လဲကျတိုင်း ပြန်ထဖို့ ကြိုးစားပါ

ငယ်စဉ်ကလေးဘဝတုန်းက ချော်လဲရင် ငိုခဲ့တာ မှတ်မိကြမှာပါ။ လူကြီးတွေက အငိုတိတ်အောင် ချော့ရမော့ရနဲ့လေ။ အလယ်တန်း၊ အထက်တန်းရောက်တော့ ချော်လဲတဲ့အခါ ငိုသေးလား။

သိတတ်တဲ့ အရွယ်ရောက်လာပြီဆိုတော့ ငိုချင်ပေမယ့် မငိုအောင် ထိန်းနိုင်လာတယ်။ အသက်အရွယ်နဲ့ ရင့်ကျက်မှုက လူတိုင်း အတွက်တော့ အချိုးကျမှာ မဟုတ်ပါဘူး။ နေ့စဉ်လူ့ပတ်ဝန်းကျင်မှာလည်း အသက် ကြီးပေမယ့် မရင့်ကျက်နိုင်တဲ့သူတွေ၊ အသက်ငယ်ပေမယ့် ဆင်ခြင်တုံတရား အားကောင်းသူတွေကို တွေ့မြင်နိုင်ပါတယ်။
လူ့ဘဝစပြီဆိုတာနဲ့ ငယ်စဉ်ကလေးဘဝလို အပူအပင်ကင်းကင်းနဲ့ နေနိုင်ဖို့က ခက်သွားပါတယ်။ ချမ်းသာတဲ့ သူမှာလည်း သူ့အပူနဲ့သူ၊ ဆင်းရဲတဲ့သူမှာလည်း သူ့အပူနဲ့သူ ရှိကြပါတယ်။ လောကဒဏ်ကို မခံနိုင်တဲ့အခါ ပျက်စီးဆုတ်ယုတ်ရာလမ်းကြောင်းပေါ်ရောက်သူတွေ ရှိသလို စိတ်လွတ်သွားသူတွေလည်း ရှိပါတယ်။ ဒီထက်ပိုဆိုးတာက ကိုယ့်ကိုယ်ကို အဆုံးစီရင်တာပါပဲ။ ဒါတွေဟာ အဓိက ကတော့ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ ဖြစ်တာပါ။ ဥပမာ ပြောပြရမယ်ဆိုရင် သတိမရှိတဲ့စိတ်ဟာ မြင်းလှည်းဆရာ မပါတဲ့ လှည်းလိုပါပဲ။ စိတ်ဖြစ်တဲ့မြင်းက သွားချင်ရာလျောက်သွားနေမှာပါ။

သင့်ကိုယ်သင် ပြောင်းလဲမှု လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း သိနိုင်တဲ့ အချက်တွေက –
– အိပ်မပျော်တာ၊ နိုးကြားတက်ကြွမှုမရှိတာ
– စာဖတ်လို့ မရတာ၊ အလုပ်မှာ စိတ်နှစ်လို့မရတာ
– အွန်လိုင်းမီဒီယာတွေပေါ်မှာပဲ အချိန်ဖြုန်းနေတာ
– သင်ယူဖို့နဲ့ ဝါသနာတွေလုပ်ဆောင်ဖို့ စိတ်မဝင်စားတာ
– အစားအများကြီးစားတာ ဒါမှမဟုတ် အစာစားချင်စိတ်မရှိတာ
– မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မလုပ်တာ
– အမြဲလိုလို ညည်းညူနေတာ

နာကျင်မှု
လူအတော်များများဟာ အချိန်အတော်ကြာကြာထိ စိတ်ပင်ပန်း၊ ဆင်းရဲနေရတယ်ဆိုတာ တစ်ကယ်တော့ သူတို့ ကိုယ်တိုင်က ပျော်ရွှင်မှုကို လက်မခံချင်သေးတဲ့ စိတ်ကြောင့် ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ နာကျင်စေတဲ့ မကျေနပ်စိတ်၊ ကြောက်စိတ်တွေကို ထပ်တလဲလဲ ပြန်ခံစားနေလေ ဒီစိတ်ခံစားမှုတွေက ပိုအားကောင်းလေလေပါပဲ။ နောက်ပိုင်းမှာ ဘယ်ကနေစခဲ့တယ်ဆိုတာ မသိနိုင်တော့ဘဲ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာပါ လမ်းပျောက်သွားနိုင်ပါတယ်။ ဒီအတွက် သတိနဲ့ယှဉ်ပြီး သင့်စိတ်ကို မြင်အောင် ကြည့်ရမှာပါ။ သင့်ကို ဘယ်အရာက စိတ်ပင်ပန်းနေစေလဲ သိပြီဆိုရင် ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားပါ၊ မဖြေရှင်းနိုင်ဘူးဆိုရင် သိတယ်ဆိုတဲ့ အသိနဲ့ပဲ ထားလိုက်ပြီး အဲ့ဒီစိတ်ကို လွှတ်လိုက်ပါ။ အသိနဲ့သတိမြဲနေမယ်ဆိုရင် မကောင်းတဲ့ စိတ်ခံစားမှုကို တွေ့အောင်၊ သိအောင် ရှာနိုင်ပါမယ်၊ ဒီအခါ သူက ပျောက်သွားပါလိမ့်မယ်။

စိတ်ကြည်နူးဝမ်းသာမှု
သင့်ကို စိတ်ပင်ပန်း၊ စိတ်ရှုပ်စေတဲ့ အကြောင်းတွေကို သိမြင်ပြီဆိုရင် ဒါတွေကနေ ကောင်းမွန်တဲ့ စိတ်ခံစားမှုပြောင်းနိုင်ဖို့ ကြိုးစားပါမယ်။ ဒီအတွက် ပထမ အဆင့်အနေနဲ့ သင်ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို အပြည့်အဝ အနားပေးဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားမှုရဖို့ ကောင်းတဲ့ စိတ်ကို မွေးမြူရပါမယ်။ သင်ဘဝမှာ အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အချိန်တွေ၊ သင့်ကိုယ်သင် ကျေနပ်အားရ ဖြစ်ခဲ့တဲ့အချိန်တွေ၊ သင့်ကြောင့် သူတစ်ပါးပျော်ရွှင်ခဲ့တဲ့အချိန်တွေကို ပြန်စဉ်းစားပါ။ ဒါ့အပြင် သင်ရဲ့ မိသားစုဝင်၊ သူငယ်ချင်းတွေရဲ့ အောင်မြင်မှုတွေကိုပါ သင်မျှဝေခံစားပြီး ပျော်ရွှင်မှုကို ကူးယူပါ။ သင့်စိတ်မှာ ဝမ်းသာမှု၊ ကြည်နူးမှုဆိုတဲ့ ကောင်းတဲ့စိတ်ခံစားမှုတွေ များများဖြစ်ပေါ်လေ သင်ရဲ့ စိတ်နဲ့ ခန္ဓာကို ငြိမ်းချမ်းလေ ဖြစ်ပါတယ်။

ဒါကြောင့်အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် သင်ရဲ့ ကြောက်စိတ်၊ မသိစိတ်ကို သိအောင်လုပ်ပြီး လွှတ်ချသင့်တာ လွှတ်ချလိုက်ပါ။ ကောင်းမွန်တဲ့စိတ်ခံစားမှုကိုအားကောင်းသထက် ကောင်းအောင် ပွားများပါ။ အမျက်ဒေါသကို နည်းနိုင်သလောက် နည်းအောင်နေပြီး မေတ္တာထားပါ။ ခက်ခဲကြမ်းတမ်းမှာပဲလို့ တွေးမယ့်အစား ဒါဟာ ဘဝအတွက် နောက်တစ်ဆင့်တက်ဖို့ ခြေလှမ်းပဲလို့ သင့်ကိုယ်သင်စိန်ခေါ်လိုက်ပါ။

#ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *