်ရောက်မှုရှိစေပါတယ်။ ပက် လက်အိပ်တာက မှောက်ခုံအိပ်တာထက် စာရင် ပခုံးတွေကို ဖြောင့်တန်းစေပြီး ကျောရိုးကို သက်သောင့်သက်သာ ဖြစ် စေပါတယ်။
၁၁။ ယောဂလေ့ကျင့်ပါ
ယောဂကျင့်တာဟာ ကိုယ်နေဟန် အနေအထားကိုမှန်ကန်စေပြီး ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းပေးနိုင်တဲ့ အကောင်း ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

၁၂။ ဆွေးနွေးတိုင်ပင်ပါ
သင့်မှာ ခါးနာရောဂါ ဒါမှမဟုတ် မွေးရာပါ ခန္ဓာကိုယ်ဟန်ချက်မညီတာ တွေရှိနေရင် ကာယပညာရှင်တွေ၊ အထူး ကုဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင် ပင်ပြီး သင့်တော်မယ့် နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal