လိင်ဆက်ဆံစဉ်နာကျင်ရသည့် အကြောင်းရင်းများ

လိင်ဆက်ဆံစဉ်မှာ နာကျင်တဲ့ဝေဒနာအကြောင်းကို အမျိုးသမီးအချင်းချင်း ဆွေးနွေးလေ့မရှိတတ်ကြပါဘူး။ မိမိမှာ အဲဒီဝေဒနာခံစားနေရရင်တောင် ပါးစပ်ပိတ် ကာ ကြိတ်မှိတ်နေတတ်ကြပါတယ်။ အမှန်မှာတော့ ဒီလိုဖြစ်ရင် မိမိရဲ့ သားဖွားမီးယပ် ဆရာဝန်နဲ့ အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ဆွေးနွေးသင့်ပါတယ်။ ဒီလိုဖွင့်ပြောပြရမှာကို အရှက်အကြောက်ကြီးနေသူတွေအတွက် ဘာကြောင့် ဒီလိုနာ ကျင်ရလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါကြောင့်ပါ
လိင်အင်္ဂါရေယုန်နဲ့ အဖြူဆင်းရောဂါ (Chlamydia) လိုမျိုး လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကြောင့် အမျိုးသမီးတွေအနေနဲ့ လိင်ဆက်ဆံမှုပြုလုပ်ရာမှာ နာကျင်တတ်ပါတယ်။ နာကျင်တာနဲ့အတူ မိန်းမကိုယ်မှာ ယားယံတာ၊ ပူစပ်ပူလောင် ဖြစ်တာ၊ အဖျားရှိတာနဲ့ ခန္ဓာကိုယ်ကိုက်ခဲတာတွေပါ ဖြစ်တတ်ပါတယ်။ ဒီလိုဝေဒနာခံ စားနေရစဉ်မှာ သင့်အနေနဲ့ လိင်ဆက်ဆံမှုပြုလုပ်တာကို ခဏရပ်နားထားရပါမယ်။ သင်ရဲ့ အိမ်ထောင်ဖက်ကိုလည်း အဲဒီရောဂါတွေအတွက် စစ်ဆေးပြီး ပျောက်ကင်း အောင် ကုသပေးရပါမယ်။ နှစ်ဦးစလုံး ရောဂါကင်းစင်ပါမှ လိင်ဆက်ဆံမှုပြန်လည်ပြု လုပ်သင့်ပါတယ်။

မိန်းမကိုယ်သေးငယ်သွားတာကြောင့်ပါ
အီစထရိုဂျင်လျော့နည်းသွားတာကြောင့် မိန်းမကိုယ်နေရာမှာ ခြောက်သွေ့နေ ပြီး အမြှေးပါးနံရံတွေ ပါးလွှာရတဲ့အခြေအနေပါ။ များသောအားဖြင့် မီးယပ်သွေးဆုံး ပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့ပြီး ပါးလွှာနေတာ ကြောင့် လိင်ဆက်ဆံရာမှာ နာကျင်ရတာပါ။ မီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

တင်ပဆုံကွင်းရောင်ရမ်းရောဂါကြောင့်ပါ
လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေအပြင် ကလေးပျက်ကျတာ၊ သားလျှောတာ၊ ကလေးမွေးတာ ဒါမှမဟုတ် သားအိမ်ထဲမှာ သန္ဓေတားပစ္စည်းထည့် ထားတာတွေကြောင့် တင်ပဆုံကွင်းရောင်ရမ်းရောဂါရရှိနိုင်ပါတယ်။ ဒီရောဂါရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့ ဆီးစပ်တစ်ဝိုက်နဲ့ နောက်ကျောနေရာမှာ နာကျင်တာ၊ အဖြူ ဆင်းတာတွေအပြင် လိင်ဆက်ဆံရာမှာ အလွန်အမင်းနာကျင်နိုင်ပါတယ်။ တစ်ခါတစ် ရံမှာ ဆီးစပ်နေရာက အထိမခံနိုင်လောက်အောင် နာကျင်တတ်ပြီး လိင်ဆက်ဆံမှု အပြီးမှာ သွေးဆင်းတာမျိုးတွေအထိပါ ဖြစ်တတ်ပါတယ်။ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသဖို့ မမေ့ပါနဲ့။

မိန်းမကိုယ်ကြွက်သားကို အလွန်အမင်းကျုံ့ထားတာကြောင့်ပါ
သင့်အနေနဲ့ လိင်ဆက်ဆံရာမှာ အထိုးအသွင်းကို ခံနိုင်ရည်မရှိတာ ဒါမှမဟုတ် လိင်ဆက်ဆံစဉ်မှာ မိန်းမကိုယ်ပွင့်မလာတာတွေက မိန်းမကိုယ်ကြွက်သားအလွန်အ မင်း ကျုံ့ထားတာကြောင့်ပါ။ လိင်ဆက်ဆံတာတွေအပြင် သားအိမ်ထဲစစ်ဆေးတဲ့ ကိရိယာနဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ဖို့တောင် မခံနိုင်ကြပါဘူး။ ဒီလိုလူမျိုးတွေမှာ သားအိမ်ခေါင်းစစ်ဆေးမှု (Pap Smear)လည်း ပြုလုပ်လို့ မရပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို သေချာမရှင်းပြနိုင်ပေမယ့် တချို့က စိတ်ပိုင်းဆိုင်ရာပြဿနာ ကြောင့် ဖြစ်တတ်လို့ ဆိုပါတယ်။ ငယ်စဉ်ဘ၀က အဓမ္မကျင့်ခံရတာ ဒါမှမဟုတ် လိင် အကြမ်းဖက်မှုခံရတာတွေကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

သားအိမ်အမြှေးပါး နေရာလွဲမှားနေတာကြောင့်ပါ
လိင်ဆက်ဆံရာမှာနာကျင်ရတဲ့အဓိကအကြောင်းရင်းက သားအိမ်အမြှေးပါး နေရာလွဲမှားစွာ ရှိနေတာကြောင့်ပါ။ သားအိမ်အမြှေးပါးက သားအိမ်အတွင်းမှာ ရှိ နေရမယ့်အစား သားအိမ်အပြင်ဘက်မှာ တည်ရှိနေတာကြောင့် လိင်ဆက်ဆံရာမှာ ပြင်းထန်စွာ ထိုးသွင်းခံရသလို နာကျင်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ လိင်ဆက်ဆံပြီး နှစ်ရက်ကြာတဲ့အထိတောင် ဆက်လက်နာကျင်နေတတ်ပါတယ်။ ဒီဝေဒနာတွေအပြင် လိင်ဆက်ဆံအပြီးမှာ ဆီးသွားရခက်ခဲတာ၊ ဝမ်းသွားရမလွယ်ကူတာတွေ ဖြစ်တတ်ပါ တယ်။ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

သားအိမ်ခေါင်းရောင်ရမ်းနေတာကြောင့်ပါ
အမျိုးသမီးတွေအနေနဲ့ တစ်ချိန်ချိန်မှာ ဖြစ်လာနိုင်တဲ့ သားအိမ်ခေါင်းရောင်ရမ်း တဲ့ပြဿနာကြောင့် လိင်ဆက်ဆံစဉ် နာကျင်မှုဝေဒနာခံစားရနိုင်ပါတယ်။ ဘက်တီးရီး ယားရောဂါပိုးဝင်တာ ဒါမှမဟုတ် လိင်မှတစ်ဆင့်ကူးစက်ခံရတဲ့ရောဂါ၊ ကွန်ဒုံးမှာ ပါတဲ့ သားရေနဲ့ ဓာတ်မတည့်မှုဖြစ်တာ ဒါမှမဟုတ် သန္ဓေတားပစ္စည်းမှာ ပါဝင်တဲ့ သုက်ပိုး သတ်ပစ္စည်းတွေကြောင့် သားအိမ်ခေါင်းရောင်ရမ်းနိုင်ပါတယ်။ ရောဂါဖြစ်ရတဲ့အ ကြောင်းရင်းကို သိရင် ထိထိရောက်ရောက်ကုသဖို့ လွယ်ကူသွားနိုင်ပါတယ်။ လိင် ဆက်ဆံအပြီးနာကျင်တာက ရက်ကြာနေပြီး ဖြစ်ရတဲ့အကြောင်းရင်းလည်း အလွယ် တကူရှာဖွေမတွေ့ခဲ့ရင်တော့ ကုသရာမှာ ခက်ခဲမှုရှိနိုင်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ လိင်ဆက်ဆံရာမှာ ပုံမှန်မဟုတ်တဲ့နာကျင်မှုဝေဒနာခံစား ရရင် ဒါမှမဟုတ် မိန်းမကိုယ်ကနေ အရည်တွေ ဆင်းကျနေရင် ရှက်ကြောက်မနေဘဲ ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုအပ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *