ဝမ်းပျက်ဝမ်းလျှောနှင့်ပတ်သတ်သည့် အယူအဆများ

မိမိ ဒါမှမဟုတ် မိမိကလေးငယ် ဝမ်းပျက်ဝမ်းလျှောဖြစ်လာရင် ခံစားရခက်တာ ကြောင့် အမြန်ပျောက်ကင်းအောင် အစာတွေရှောင်တဲ့ အယူအဆတွေရှိကြပါတယ်။ ဒီလိုအယူအဆများစွာထဲက အမှန်နဲ့အမှားကို ခွဲခြားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

အယူအဆ
BRAT Diet စားတာက ဝေဒနာသက်သာနိုင်ပါတယ်။
မှားပါတယ်
BRAT Diet ဆိုတာက B=Bananaa (ငှက်ပျောသီး)ယ R= Rice (ဆန်)A=Applesauce (ပန်းသီးယို)၊ T = Toast (ပေါင်မုန့်မီးကင်)ဖြစ်ပြီး တစ်ချိန်က သူတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီ BRဗွှ အစားအစာမှာ ပရိုတင်းနဲ့ အဆီလိုမျိုး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာ ရဓာတ်တွေ လုံလုံလောက်လောက် မပါဝင်ပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်ခါစမှာ ဆန် ပြုတ်လိုမျိုး အစားအစာနဲ့ အစာအပျော့တွေ စားနိုင်ပေမယ့် ပုံမှန်အစားအစာကိုတော့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်စားသုံးပေးရပါမယ်။

အယူအဆ
ရေဓာတ်ချို့တဲ့တာက ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာပါ။
မှန်ပါတယ်
ဝမ်းပျက်တာကြောင့် ရေဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ ရေဓာတ်ဆုံးရှုံးတာများတာ ကြောင့် ရေဓာတ်ချို့တဲ့တာဖြစ်လာပါတယ်။ (အထူးသဖြင့် ကလေးငယ်တွေမှာပါ)။ ကလေးတစ်ယောက်က ရေငတ်တာ၊ နှုတ်ခမ်းခြောက်နေတယ် ဒါမှမဟုတ် နို့စို့ကလေး တွေမှာဆိုရင် ငယ်ထိပ်ချိုင့်တာ၊ ပုံမှန်ထက် ဆီးသွားနည်းတာ၊ မျက်ရည်မထွက်ဘဲ ငိုနေတာတွေက ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာပါ။ လူကြီးတွေမှာလည်း ဒီလက္ခဏာ ပြတတ်ပါတယ်။ ရေဓာတ်ခန်းခြောက်နေရင် ဆရာဝန်နဲ့မဖြစ်မနေပြသရပါမယ်။ ဓာတ် ဆားရည်၊ သစ်သီးဖျော်ရည်၊ ကြက်ပေါင်းတွေပြန်လည်သောက်ပေးဖို့လိုအပ်ပါတယ်။

အယူအဆ
တုပ်ကွေးကာကွယ်ဆေးထိုးထားတာက အစာအိမ်တုပ်ကွေးကို ကာကွယ်နိုင် ပါတယ်။
မှားပါတယ်
ရာသီတုပ်ကွေးကြောင့် အဖျားရှိတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ မအီမသာဖြစ်တာ တွေ ရှိပေမယ့် ဝမ်းပျက်တာကတော့ ဖြစ်ခဲပါတယ်။ တုပ်ကွေးရောဂါက အသက်ရှူ လမ်းကြောင်းနဲ့ အဆုတ်မှာ ဖြစ်တာပါ။ အစာအိမ်တုပ်ကွေးက ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီး ရာသီတုပ်ကွေးဖြစ်စေတဲ့ ရောဂါပိုးနဲ့ မတူညီပါဘူး။ ဒါကြောင့် မကာကွယ်နိုင် ပါဘူး။

အယူအဆ
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် အဆီစာတွေကို လုံးဝရှောင်သင့်ပါတယ်။
မှားပါတယ်
အဆီစာတွေ၊ ဆီကြော်စာတွေကို အစာခြေရခက်ခဲတာမို့ ဝမ်းပျက်ဝမ်းလျှော ပိုမိုဆိုးရွားနိုင်တယ်ဆိုပေမယ့် အဆီအနည်းငယ်စားတာကတော့ ဝမ်းပျက်တာကို သက်သာစေနိုင်ပါတယ်။ အဆီကို အစာချေဖျက်ဖို့ နှေးကွေးတာကြောင့် ဝမ်းလျှော တဲ့လက္ခဏာသက်သာသွားတာပါ။ အဆီကို စုပ်ယူနိုင်တဲ့ပြဿနာမရှိသရွေ့တော့ ထောပတ် အနည်းငယ်၊ အဆီပါတဲ့အသား အနည်းငယ် စားနိုင်ပါတယ်။

အယူအဆ
ဆေးတွေကြောင့် ဝမ်းပျက်နိုင်ပါတယ်။
မှန်ပါတယ်
ဆေးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးမှာ ဝမ်းပျက်တာလည်း ပါဝင်ပါတယ်။ ဥပမာ အားဖြင့် ပဋိဇီဝဆေးဝါး၊ တချို့ကင်ဆာကုသဆေးဝါး၊ စိတ်ကျပျောက်ဆေး၊ ဆီးချိုရောဂါနဲ့ သွေးတိုးကျဆေးတွေက ဝမ်းပျက်နိုင်ပါတယ်။ ဒီဆေးတွေ သောက်ပြီးတော့မှ ဝမ်းပျက် တယ်ဆိုရင် ဆရာဝန်ကိုပြောပြီး ဆေးအသစ်ပြောင်းခိုင်းပါ။

အယူအဆ
အချိုစာတွေက ဝမ်းပျက်တဲ့ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
မှန်ပါတယ်
ဝမ်းပျက်တာကြောင့် ဆုံးရှုံးသွားတဲ့အရည်ကို ပြန်ရဖို့ တချို့က ဆော်ဒါပါဝင်တဲ့ အားကစားဖျော်ရည်တွေကို သောက်သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ အချိုဓာတ်များများပါဝင် တဲ့ဖျော်ရည်တွေ၊ သဘာဝသကြားပါတဲ့ သစ်သီးဖျော်ရည်တွေကတောင် ဝမ်းပျက် ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။ သကြားက အရည်တွေကို အူထဲကို ရောက်အောင် ဆွဲယူလိုက်တဲ့အတွက် ဝမ်းကျဲသွားတာကြောင့်ပါ။

အယူအဆ
ကလေးငယ်တွေ သွားစပေါက်ချိန်မှာ ဝမ်းပျက်နိုင်ပါတယ်။
မှားပါတယ်
ဒီအယူအဆကို မိဘတိုင်းက ယုံကြည်ကြပါတယ်။ ကလေးအထူးကုဆရာဝန် တွေကတော့ ကလေးသွားပေါက်တာကြောင့် ဝမ်းပျက်တာမဟုတ်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။ သွားပေါက်တာကြောင့် ကလေးငယ်မအီမသာဖြစ်နိုင်ပါတယ်။ ဝမ်းပျက်တာ ဒါမှမဟုတ် အဖျားရှိနေရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။

အယူအဆ
အမျှင်ဓာတ်ပါတဲ့အစားအစာတွေက ဝမ်းပျက်တာကို သက်သာစေပါတယ်။
မှန်ပါတယ်
ဒါပေမဲ့ အမျှင်အမျိုးအစားပေါ်မှာလည်း မူတည်ပါသေးတယ်။ ပဲအမျိုးမျိုး၊ အခွံနွှာထားတဲ့ သစ်သီးနဲ့ ချက်ပြုတ်ပြီးသား ဟင်းသီးဟင်းရွက်မှာပါဝင်တဲ့ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်တွေက အူထဲ က အရည်တွေကို စုပ်ယူလိုက်နိုင်တဲ့အတွက် ဝမ်းကျစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကောက်နှံတစ်ခုလုံးပါဝင်စာ၊ ဟင်းသီးဟင်းရွက်အ စိမ်းနဲ့ သစ်သီးအခွံမှာပါဝင်တဲ့ ရေမှာ မပျော်ဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းရွေ့လျား နှုန်းကို ပိုမိုမြန်ဆန်စေနိုင်တာကြောင့် ဝမ်းပိုပျက်နိုင်ပါတယ်။

အယူအဆ
ကော်ဖီကြောင့် ဝမ်းပျက်တာ ပိုဆိုးရွားနိုင်ပါတယ်။
မှန်ပါတယ်
ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာနဲ့ ချောကလက်မှာ ပါဝင်တဲ့ ကဖင်းတွေက ဝမ်း ပိုမိုသွားစေနိုင်ပါတယ်။ ကဖင်းက အူထဲမှာ အစာခြေနှုန်းမြန်အောင် လှုံ့ဆော်နိုင်တဲ့ အတွက် ဗိုက်ထဲက မစင်တွေ အပြင်ကို မြန်မြန်ထွက်သွားနိုင်ပါတယ်။

အယူအဆ
ဝမ်းပျက်တာကြောင့် ဖျားနေရင် ဆေးသောက်ကို သောက်ရပါမယ်။
မှားပါတယ်
ဝမ်းပျက်တာက အချိန်တန်ရင် သူ့အလိုလိုပျောက်သွားနိုင်တဲ့အတွက် ပုံမှန်အား ဖြင့် ကုသဖို့တော့ မလိုအပ်ပါဘူး။ ဆေးဆိုင်ပေါ်မှာ အလွယ်တကူရနိုင်တဲ့ ဝမ်းပိတ်ဆေးတွေက သင့်ဝေဒနာကို သက်သာနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာ အဖျား ရှိရင်၊ သွေးဝမ်းသွားနေရင် ဒီဆေးတွေ မမှီဝဲပါနဲ့။ သင့်ကလေးငယ်တွေကိုလည်း ဆရာဝန်က မညွှန်ကြားဘဲ ဒီဆေးတွေ မတိုက်ပါနဲ့။

အယူအဆ
လက်စင်အောင် ဆေးကြောတာက သင့်ကို ကျန်းမာစေနိုင်ပါတယ်။
မှန်ပါတယ်
လက်ကို စင်ကြယ်အောင် ဆေးကြောတာက ဝမ်းပျက်စေနိုင်တဲ့ပိုးမွှားတွေကို ဖယ်ရှားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ လေ့လာမှုအရ လက်ဆေးတာကြောင့် ဝမ်းပျက်နိုင်ခြေ ၄၀ ရာခိုင်နှုန်းအထိလျော့ကျနိုင်တယ်လို့ သိရပါတယ်။ ရေနဲ့ဆပ်ပြာ ကို အသုံးပြုပြီး သင့်လက်ကို စင်ကြယ်အောင် ဆေးကြောပါ။

အယူအဆ
ဒိန်ချဉ်က ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို သက်သာစေနိုင်ပါတယ်။
မှန်ပါတယ်
ဒိန်ချဉ်ဟာ ဝမ်းပျက်တာကို အမြန်သက်သာဖို့ ကူညီနိုင်ပါတယ်။ သူ့မှာပါဝင် တဲ့ လူ့အကျိုးပြုဘက်တီးရီးယားတွေကြောင့်ပါ။ လေ့လာမှုအရ ဒိန်ချဉ်က ပဋိဇီ၀ သောက်သုံးတာကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ ဝမ်းပျက်တာ မဖြစ်အောင် ကာကွယ်နိုင် တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal