လျစ်လျူရှုမထားသင့်သော ခြေထောက်အတွင်း သွေးခဲခြင်း

ခြေထောက်အတွင်း သွေးခဲတုံးတွေ ရှိနေရင် သင့်ခြေထောက်က နီရဲပြီး ရောင် ရမ်းကာ နာကျင်နေတတ်ပါတယ်။ ခြေထောက်တစ်ဖက်ရဲ့ အတွင်းကျကျနေရာက သွေးပြန်ကြောထဲမှာ သွေးခဲတုံးရှိနေရင် ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေ ဖြစ် ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် အဲဒီသွေးခဲက သဘာဝအတိုင်း ပြန်လည်ပျော်ဝင် မသွားခဲ့ရင် အဲဒီသွေးခဲတုံးက ပြုတ်ကျသွားပြီး သွေးလှည့်ပတ်မှုကတစ်ဆင့် အဆုတ် အတွင်း ရောက်ရှိကာ Pulmonary Embolism ဖြစ်ပြီး အသက်အန္တရာယ်ရှိပါတယ်။
ခြေထောက်အတွင်းမှာ သွေးခဲရတာက သွေးလှည့်ပတ်မှုမကောင်းတာ၊ သွေးပြန် ကြောဒဏ်ရာရတာ၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူ အပြီး ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် ဖြစ်တာပါ။ လေယာဉ်ပျံစီးချိန် ဒါမှမဟုတ် ကားစီးချိန် ကြာရှည်တဲ့အခါမှာလည်း ဒီပြဿနာဖြစ်ပေါ်နိုင်ပါတယ်။

သွေးခဲခြင်းဆိုသည်မှာ
သွေးချပ်ပြားတွေ စုဆောင်းမှုများလာပြီး ထူထပ်တဲ့အကျိတ်အခဲဖြစ်လာတာကို သွေးခဲတယ်လို့ ခေါ်ပါတယ်။ ခြေထောက်ရဲ့ သွေးပြန်ကြောမှာ သွေးခဲတာက မျိုးရိုး ဗီဇကြောင့် ဖြစ်နိုင်သလို ခြေထောက်လှုပ်ရှားမှု မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးခဲတာက သွေးအလွန်အကျွံယိုစီးမှုမဖြစ်အောင် ကာကွယ်နိုင်တယ်ဆိုပေမယ့် သွေးပြန်ကြောထဲမှာ သွေးခဲနေရင်တော့ အန္တရာယ်များပါတယ်။
ခြေထောက်အတွင်း သွေးခဲရသည့်အကြောင်းရင်း
ခြေသလုံးကြွက်သားအတွင်းက သွေးပြန်ကြောထဲမှာ သွေးခဲတာက သင်ရဲ့ သွေးလှည့်ပတ်မှုမှာ အနှောင့်အယှက်ဖြစ်နေတာကြောင့်ပါ။ အဓိကအကြောင်းအရာ တွေအနေနဲ့ –
– အချိန်အကြာကြီးထိုင်ရခြင်း
လေယာဉ်ပျံ၊ ဘတ်စကား ဒါမှမဟုတ် ကိုယ်ပိုင်ကားထဲမှာ လေးနာရီထက် ပိုကြာ မြင့်အောင် ဆက်တိုက်ထိုင်နေတာက ခြေသလုံးကြွက်သားအတွင်း သွေးခဲနိုင်ခြေ မြင့်မားတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက ထုတ်ဖော်ထားပါ တယ်။
– အိပ်ရာထဲမှာ အကြာကြီးနေရခြင်း
ခွဲစိတ်ကုသခံယူထားတာကြောင့် ဒါမှမဟုတ် နာတာရှည်ရောဂါကြောင့် အိပ်ရာ ထဲလဲနေသူတွေမှာလည်း ခြေထောက်အတွင်း သွေးခဲနိုင်ခြေ မြင့်မားပါတယ်။
– ခွဲစိတ်ကုသမှုခံယူထားရခြင်း
အမျိုးသားကျန်းမာရေးအဖွဲ့က ဆရာဝန်တွေကတော့ ခွဲစိတ်ကုသမှုခံယူပြီး သုံးလအချိန်အထိ ခြေထောက်အတွင်း သွေးခဲနိုင်ခြေရှိတယ်လို့ ထုတ်ဖော်ထားပါ တယ်။ ခွဲစိတ်ကုသမှုခံယူထားသူတွေအနေနဲ့ သွေးခဲမှုမဖြစ်အောင် ကာကွယ်မှုမလုပ် ထားခဲ့ရင် သွေးခဲနိုင်ခြေက ၇၀ ရာခိုင်နှုန်းရှိပါတယ်။
– ခြေထောက်ဒဏ်ရာရခြင်း
သုတေသနပြုလုပ်ချက်အရ ခြေထောက်အတွင်း ဒဏ်ရာအသေးအဖွဲလေးရ ရင်တောင်မှာ ခြေထောက်အတွင်းသွေးခဲနိုင်ခြေ သုံးဆပိုများတယ်လို့ သိရပါတယ်။ ခြေထောက်ကို ကျောက်ပတ်တီးစည်းထားတာ ဒါမှမဟုတ် ခြေထောက်ခွဲစိတ်ကုသမှု ခံထားရတာကြောင့် ခြေထောက်အတွင်း သွေးခဲနိုင်ခြေ သိသိသာသာ မြင့်မားသွားပါ တယ်။
– အခြားအကြောင်းအရာများ
အဝလွန်တာ၊ ကိုယ်ဝန်ဆောင်ထားတာ၊ နှလုံးရောဂါရှိတာ ဒါမှမဟုတ် သန္ဓေတားဆေးမှီဝဲတာကြောင့် ခြေထောက်အတွင်း သွေးခဲနိုင်တယ်လို့ သိရပါတယ်။
ခြေထောက်အတွင်း သွေးခဲနေသည့်လက္ခဏာများ
– ခြေသလုံးကြွက်သားရောင်ရမ်းနေခြင်း
ခြေထောက်တစ်ဖက်ရဲ့ ခြေသလုံးကြွက်သား သိသိသာသာ ရောင်ရမ်းနေရင် သင့်ခြေထောက်အတွင်း သွေးပြန်ကြောမှာ သွေးခဲတုံးရှိနေပါပြီ။ ဒီသွေးခဲတုံးက ခန္ဓာ ကိုယ်က သွေးတွေကို နှလုံးဆီ ပြန်မပို့အောင် တားမြစ်ထားတာကြောင့် ခြေထောက် ရောင်ရမ်းနေတာပါ။
– ခြေသလုံးကြွက်သား နာကျင်နေခြင်း
အဲဒီသွေးခဲတုံးက သဘာဝအတိုင်း ပျော်ဝင်မသွားဘဲ ဆက်လက်ကြီးထွားနေ ခဲ့ရင် ခြေထောက်အောက်ပိုင်း နာကျင်နေတတ်ပါတယ်။ မေရိုးကလင်းနစ်က ဆရာဝန် တွေကတော့ ခြေထောက်တစ်ဖက်ရဲ့ ခြေသလုံးကြွက်သားရောင်ရမ်းနေပြီး ကြွက် တက်သလို ကိုက်ခဲနေခဲ့ရင် (အထူးသဖြင့် ညအိပ်ချိန်မှာ) ခြေထောက်အတွင်း သွေး ခဲနေတဲ့အခြေအနေလို့ ပြောပြထားပါတယ်။
– ခြေထောက်ကွေးစဉ် နာကျင်နေခြင်း
ခြေသလုံးကြွက်သားတွေနာကျင်နေတဲ့အပြင် ခြေထောက်ကို ကွေးလိုက်တဲ့အခါ မှာ နာကျင်မှုဝေဒနာက ပိုမိုဆိုးရွားနိုင်ပါတယ်။

– ခြေသလုံးကြွက်သားအထိမခံနိုင်ခြင်း
သွေးပြန်ကြောသွေးခဲတဲ့နေရာတစ်ဝိုက်မှာ ရောင်ရမ်းပြီး နာကျင်နေတဲ့အပြင် အထိမခံနိုင်ဖြစ်နေတတ်ပါတယ်။
– ခြေသလုံးကြွက်သားနေရာတွင် နီရဲနေခြင်း
ခြေထောက်သွေးကြောအတွင်း သွေးခဲတုံးက သူ့အလိုလိုမပျော်ဝင်ခဲ့ရင် ခြေသ လုံးကြွက်သားနေရာမှာ နီရဲပြီး နာကျင်နေတတ်ပါတယ်။ အထူးသဖြင့် အရေပြားအနီး မှာရှိတဲ့ သွေးကြောအတွင်းမှာ သွေးခဲတုံးပိတ်ခဲ့ရင် နီရဲတာ ပိုမိုသိသာနိုင်ပါတယ်။ Thrombophlebitis လို့ခေါ်ပြီး ပေါင်နေရာ ဒါမှမဟုတ် ခြေသလုံးနေရာမှာ နီရဲ ရောင်ရမ်းနေတတ်ပါတယ်။ ဒီအခြေအနေက သွေးပြန်ကြောဖောင်းကားမှုရှိတဲ့သူ တွေမှာ အဖြစ်များပါတယ်။
– ခြေသလုံးနေရာတွင် ပူနွေးနေခြင်း
သွေးခဲတုံးက ပေါင် ဒါမှမဟုတ် ခြေသလုံးမှာ ရှိနေပြီး သွေးပြန်ကြောတစ်လျှောက် ပိတ်နေမယ်ဆိုရင် အဲဒီနေရာက အရေပြားဟာ ကိုင်လိုက်ရင် ပူနွေးနေတတ်ပါတယ်။ ဒါ့အပြင် ယားလည်း ယားနေတတ်ကာ အဖုအပိမ့်တွေလည်း ပေါက်နေတတ်ပါတယ်။
– ပေါင်နေရာတစ်ဝိုက်နာကျင်ခြင်း
ခြေထောက်ရဲ့ သွေးပြန်ကြောမကြီးမှာ သွေးခဲနိုင်သလို တင်ပဆုံကွင်းနေရာမှာ ရှိတဲ့သွေးပြန်ကြောမှာလည်း သွေးခဲနိုင်ပါတယ်။ အဲဒီနေရာမှာသွေးခဲရင်တော့ ပေါင် နေရာတစ်ဝိုက်နာကျင်နေတတ်ပါတယ်။ ဆက်လက်ဖော်ပြပါမည်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal