လျစ်လျူမရှုသင့်သော ခန္ဓာကိုယ်၏ သတိပေးလက္ခဏာများ

ကျွန်မတို့ဟာ နေထိုင်မကောင်းဖြစ်ခဲ့ရင် ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ဆေးဝါးတွေ၊ ကွမ်းယာဆိုင်က စပ်ပေးတဲ့ စပ်ဆေးတွေကို ပြီးစလွယ် အသုံးပြုတတ် ကြပါတယ်။ ရောဂါမကြီးမားခဲ့ရင်တော့ ဒီဆေးဝါးတွေနဲ့ သက်သာသွားတတ်ပေမယ့် တချို့ရောဂါလက္ခဏာတွေကိုတော့ ဒီဆေးဝါးတွေအသုံးပြုပြီး လျစ်လျူမရှုထားသင့် ပါဘူး။ ရောဂါတွေဟာ နုစဉ်အခါမှာ ကုသရင် ပျောက်ကင်းဖို့ လွယ်ကူပေမယ့် အခြေ အနေဆိုးရွားမှ ကုသခဲ့ရင် အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ ပေါက်ရသလို ဖြစ်သွား ပါလိမ့်မယ်။ အောက်ပါလက္ခဏာတွေက လျစ်လျူမရှုသင့်တဲ့ ခန္ဓာကိုယ်ရဲ့ သတိပေး တဲ့အချက်တွေပါ။

ကိုယ်အလေးချိန်အတက်အကျမြန်ခြင်း
သင့်ခန္ဓာကိုယ်ရဲ့အလေးချိန်က တစ်သမတ်တည်း တည်ငြိမ်နေတာက ကျန်း မာနေတယ်လို့ ခေါ်ဆိုနိုင်ပေမယ့် အလေးချိန်အတက်အကျမြန်လွန်းတာက ကျန်းမာ ရေးပြဿနာဖြစ်နေနိုင်ပါပြီ။ ရုတ်တရက်ကိုယ်အလေးချိန်အလွန်မြင့်တက်လာတာက သင့်မှာ ဆိုးဆိုးရွားရွားကျန်းမာရေးပြဿနာ ဒါမှမဟုတ် စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာလိုမျိုး စိတ်ကျန်းမာရေးပြဿနာဖြစ်နေပါပြီ။ သင့်အနေနဲ့ သင်ကြိုက်နှစ်သက် တဲ့ ဂျင်းဘောင်းဘီ၊ ဇစ်ဆွဲထဘီတွေနဲ့ မတော်တော့ဘူးဆိုရင် သင့်ကျန်းမာရေးအတွက် စစ်ဆေးသင့်ပါပြီ။

အိပ်စက်မှုအခက်အခဲဖြစ်ခြင်း
ကိုယ်အလေးချိန်အပြောင်းအလဲဖြစ်တာက စိတ်ကျန်းမာရေးနဲ့ဆက်စပ်နေသလို မျိုး အိပ်စက်မှုပြဿနာဖြစ်တာကလည်း စိတ်ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။ အိပ်ရာထဲမှာ ဟိုဘက်ဒီဘက်လှည့်ပြီး အိပ်မပျော်ဖြစ်နေတာက စိတ်ဖိစီးမှုများလွန်းတာ၊ စိုးရိမ်စိတ်များလွန်းတာ ဒါမှမဟုတ် စိတ်ဓာတ်ကျဝေဒနာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ အပြင် တခြားကျန်းမာရေးပြဿနာကြောင့်လည်း အိပ်မပျော်ဖြစ်တတ်တာမို့ ဆရာ ဝန်နဲ့ စစ်ဆေးပါ။

စိတ်နေစိတ်ထားပြောင်းလဲခြင်း
သင့်စိတ်အပြောင်းအလဲမြန်လွန်းတာက အလုပ်ထဲက ဖိစီးမှုပြဿနာတွေကြောင့် လား ဒါမှမဟုတ် သင်နဲ့ အနီးကပ်ပတ်သက်သူတွေဆုံးရှုံးလိုက်ရတာကြောင့်လား ဒါ မှမဟုတ် တစ်ယောက်ယောက်က အနှောင့်အယှက်ပေးနေတာကြောင့်လား။ ဒါတွေ တစ်ခုမှ မဟုတ်ဘူးဆိုရင် ဟော်မုန်းပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသ ပြီး စစ်ဆေးပါ။

မောပန်းလွယ်နေခြင်း
တစ်နေ့တာလုံး အလုပ်လုပ်ရတဲ့အတွက် ပင်ပန်းနွမ်းနယ်နေတာက ပုံမှန်အနေ အထားပါ။ ဒါပေမဲ့ အလုပ်ပင်ပင်ပန်းပန်းမလုပ်ရဘဲ မောပန်းနေတယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်း ဟော်မုန်းညီညွတ်မျှတမှုမရှိတာကြောင့်ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါ ဒါမှမဟုတ် နှလုံးရောဂါဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသပါ။

ဝမ်းချုပ်ခြင်း
အမျှင်ဓာတ်အစားနည်းတာကြောင့် ဝမ်းချုပ်တာက ပြဿနာမဟုတ်ပေမယ့် ဝမ်းသွားမှုပုံမှန်မဖြစ်တာက ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါ တယ်။ အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ အူမကြီးပိတ်ဆို့တဲ့ ရောဂါတွေဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ကုသဖို့ လိုအပ်ပါတယ်။

ဆံပင်ကျွတ်ခြင်း
သင့်အနေနဲ့ နေ့စဉ်နေ့တိုင်း ဆံသားမျှင် ၅၀-၁၀၀ အထိ ကျွတ်နိုင်တဲ့အတွက် သင့်ဘေးမှာ ဆံခြည်မျှင်တွေ မြင်နေရလို့ စိုးရိမ်စိတ်မဖြစ်ပေါ်ပါနဲ့။ ဆံပင်အကျွတ်များ တာနဲ့အတူ ဆံသားခြောက်သွေ့တာက ဇီဝရုပ်ဖြစ်စဉ်နှေးကွေးတဲ့အခြေအနေဖြစ်ပါ တယ်။ ဆံပင်အလွန်ကျွတ်တာက စိတ်ဖိစီးမှုများတာကြောင့် ဖြစ်နိုင်သလို သင့်ဆံပင် အတွက် အသုံးပြုတဲ့ အလှထုတ်ကုန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မှဲ့အသစ်ထွက်ခြင်း
လူတိုင်းလူတိုင်းရဲ့ ခန္ဓာကိုယ်မှာတော့ မှဲ့ ဒါမှမဟုတ် မွေးရာပါအမှတ်အသား တွေ ရှိတတ်ပါတယ်။ နဂိုရှိပြီးသားမှဲ့မဟုတ်ဘဲ အသစ်ထွက်လာတဲ့မှဲ့အတွက်ကတော့ စိတ်ပူသင့်ပါတယ်။ အထူးသဖြင့် နေရောင်ထဲမှာ အကြာကြီး ထွက်ပြီး အလုပ်လုပ်တဲ့ သူတွေမှာ မှဲ့အသစ်ထွက်ရင်ပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ခံရတာများလွန်းရင် အရေပြားကင်ဆာဖြစ်နိုင်တဲ့အတွက် မှဲ့အသစ်ထွက်တိုင်း ကင်ဆာ ဟုတ် မဟုတ် စစ်ဆေးသင့်ပါတယ်။

ရုတ်တရက် အဖုအပိမ့်ထွက်ခြင်း
မှဲ့အသစ်ထွက်သလိုပဲ အဖုအပိမ့်တွေ ရုတ်တရက်ထွက်လာတာကလည်း ကျန်း မာရေးအတွက် မကောင်းပါဘူး။ ရင်ဘတ်၊ လက်မောင်းနဲ့ မျက်နှာမှာ အဖုအပိမ့်ထွက် တာက နေရောင်ခြည်နဲ့ သွေးတိုးကျဆေး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေ ဓာတ်ပြုတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ရှင်းပြထားပါတယ်။ ဒီအဖု အပိမ့်တွေက လူးပတ်စ်လိုရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လက်သည်းအားနည်းခြင်း
လက်သည်းကြွပ်ဆတ်ပြီး အလွယ်တကူ ကျိုးပဲ့တာက သင်ရဲ့ သိုင်းရွိုက်ဂလင်း ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ လက်သည်းအရောင် ပြောင်းလဲတာ ဒါမှမဟုတ် အထူအပါးပြောင်းလဲတာက မှိုပိုးဝင်ရောက်တဲ့လက္ခဏာပါ။
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *